December 10, 2020

ကြီးထွားနှုန်းမြန်ပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့် ဝက်မျိုးများ ရွေးချယ်မွေးမြူမည်ဆိုလျှင်

ထွန်းလှိုင်(မြိုင်)

        မြန်မာပြည်ရှိ တောင်သူလယ်သမားများ၊ မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်ဒေသများ၊ မွေးမြူရေးသမားများတို့သည် ဝက်များကို တစ်ကောင်စ၊ နှစ်ကောင်စမှစ၍ တစ်နိုင်တစ်ပိုင် မွေးမြူလျက်ရှိကြသည်။ ဝက်သည် စားသုံးရသည့်အစာကို အသားအဖြစ် ပြောင်းလဲရာတွင် ပြောင်းလဲနှုန်း အလွန်ကောင်းသည့်တိရစ္ဆာန်မျိုးဖြစ်သည်။ လူနှင့် အခြားတိရစ္ဆာန်များမကြိုက်သည့် အစားအစာများ၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများကို နှစ်ခြိုက်စွာ စားသောက်တတ်သည့် တိရစ္ဆာန်မျိုးဖြစ်သည်။ ထို့ကြောင့် မွေးမြူရာတွင် ကုန်ကျစရိတ်နည်းပြီး စီးပွားရေးအရ တွက်ခြေကိုက်လှပေသည်။ ကြီးထွားနှုန်းမြန်ပြီး အရွယ်ရောက်မြန်၊ အသား၊အဆီမျှတသည့် ကြိုက်နှစ်သက်ရာဝက်မျိုးများ ရွေးချယ်မွေးမြူနိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။

        ဝက်ဖြူကြီးမျိုး၊ တမ်းဝေါ့၊ ပိုလန်ချိုင်းနား၊ ချက်စ်တာဝိုက်တို့သည် အဆီများသည့် ဝက်မျိုးများဖြစ်ပြီး ဂျူရော့ဂျာစီ၊ ဘတ်ရှိုင်းယား၊ ဟမ်ရှိုင်းယား၊ မစ်ဒယ်ဝှိုက်၊ ပီယာထရိန်းတို့သည် အသားများသည့် ဝက်မျိုးများ၊လင်းဒရေ့စ် (နားရွက်လဲဝက်ဖြူကြီး)၊ ရော့ရှိုင်းယားတို့သည်အဆီ၊ အသားမျှတသည့် ဝက်မျိုးများဖြစ်ကြသည်။

        ဝက်မွေးမြူရေးလုပ်ငန်းတွင် ဝက်များ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု တည်ဆောက်မှုအနေအထားအရ အဆီများသောဝက်မျိုး၊ အသားများသော ဝက်မျိုး၊ အဆီအသားမျှတသော ဝက်မျိုးဟူ၍ သုံးမျိုးခွဲခြားကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ ဝက်မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများတွင် မိမိထုတ်လုပ်မည့် ထုတ်ကုန်အမျိုးအစားအလိုက်သင့်တော်ဆုံး ဝက်အမျိုးအစားကိုရွေးချယ်ထုတ်လုပ်ကြရန် လိုအပ်၏။ ရွေးချယ်ရာတွင် ဒေသအတွင်း အလွယ်တကူရရှိနိုင်ပြီး ကြီးထွားမှု၊ ခံနိုင်ရည်ရှိမှု၊ မွေးဖွားမှုနှုန်း စသည်တို့ကောင်းမွန်သော မျိုးစပ်များကိုသာ ရွေးချယ်သင့်ပါသည်။

ဓာတ်ပုံ - businessinsider

        ယနေ့ကောင်းမွန်သော ဂျူရော့ဂျာစီ၊ ရော့ရှိုင်းယား၊ လင်းဒရေ့စ် မျိုးသန့်များဖြင့် ပေါက်ဖွားသော DYL မျိုးများကို ရွေးချယ်မွေးမြူနေကြသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းမွေးမြူလျက်ရှိသော လင်းဒရေ့စ်ဝက်မျိုးသည် မူရင်းဒိန်းမတ်နိုင်ငံတွင် မွေးမြူကြပြီး ယခုအခါ အမေရိကန်၊ အနောက်ဥရောပသို့ ပျံ့နှံ့လျက်ရှိပြီး လူသိများသောမျိုးဖြစ်သည်။ တစ်ကိုယ်လုံး အဖြူရောင်ရှိပြီး မျက်နှာပေါ်သို့ စိုက်ကျနေသည်။ နှာတံနှင့် နှုတ်သီး အနည်းငယ်ရှည်ပြီး ဖြောင့်နေသည်။ ဝက်မများ ဝမ်းဗိုက်အိုးကြီး၍ သားပေါက်နှုန်းကောင်းသည်။ အခြားဝက်မျိုးများထက် အရိုးအဆစ်သေးငယ်သော်လည်း ခြေတံလက်တံ အလယ်အလတ်ဖြစ်၍ တောင့်တင်းသန်မာပြီး သားမွေးနှုန်း၊ အသားတိုးနှုန်းကောင်းသည်။

        ဟမ်ရှိုင်းယားဝက်မျိုးသည် မူရင်းအင်္ဂလန်နိုင်ငံမှဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်းစုံမှ မွေးမြူသည်။ မျိုးစပ်လုပ်ငန်းအတွက် ဝက်သိုးများကို အသုံးပြုသည်။ ကိုယ်လုံးအမည်းရောင်၊ ရှေ့လက်၊ လက်ပြင်၊ ကုတ်ပိုးပတ်လည် အဖြူရောင်၊ နားရွက်အမည်းသည် အပေါ်သို့ ထောင်နေပြီး အရွယ်အလယ်အလတ်ဖြစ်သည်။ ခြေဆစ်၊ လက်ဆစ်၊ ခြေထောက်များ သန်မာပြီး နှာတံ၊ နှုတ်သီး အနည်းငယ်ရှည်သည်။ ကိုယ်ခန္ဓာကြီးပြီး ခါးအလျားသင့်ရုံသာရှိ၍ အသားထွက်ကောင်းသည်။

        ပီယာထရိန်းဝက်မျိုးသည် မူရင်းဘယ်လ်ဂျီယံနိုင်ငံမှဖြစ်ပြီး ဥရောပ၊ အရှေ့ပိုင်းနိုင်ငံများတွင် အများဆုံးမွေးမြူလျက်ရှိသည်။ အသားများသည့် ဝက်မျိုးအုပ်စုဖြစ်ပြီး အဖြူရောင်ကိုယ်ပေါ်တွင် အမည်းကွက်အပြောက်များ ရှိသည်။ နှုတ်သီးတို၊ ကိုယ်ခန္ဓာနှင့် အမွေးများလည်း တိုသည်။ ၄င်းပြင် ခြေတံလက်တံများလည်းတို၍ တုတ်ခိုင်သည်။ နားရွက်အလယ်အလတ်ဖြစ်၍ ရှေ့သို့ထိုးထွက်နေသည်။ ပေါင်သား၊ လက်ပြင်သား၊ ကုတ်သားများ ဖွံ့ဖြိုးကြီးထွားသည်။ သားမွေးနှုန်း၊ ကြီးထွားနှုန်းကောင်းသည်။

        ချက်စ်တာသည် ဝက်ဖြူကြီးမျိုးဖြစ်သည်။ မူရင်း အင်္ဂလန်နိုင်ငံယောက်လ်ရှိုင်းယားနယ်မှ စတင်မွေးမြူကြပြီး တစ်ကိုယ်လုံးဖြူသည်။ မျက်နှာအနည်းငယ်ခွက်၍ နှာတံရှည်သည်။ နှာသီးကျယ်သည်။ နားရွက်မှာ အလတ်စားဖြစ်၍ ရှေ့သို့ အနည်းငယ်စိုက်သည်။ ကျောအလျားရှည်၍ ကျယ်ပြန့်သည်။ တင်ပါးကျယ်၍ ညီညာစွာဆင်းသည်။ ခြေလေးချောင်းဖြောင့်မတ်တောင့်တင်းစွာရှိပြီး အသွားအလာဖြတ်လတ်သည်။ အတော်အတန် အကြမ်းခံနိုင်၍ အစာရေစာကို လွယ်ကူစွာ ရှာဖွေစားသောက်နိုင်သည်။

        ဘတ်ရှိုင်းယားဝက်မျိုးသည် မူရင်းအင်္ဂလန်နိုင်ငံမှ စတင်မွေးမြူကြသည်။ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်ပြီး ခြေလေးချောင်း၊ အမြီးဖျား၊ နှာဖျားတို့တွင် ဖြူသောအရောင်ပါရှိသည်။ ခြောက်ကွင်းဖြူဟုခေါ်ကြသည်။ အရေပြားချော၍ တွန့်ခေါက်ခြင်းမရှိ၊ အမွေးပါး၍ ဗွေမပါချေ။ ဦးခေါင်းအသင့်အတင့်တိုပြီး မျက်နှာအနည်းငယ် ချိုင့်ဝင်သည်။ နှာတံကျယ်သည်။ မျက်စိနှစ်လုံးနှင့် နားရွက်နှစ်ခုအကြား ကျယ်သည်။ နားရွက်မှာအသင့်အတင့်ကြီး၍ မတ်မတ် သို့မဟုတ် ရှေ့သို့ အနည်းငယ်စိုက်နေသည်။ ကျောအလျားရှည်၍ တစ်တန်းတည်း သို့မဟုတ် ကော့နေသည်။ ရာသီဥတုဒဏ်ခံနိုင်ပြီး ကျေးလက်ဒေသအကြိုက်များသည်။

        လတ်ချ်ဘလက် ဗိုလ်ကိတ် သို့မဟုတ် ဝက်နက်ကြီးမျိုးသည် မူရင်းအင်္ဂလန်နိုင်ငံမှဖြစ်ပြီး တစ်ကိုယ်လုံး အနက်ရောင်ရှိ၍ အမွေးရှည်၍နုသည်။ နဖူးကျယ်၍ နားရွက်မှာ နှုတ်သီးဖျားအထိရှည်၍ ရှေ့သို့ကျသည်။ ဦးခေါင်းနှင့် ခန္ဓာကိုယ်ရှည်ပြီး မျက်နှာခွက်သည်။ သားပေါက်နှုန်းကောင်းသည့်အတွက် မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီသည်။ ယနေ့အထိကျေးလက်များတွင် ဗိုလ်ကိတ်မျိုးဟု လူသိများသည်။

        တမ်းမ်ဝေါ့ဝက်မျိုးသည် မူရင်းအင်္ဂလန်နိုင်ငံမှဖြစ်ပြီး ခန္ဓာကိုယ်နီဝါရောင်၊ နှုတ်သီးချွန်၍ တောဝက်နှင့်တူသည်။ အမွေးချောဗွေမရှိ၊ နှာတံရှည်၍ဖြောင့်သည်။ မျက်နှာအနည်းငယ်ချိုင့်ပြီး နားရွက်ထောင်သည်။ ကျောကုန်း အနည်းငယ်ကုန်းသည်။ အကြမ်းခံသော်လည်း သားပေါက်ညံ့ပြီး ငယ်အစဉ်အခါ ကြီးထွားနှုန်းနှေးခြင်းနှင့် တစ်နှစ်နီးပါးရောက်မှ ကြီးခြင်းတို့ကြောင့် မမွေးသင့်ပါ။

        ရွှေနီဝက်မျိုးသည် မူရင်း အမေရိကန်မှဖြစ်ပြီး တစ်ကိုယ်လုံး နီညိုရောင်နှင့် နားရွက်များ ရှေ့သို့ ငိုက်နေသည်။ ရာသီဥတု၏ ပြင်းထန်မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ ကြီးထွားနှုန်းသည် အခြားဝက်များထက် ပိုမြန်ပြီး သားပေါက် သားထိန်းကောင်းသည်။ သားစပ်ရာတွင် အထီးလိုင်းသုံးသည်။ အသားထွက်နှုန်းကောင်းသဖြင့် အသားတိုးမျိုးအဖြစ် အများဆုံးအသုံးပြုသည့် DYL ဝက်မျိုးကို နှစ်လသား (၁ဝ ကီလိုဂရမ်)အရွယ်တွင် စတင်မွေးမြူပါက ခုနစ်လအကြာတွင် စျေးကွက်ပို့အလေးချိန် ၉ဝ ကီလိုဂရမ် (၅၅ ပိသာ)ရရှိနိုင်ပါသည်။ ကျန်းမာရေးကောင်းမွန်ခြင်း၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းကြောင့် ရှင်သန်ကြီးထွားနှုန်း အထူးကောင်းမွန်သည်။ သို့ဖြစ်၍ မွေးမြူသူများအနေဖြင့် မိမိဒေသနှင့် ကိုက်ညီသည့် ကြီးထွားနှုန်းမြန်သည့် ဝက်မျိုးများကို ရွေးချယ်မွေးမြူနိုင်ရန် ရည်ရွယ်၍ တင်ပြလိုက်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၆)

No comments:

Popular Posts