လယ်တွင်းသားစောချစ်
ကျောင်းရှေ့တွင် ကျောင်းသူလေးနှစ်ယောက်က ဖဲကြိုးကို တင်းနေအောင် ကိုင်ထားသည်။ ဖဲကြိုးကို မိုးပျံပူဖောင်း ၅၀ က တင်းနေအောင် ဆွဲထား၏။
ဖဲကြိုးဖြတ်မည့် ဦးသေးတာနှင့် မဟာသဘောတို့ အဆင်သင့်ဖြစ်နေကြပြီ။ အခမ်းအနားမှူးက အချိန်ကျပြီဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် မိန်းကလေးနှစ်ယောက်က လင်ပန်းထဲမှ ကတ်ကြေးများကို ပေးကြသည်။ ဦးသေးတာနှင့် မဟာသဘောတို့ တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်ကြ၍ ပရိသတ်များက ရယ်ကြသည်။
နှစ်ယောက်ပြိုင်တူ ဖဲကြိုးကို ဖြတ်လိုက်ကြသည်။
မိုးပျံပူဖောင်းများ ကောင်းကင်သို့ တက်သွားကြသည်။ ဧည့်သည်များ၊ ဆရာ ဆရာမများ၊ မိဘများ၊ ကျောင်းသားကျောင်းသူများအားလုံး လက်ခုပ်တီး၍ ကောင်းချီးပေးကြသည်။
ပူဖောင်းများ၏ အောက်တွင် စာတန်းတစ်ခု ချိတ်ဆွဲ၍ ပါသွား၏။ “ပညာသမာ အာဘာနတ္ထိ” “ပညာနှင့်တူသော အရောင်အလင်းမည်သည်မရှိ”ဟူသော ဆောင်ပုဒ်သည် ကောင်းကင်အမြင့်ဆီသို့ လွင့်တက်သွားလေပြီ။
ကျောင်းဝင်းအတွင်းသို့ ဝင်ရောက် လေ့လာကြသော ဧည့်သည်များကို ဧည့်ခံသူများက ကြိုဆိုနေရာပေး၍ ကျွေးမွေးဧည့်ခံကြသည်။ ဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများကို မုန့်ထုပ်များ ဝေပေးကြသည်။
မနက် ၁၀ နာရီတွင် မဏ္ဍပ်တွင်းမှာ နေရာယူကြပြီး အခမ်းအနားစတင်ပါသည်။ တိုင်းပညာဝန်၊ ခရိုင်ပညာဝန်၊ ကျောင်းအုပ်ဆရာကြီးနှင့် မြို့နယ်အဆင့်မှ တာဝန်ရှိသူများစကားပြောကြသည်။ ဆုရသော ကျောင်းသားကျောင်းသူများနှင့် ဆုရသော ဆရာ၊ ဆရာမများကို လူကြီးများက ဆုပေးကြသည်။ ချီးကျူးဂုဏ်ပြုသော လက်ခုပ်သံများ ဆူညံနေ၏။
အားလုံးစိတ်အဝင်စားဆုံးနှင့် သဘောအကျဆုံးမှာ ကလေးများ၏ ကဗျာရွတ်ခြင်း၊ စုပေါင်းသီချင်းဆိုခြင်း၊ ကခုန်ကြခြင်းနှင့် တေးသရုပ်ဖော် အစီအစဉ်များဖြစ်သည်။ အော်ဟစ်သံ၊ အားပေးသံများ ဆူညံနေသည်။
နေ့ခင်းပိုင်းတွင် ကိုနက်စိန်တို့ဖိတ်ကြားလာသော ခြင်းအဖွဲ့များ ဧည့်ခံကြသည်။ ဆိုင်းအတီးနှင့် ခတ်ကြခြင်းဖြစ်သည်။ မဏ္ဍပ်ထဲမှာ ခြင်းပွဲကြည့်သူများနှင့် စည်ကားလှ၏။
ညပိုင်းတွင် ရုပ်ရှင်၊ အငြိမ့်တို့နှင့် ဖျော်ဖြေသည်။
ကျောက်မီးရွာအလယ်တန်းကျောင်းဖွင့်ပွဲမှာ မိဘဆရာ၊ ကျောင်းသား၊ ကျောင်းသူ၊ လူကြီးလူငယ်အားလုံး ပျော်မဆုံးဖြစ်နေကြပါသည်။
စာတစ်စောင်
ကျောင်းဖွင့်ပွဲပြီးနောက် ကျွန်တော်တို့ကျောင်းမှာ အလယ်တန်းကျောင်းပီပီ ဖြစ်သွားပြီ။ တိုင်းပညာဝန်က ဤမျှအချိန်အတွင်းမှာ အလယ်တန်းကျောင်းပီပီ ဖော်ဆောင်ပေးနိုင်သည့်အတွက် ချီးကျူးစကားပြောပါသည်။ အလယ်တန်းဆရာများ ဖြည့်ဆည်းပေးမည်ဟု ပြောပါသည်။ ခုထိတော့ တစ်ယောက်မျှ ရောက်မလာသေးပါ။ သို့သော် ကိုယ့်ကျောင်း၊ ကိုယ့်ဆရာနှင့် ကိုယ့်တပည့်များ ပညာသင်ကြားသည်မှာ အသားကျ၍ အရှိန်ရနေပါပြီ။
မနက်ပိုင်းနေခြည်နုချိန်မှာ အလံတိုင်ပတ်ချာလည်ရှိ ပန်းခြံလေးကို တာဝန်ကျအသင်းနှင့်အတူ ပေါင်းသင်မြေဆွလုပ်နေစဉ် -
''မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်''
ဒေါ်ခင်စန်း၏ ပထမတန်းကလေးများထံမှ သီချင်းသံထွက်ပေါ်လာပါသည်။
ကလေးများက အမူအရာနှင့် တက်တက်ကြွကြွဆိုနေကြသည်။
ပန်းပင်စိုက်နေကြသော ကျွန်တော့်တပည့်များက ကလေးများဆီသို့ လှမ်းကြည့်နေကြသည်။ ကလေးများ သီချင်းဆိုသံ ရပ်သွားသည်။ ဒေါ်ခင်စန်းကလေးများကို ရှင်းပြနေဟန်တူပါသည်။ ခဏအကြာတွင် ကလေးများထံမှ သီချင်းဆိုသံ ထွက်လာသည်။ စိတ်ပါလက်ပါ သီဆိုနေကြ၍ နားထောင်ကောင်းလှသည်။
ပန်းခင်းလေးကို ကျွန်တော်နှင့် တပည့်လေးများ ပေါင်းရှင်း၊ မြေဆွရေလောင်း၍ ပြီးကြပြီ။ အတန်းထဲပြန်ဝင်ရတော့မည်။
''ဆရာကြီး ကျွန်မတို့လည်း သီချင်းဆိုချင်တယ်''
ခင်အုန်းမြင့်က တောင်းဆိုသည်။
''ကျန်တဲ့လူတွေရော''
''ဆိုချင်ပါတယ် ဆရာကြီး''
''လေးချက်ကိုပဲ နှစ်ခေါက်ပြန်ဆိုကြမယ်''
ကျွန်တော် ဦးဆောင်၍ နှစ်ခေါက်ဆိုကြသည်။
''မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်''
နှစ်ခေါက်ဆိုကြသည်။ နှစ်ခေါက်လုံး ညီညီညာညာ တက်တက်ကြွကြွ ရှိကြသည်။
''ကဲ အတန်းထဲမဝင်ခင် လက်ဆေးကန်မှာ လက်ဆေးပါ''
လက်ဆေးကန်ဘေးမှာ ကျွန်တော်က ဆပ်ပြာခံထားပေးသည်။
ကျောင်းထဲပြန်ရောက်သောအခါ ကျောင်းအုပ်ဆရာကြီးခေါ်သည်ဟု ကလေးတစ်ယောက်ပြော၍ ဆရာကြီးရုံးခန်းထဲသို့ ဝင်ခဲ့သည်။
ဆရာကြီးရှေ့မှာ ရုံးစာတစ်စောင်။
''အမှန်တော့ ဒီစာက ဝမ်းသာစရာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာလည်း ဖြစ်နေတယ်။ ရော့ ဖတ်ကြည့်ပါဦး''
စာကို ဆရာကြီးက ကျွန်တော့်ထံပေးသည်။
ကျွန်တော်ဖတ်ကြည့်သည်။ ကျွန်တော့်ကို ရန်ကုန်မြို့ ဗဟိုနိုင်ငံရေးသိပ္ပံမှာ လက်ထောက်ကထိက တာဝန်ထမ်းဆောင်ရန်အတွက် သင်တန်းတက်ရမည်။ သင်တန်းသို့ မသွားရသေးမီ နယ်မြေအတွက် အတွေ့အကြုံရသလောက် ယူရန် မလှိုင်မြို့မှာ ပါတီယူနစ်ကော်မတီအဖြစ် တာဝန်ယူရမည်။ အမြန်ဆုံးသွားရောက်ရမည်ဆိုသည်က ပါသေးသည်။
ကိုယ့်အတွက် ရာထူးတိုး၍ ဝမ်းသာသော်လည်း ကလေးများအတွက် ကျောင်းအတွက်၊ ရွာသားများအတွက် စိတ်မကောင်းပါ။ အမှန်အတိုင်းဆိုရလျှင် ဤရွာ ဤကျောင်းမှာ ကျွန်တော်ပျော်နေပါပြီ။ ကိုယ်နှင့်တစ်သားတည်းကျသော နေရာဟုပင် ထင်နေမိပါသည်။
''အချိန်က အမြန်ဆိုတော့ မန္တလေးတိုင်းပါတီရုံးက မီးရထားလက်မှတ် ဝယ်ယူခွင့်အတွက် စလစ်ပါထည့်ပေးလိုက်တယ်။ မနက်ဖန် ညနေခြောက်နာရီရထားနဲ့ မန္တလေးကနေ သာစည်ကို စီးရမယ်။ သာစည်ဘူတာမှာမလှိုင်မြို့က လာကြိုမယ်လို့ ပြောတယ်''
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၂)
No comments:
Post a Comment