November 13, 2020

အရိုးပွခြင်းနှင့် ခန္ဓာကိုယ်သန်စွမ်းမှု

ဒေါက်တာလွင်သန့်

        အရိုးပွခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အရိုးကျိုးခြင်းတို့ဟာ အသက်ကြီးလာရင် ဖြစ်တတ်ပေမယ့် အမျိုးသမီးကြီးတွေ မီးယပ်သွေးဆုံးပြီးချိန် အဖြစ်များတတ်ပါတယ်။ တကယ်ဆိုရင် အရိုးတစ်သျှူးဟာ ခန္ဓာကိုယ်တွင်းအမာဆုံးဖြစ်သလို သက်ရှိတစ်သျှုးလည်း ဖြစ်တယ်။ သက်ရှိတစ်သျှူးဆိုတာ ခန္ဓာကိုယ်မှအာဟာရရယူခြင်း၊ အသွင်ပြောင်းလဲခြင်း၊ အစားထိုးခြင်း စတာတွေရှိနေတယ်။ အရိုးဖြစ်ပေါ်စေတဲ့ ဆဲလ်နဲ့ ပျက်စီးသွားတဲ့ ဆဲလ်နှစ်ခုတို့ဟာ အချိုးညီညီ မဖြစ်တော့ဘဲ များလာကာ Osteoblast က နည်းလာမယ်ဆိုရင်အရိုးပွခြင်းဖြစ်လာတယ်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

        အရိုးပွခြင်းသည် ရောဂါလက္ခဏာမပြဘဲ ပိုးလေးဘက်နာ သို့မဟုတ် သွေးလေးဘက်နာမှာ အဆစ်တွေ ရောင်မယ်၊ နာမယ်၊ မောပန်းလွယ်မယ်။ အရိုးပွရောဂါမှာ အပြင်ပန်းကြည့်ရင် ပုံမှန်အတိုင်း ရှိတယ်။ အရိုးကျိုးစေတဲ့အကြောင်းရင်း ပြင်းပြင်းထန်ထန်မရှိနိုင်ဘဲ အရိုးကျိုးလွယ်တာဟာ အရိုးပွခြင်းရဲ့ လက္ခဏာပဲဖြစ်တယ်။

        အမျိုးသမီးတွေ မီးယပ်ဆုံးချိန် အီစထရိုဂျင် ဟော်မုန်းနည်းသွားလို့ အသက် ၄၅ နှစ်မတိုင်မီ အမျိုးသမီးများ၊ သားအိမ်ဖယ်ရှားလိုက်ရတဲ့ အမျိုးသမီးများ၊ ဓမ္မတာမလာတာ ခြောက်လ၊ ကိုးလနဲ့အထက်ရှိသူတွေ၊ အမျိုးသားတွေမှာ တက်စတိုစတုန်းနည်းသွားခြင်း ဥပမာ အရက်အလွန်အကျွံသောက်ခြင်းသည် ဟော်မုန်းအထွက်နည်းစေတယ်။

        အမျိုးသမီးရော အမျိုးသားပါဖြစ်နိုင်တဲ့ အကြောင်းရင်းမှာ စတီးရွိုက် အချိန်ကြာကြာဆောက် နေရသူတွေ၊ မိသားစုမှာ အရိုးပွရောဂါရှိခဲ့ဖူးသူ၊ အချိန်ကြာကြာ မလှုပ်ရှားဘဲနေရသူ၊ အရက်နဲ့ ဆေးလိပ်ကို အလွန်ကျွံသောက်သူတွေ၊ ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ် အချိုးမကျမှုများသူတွေမှာတွေ့ရတယ်။

ဓာတ်ပုံ - healthline.com

        အရိုးပွရောဂါကို ကာကွယ်ကုသခြင်းမှာ အဆင့်သုံးဆင့်ပါဝင်ပါတယ်။

        ပထမအဆင့်ကာကွယ်ခြင်းမှာ ရောဂါမဖြစ်ခင်ကာကွယ်ခြင်းဖြစ်ပြီး လူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမှာဖြစ်တယ်။ ကျောင်းနေအရွယ်ကတည်းက စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကိုလုပ်ဖို့ အသိပညာပေးရမယ့်အပြင်၊ မလုပ်ရင်ရလာမယ့်ဆိုးကျိုးကို သေချာစွာ ရှင်းပြထားဖို့ လိုအပ်ပါတယ်။

အသိပညာပေး

        နောက်တစ်ခုက လက်ကမ်းစာစောင်တွေဝေကာ၊ ကွန်ဖရင့်လုပ်ကာ အသိပညာပေးတာမျိုး လုပ်ရမယ်။ အခုလိုကြိုတင်ကျန်းမာရေး အသိပညာပေးမှုဟာ ဖြစ်ပေါ်လာမယ့်ရောဂါဝေဒနာကို နှောင့်နှေးနိုင်သမျှ နှောင့်နှေးအောင်၊ နည်းအောင်ထိန်းထားနိုင်ရုံမက ရောဂါခံစားရတာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ငွေကြေးကုန်ကျမှုလည်း သက်သာစေနိုင်တယ်။

        ဒုတိယအဆင့်ကာကွယ်နည်းမှာ ရောဂါစတင်ဖြစ်နေချိန် ရောဂါပိုပြီး ဆိုးမလာအောင် အရိုး၏ သိပ်သည်းဆ ပိုပြီးကျမလာအောင်၊ ထိန်းထားရမယ်။ အစားအသောက်နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ထိန်းထားနိုင်တယ်။ ဘဝနေထိုင်မှု ပြောင်းလဲယူရမယ်။ ဥပမာ နေ့စဉ်နာရီဝက်မှ တစ်နာရီလမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း စတာတွေ နေ့စဉ်လုပ်ပေးရပါမယ်။

        တတိယအဆင့်ကာကွယ်နည်းမှာ ရောဂါဖြစ်ပြီးနောက် ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု ဖြစ်မလာအောင် ကာကွယ်ခြင်းဖြစ်တယ်။ လူတစ်ယောက်က အရိုးပွရောဂါဖြစ်လို့ သူ့ရဲ့ပေါင်ထိပ်ရိုးကျိုးတယ်။ ယင်းကို ကုသလို့ ပျောက်သွားပေမယ့် နောက်နှစ်လအတွင်းမှာ နောက်ထပ်တစ်နေရာကျိုးသွားနိုင်လို့ ကြိုတင်ကာကွယ်ရမယ်။ အရိုးပွရောဂါဟာ သက်ကြီးရွယ်အိုမှာ ဖြစ်တာများတယ်။

လေ့ကျင့်ခန်းများများလုပ်

        သက်ကြီးရွယ်အိုတွေ ခန္ဓာကိုယ်ဟန်ချက်ညီအောင်၊ တည်ငြိမ်အောင် မထိန်းထားနိုင်တဲ့အတွက် လဲကျတာပဲဖြစ်တယ်။ လဲကျရင် အရိုးကျိုးတယ်။ လဲကျစေနိုင်တဲ့ပြဿနာကို အရင်ဆုံးပြုပြင်ကာကွယ်ရမှာဖြစ်တယ်။ မျက်စိမှုန်လို့ ချော်လဲတာဆိုရင် မျက်မှန်တပ်ခိုင်းရမယ်။ ကြွက်သားတွေအားနည်းလို့၊ ဟန်ချက်ညီအောင် မနိုင်လို့ လဲတာဆိုရင် အရိုးသန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရမယ်။ နေ့စဉ် မချော်လဲအောင်၊ ရေချိုးခန်း၊ အိမ်သာတွေမှာ လက်ရန်းတွေ တပ်ထားတာမျိုး လုပ်ထားသင့်ပါတယ်။

ကယ်လ်ဆီယမ်ဓာတ်၏ အကျိုးကျေးဇူး

        ကယ်လ်ဆီယမ်ဟာ အရိုးပွမှုဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။ အရိုးပွရောဂါကို ခန္ဓာကိုယ်သန်စွမ်းမှုနည်းပညာနဲ့ ကုသနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ဖြည့်စွက်အာဟာရစားသုံးခြင်း ပြုလုပ်နိုင်ပါတယ်။ အသက် ၅ဝ နဲ့ ၇ဝ မှာ ကယ်လ်ဆီယမ် ၁၂ဝဝ-၁၅ဝဝ မီလီဂရမ်နှင့် ဗီတာမင် ၈ဝဝ-၁ဝဝ အိုင်ယူတို့ ပါဝင်တဲ့ အားဆေးကျွေးတယ်။ အသက် ၇ဝ နဲ့အထက်မှာ ကယ်လ်ဆီယမ် ၁၂ဝဝ မီလီဂရမ်နှင့် ဗီတာမင် ၂၈ဝဝ အိုင်ယူကျွေးဖို့ လိုအပ်ပါတယ်။

        ကိုယ်ဝန်ဆောင်မိခင်တွေမှာ အသက် ၁၈ နှစ်အရွယ် နေ့စဉ် ကယ်လ်ဆီယမ် ၁၃ဝဝ မီလီဂရမ်နဲ့ ဗီတာမင်ဒီ ၂ဝဝ အိုင်ယူကျွေးဖို့လိုတယ်။ အသက် ၁၉ နှစ်မှ ၅ဝ နှစ်အတွင်း ကယ်လ်ဆီယမ် ၁ဝဝဝ မီလီဂရမ်နဲ့ ဗီတာမင်ဒီ ၂ဝဝ အိုင်ယူကျွေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။

        ကြွက်သားလေ့ကျင့်ခန်းလည်း လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ကြီးလို့ ပျက်စီးလာနိုင်တဲ့ အဆစ်နာ၊ ခါးနာ၊ ဒူးနာ ရောဂါတွေကို မဖြစ်လာအောင် ကြိုတင်ကာကွယ်ပြီးဖြစ်တယ်။ လေ့ကျင့်ခန်းကို ပုံမှန်နဲ့ ဖြည်းဖြည်းမှန်မှန် လုပ်ပေးဖို့လိုတယ်။ ကုသနည်းဆိုင်ရာလေ့ကျင့်ခန်းကို ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဖို့လိုပါတယ်။ ဆောင်ရန်၊ ရှောင်ရန်မှာ အရက်၊ ဆေးလိပ်၊ ကွမ်း ရပ်ပစ်ရမယ်။ အရက်ကို မသောက်မနေနိုင်လျှင် အသင့်အတင့်သာ သောက်သင့်တယ်။ ဖြတ်နိုင်ရင်ကောင်းမယ်။ ကော်ဖီအလွန်အကျွံသောက်ခြင်း ရှောင်ရမယ်။ တစ်နေ့ ကာဖိန်းလေးခွက်ထက် ပိုမသောက်သင့်ဘူး။

        အမြှုပ်တစီစီထွက်တဲ့ဘီယာ၊ အအေးဘူးကို အလွန်အကျွံ မသောက်သင့်ပါဘူး။ တာရှည်ခံအောင်ထားဖို့အတွက် သုံးထားတဲ့ ကာဗွန်နိတ်ကြောင့် အရိုးက ကယ်လ်ဆီယမ်စုပ်ယူမှုကို လျော့နည်းစေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြုအမူ၊ အနေအထိုင်တတ်နိုင်သမျှ ပြုလုပ်ပေးသင့်ပါတယ်။

        ဥပမာ လမ်းလျှောက်ခြင်းကို မှတ်တိုင်နှစ်မှတ်တိုင်ကို ကားမစီးဘဲ လမ်းလျှောက်သွားသင့်တယ်။ ဓာတ်လှေကားတွေသုံးမယ့်အစား ရိုးရိုးလှေကားမှတက်သင့်တယ်။ ဟော်မုန်းအားဆေးတွေ အလွန်အမင်းအသုံးပြုခြင်းရှောင်ကြဉ်သင့်တယ်။ အရိုးပွစေတဲ့အကြောင်းရင်းတွေကို တတ်နိုင်သမျှနည်းအောင် ထိန်းသိမ်းရမယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၁)

No comments:

Popular Posts