October 29, 2020

အသားစားတိုင်းရင်းကြက်မျိုးများ တစ်နိုင်တစ်ပိုင်မွေးမြူခြင်း

ညွန့်ဝင်း (နတ်တလင်း)

        လစာထုတ်ရက်တွင် စာရေးလေး ဦးရဲကိုသူနှင့် စာရေးသူတို့ လက်ဖက်ရည်ဆိုင်မှာဆုံဖြစ်ပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေးအကြောင်း စကားစပ်မိကြသည်။

        ‘‘ဆရာကြီးရေ၊ ကျွန်တော်တော့ လစာလေးအပြင် အပိုစီးပွားရေးဝင်ငွေလေးရအောင် တစ်နိုင်တစ်ပိုင် အသားစားကြက်မွေးထားတယ်’’ဟု ဦးရဲကိုသူက စာရေးသူကို ပြောပြသည်။

        သူမွေးထားသည်မှာ အသားစားတိုင်းရင်းကြက် စပ်မျိုးများဖြစ်ကြောင်း ဆက်လက်ပြောပြသဖြင့် မွေးမြူပုံကို မှတ်သားခဲ့ပါသည်။ ယခင်က အသားစားတိုင်းရင်းကြက်မျိုးများကို ခြံဝင်းစနစ်နှင့် မဟုတ်ဘဲ အလွတ်မွေးမြူဖူးသူ များသည်။ အစာကိုလည်း ကြုံသလိုကျွေးကြပြီး ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ အားဆေးတိုက်ကျွေးခြင်းလည်း မပြုကြချေ။ ကြီးထွားနှုန်းနှေးကွေး၍ စီးပွားရေးတွက်ခြေသိပ်မကိုက်ဘဲ မိသားစုဟင်းစားမျှသာ ဖြစ်ခဲ့သည်။

        ယခုတင်ပြမည့် မွေးမြူနည်းသည် စနစ်တကျမွေးမြူခြင်းဖြင့် အချိန်တိုအတွင်း စီးပွားရေးတွက်ခြေကိုက်စေမည့်နည်းဖြစ်သည်။ ပထမဦးစွာ အသားစားကြက်မွေးမြူရန် နေရာ(အခန်း) ပြင်ဆင်ရသည်။ အလျားပေ ၂ဝ၊ အနံပေ ၂ဝ အခန်းတွင် အကောင်ရေ ၁၅ဝ မှ ၂ဝဝ အတွင်း မွေးနိုင်သည်။ ကြမ်းခင်းကို တမံသလင်းခင်းနိုင်လျှင်ခင်းပါ။ သို့မဟုတ်လျှင် ရေလွတ်ရုံလောက် အဆင့်ခင်းထားရမည်။

        ခေတ်မီသားဖောက်နည်းဖြင့် ဖောက်ထားသော အသားစားတိုင်းရင်းကြက် စပ်မျိုးသားပေါက်များကို ရွေးချယ်ဝယ်ယူရမည်။ ပြင်ဆင်ထားသောအခန်းကို လေ၊ မိုး၊ အလင်းရောင် လုံခြုံအောင် ပြုလုပ်ရမည်။ လေဝင်လေထွက်ကောင်းရန် အပေါက်ရှိရမည်။ ကြက်သားပေါက်များကို ပထမ ၂၅ ရက်အတွင်း အလင်းရောင်လုံအောင် ကာပေးထားပြီး နေ့ရောညပါ လျှပ်စစ်မီးထွန်းပေးထားရမည်။ အကောင်ရေ ၁ဝဝ လျှင် ၁ဝဝ ဝပ် မီးသီးတစ်လုံးနှုန်း ထွန်းရမည်။ သတ်မှတ်ရက်အလိုက် လည်လိမ်နာကာကွယ်ဆေး၊ ဖင်ဆီဖူးရောင်ကာကွယ်ဆေးစသည်တို့ကို စနစ်တကျ တိုက်ကျွေးရမည်။ အကောင်အားလုံး တိုက်ကျွေးရန်နှင့် သတ်မှတ်ဆေးချိန် ပြည့်ဝစနစ်ကျစေရန် တစ်ကောင်ချင်း အစက်ချတိုက်ကျွေးနည်းကို သုံးရမည်။ ပထမ ၂၅ ရက်အတွင်း စနစ်တကျဖော်စပ်ထားသော မွေးမြူရေးကြက်စာကိုသာ သီးသန့်ကျွေးပေးရမည်။ ရေတိုက်ကျွေးရန် သန့်ရှင်းသည့် အိမ်သုံးရေကို အသုံးပြုနိုင်သည်။

ဓာတ်ပုံ - Wp

        တစ်လသားရှိလျှင် မီးထွန်းပေးရန် မလိုတော့ပါ။ ကာထားသော အကာများကိုလည်း ဖယ်ရှားလိုက်ပါ။ ပြင်ပအလင်းရောင်နှင့် လေကောင်းလေသန့်ရရှိရန် လိုအပ်ပါသည်။ သို့သော် ပြင်ပကြက်များ ရောနှောဝင်ရောက်နိုင်ခြင်းမရှိအောင် ဂရုစိုက်ရမည်။ ကြက်များကြီးပြင်းလာချိန်တွင် တစ်ကောင်နှင့် တစ်ကောင် ခွပ်ခြင်း၊ တစ်ကောင်ကို အခြားအကောင်များက ဝိုင်း၍ထိုးဆိတ်ခြင်းများကို သတိထား ကြည့်ရှုတားဆီးရမည်။ ခွပ်၍ ထိုးဆိတ်ကာ ဒဏ်ရာရတတ်သဖြင့် ကြက်များကို သီးသန့်တစ်နေရာစီခွဲထားရမည်။ ဒဏ်ရာပျောက်ကင်းသွားပါက အခြားအကောင်များနှင့် အတူတကွ ပြန်ထားနိုင်သည်။ လသားရင့်လာလျှင် အစာနှင့် ရေကို တိုးမြှင့်ကျွေးမွေးရမည်။ မွေးမြူရေးအစာနှင့် ဆန်ကွဲကို တစ်အချိုးတစ်၊ တစ်အချိုးနှစ် စနစ်ဖြင့် ကျွေးမွေးနိုင်သည်။ အစာဖိုးကုန်ကျမှု အလွန်အမင်းမများစေရန် ရောစပ်ကျွေးရခြင်းဖြစ်သည်။ သို့သော် အလွတ်အိမ်မွေးကြက်များကဲ့သို့ ပြင်ပစာများ မကျွေးရပါ။ ရောဂါဝင်ရောက်၍ သေပျောက်နှုန်းများနိုင်သောကြောင့် ဖြစ်သည်။

        မွေးမြူရက် နှစ်လသားခန့်တွင် တစ်ကောင်လျှင် ပျမ်းမျှအလေးချိန် ၅ဝ ကျပ်သားကျော် ရှိလာမည် ဖြစ်သည်။ ကြက်များ ရောဂါကင်း၍ ကြီးထွားနှုန်းကောင်းရန် ရောဂါကာကွယ်ရေး၊ အားဆေးများ၊ အစာများ စနစ်တကျ တိုက်ကျွေးရန် လိုအပ်သကဲ့သို့ ကြက်ခြံသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရမည်။ အောက်ကြမ်းပြင်တွင် စပါးခွံ (ဖွဲ) ခပ်ပါးပါးခင်းထားခြင်းဖြင့် နှစ်ရက်၊ သုံးရက်ခြား ကြက်ချေးသိမ်းခြင်း လုပ်နိုင်သည်။ ကြက်ချေးနှင့် စပါးခွံအဟောင်းများကို ကျုံး၍အိတ်များနှင့် စနစ်တကျထည့်ထားကာ သဘာဝမြေသြဇာအဖြစ် လယ်ယာခြံမြေများတွင် ချပေးနိုင်သည်။ ကြက်ခြံအောက်ကြမ်းပြင်တွင် စပါးခွံ(ဖွဲ)အသစ်လဲလှယ်ခြင်းကို ပုံမှန်ပြုလုပ်ပေးပါ။ အနံ့အသက်ဆိုးများကင်းဝေးပြီး သန့်ရှင်း၍ ရောဂါကင်းရန် ဖြစ်ပါသည်။ ရောဂါနှင့် ကြီးထွားမှုအတွက် ဖြေရှင်းရန် ခက်ခဲခဲ့လျှင် ကျွမ်းကျင်သည့်ပညာရှင်(ဆရာဝန်)ကို ပြသပြီး လိုအပ်သလို ဆောင်ရွက်ရမည်။

        စာရေးလေး ဦးရဲကိုသူ၏ ပြောပြချက်အရ သုံးလကြာမွေးမြူပြီးလျှင် တစ်ကောင်လျှင် ပျမ်းမျှအလေးချိန် ၈ဝ ကျပ်သားခန့်ရရှိပြီး ရောင်းတန်းဝင်ပြီဟု ဆိုပါသည်။ အဝယ်ဒိုင်များက ၅ဝ ကျပ်သားနှင့် ၈ဝ ကျပ်သားအကြား အကောင်များကို စျေးကောင်းပေး၍ ဝယ်သည်ဟု သိရသည်။ ထို့ကြောင့် သုံးလခန့်မွေးမြူပြီးလျှင် ရောင်းထုတ်၍ ငွေပေါ်နိုင်ပေသည်။ ဆက်လက်မွေးမြူလျှင် ရသော်လည်း အစာကုန်ကျမှုများလာခြင်း၊ တစ်ပိဿာဝန်းကျင်ရှိသည့် အကောင်များကို စျေးကောင်းမပေးတော့ခြင်းတို့ကြောင့် အမြတ်အစွန်းနည်းနိုင်သဖြင့် ဆက်မမွေးသင့်ကြောင်း သိရသည်။ တစ်နှစ်လုံး အဆက်မပြတ်မွေးမြူချင်သူများသည် ကောင်ရေညီတူ မွေးမြူနိုင်သည့် ခြံသုံးခြံ စီမံထားပြီး လခြား၍ ဆင့်ကဲမွေးမြူနိုင်ပါသည်။ ကုန်ကျမှုစရိတ်သင့်တင့်ပြီး သုံးလအတွင်း ငွေပေါ်၍ တွက်ခြေကိုက်သော အသားစားစပ်မျိုး (တိုင်းရင်းကြက်)မွေးမြူခြင်းကို ပြုလုပ်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၂)

No comments:

Popular Posts