October 31, 2020

မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်

လွန်းပိုးအိမ်

        “ကြာငါးမည် ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာလေ၊ ကွန့်မြူးမြင်းမိုရ်မီးညီးတဲ့ခါချိန်၊ ရှိခိုးရယ်နှိမ် သုံးကြိမ်ရိုပြောင်း၊ သက္ကစ္စဂါဝါနှင့် စဉ်အလာ ပူဇော်ပွဲကိုနွှဲကြပေတောင်း”

ဖိုးသူတော်ဦးမင်း

        မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သလို အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်တို့သည် ပဝါရဏာပြုပွဲများ ကျင်းပကြသည်။ မြန်မာဗုဒ္ဓဘာသာဓလေ့ အတိုင်း မွန်မြတ်သော စိတ်နေသဘောထားဖြင့် ဂါရဝေါစ၊ နိဝါတောစ တရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ဂါရဝ ပြုလေ့ရှိကြသည်။

မြတ်စွာဘုရားရှင်အား ပူဇော်ကြိုဆို

        မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို မွေးကျေးဇူးဆပ်သည့်အနေဖြင့် တရားဟောရန် မယ်တော်နတ်သားရှိရာ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သားအမှူးပြုသော နတ်ဗြ ဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည်။ ထိုသို့ ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူမည်ဟု မိန့်ကြားသောအခါ အကြောင်းစုံသိသော သိကြားမင်းသည် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း ဟူ၍ စောင်းတန်းသုံးသွယ် ဖန်ဆင်းတော်မူသည်။ မြတ်ဗုဒ္ဓနှင့်အတူ နတ်ဗြဟ္မာအပေါင်းတို့ကလည်း လိုက်ပါဆင်းသက်ခဲ့ကြသည်။

        မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်မည့်အချိန်၌ မြင်းမိုရ်တောင်ထိပ်တွင် ရပ်တော်မူကာ ရေမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။ သင်္ကဿနဂိုပြည်ရှိစောင်းတန်း၌ ခြေတော်ကို ချမိလျှင်ပင် မြတ်စွာဘုရားရှင်၏ တပည့်ကြီးရှင်သာရိပုတ္တရာမထေရ်က ရှေးဦးစွာ ပူဇော်ကန်တော့သည်။ ထို့နောက် မင်း၊ မိဖုရား၊ မှူးမတ်များနှင့်တကွ သာဝတ္တိပြည်၊ ဝေသာလီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည်များမှ တိုင်းသူပြည်သားအပေါင်းတို့မှ စုရုံးကြိုဆိုကြသည်။ မီးရှူးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ ထွန်းညှိပြီး မြတ်စွာဘုရားရှင်ကို ပူဇော်၍ ကြိုဆိုကြသည်။

သီတင်းကျွတ်လနှင့် မီးထွန်းပွဲတော်

        မြတ်စွာဘုရားရှင်အား မီးရှူး၊ မီးပန်း၊ မီးပုံး၊ ဆီမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးထွန်းညှိပူဇော်ခြင်း အလေ့အထဖြစ်လာခဲ့တော့သည်။ မီးထွန်းပွဲတော် ဆင်ယင်ကျင်းပစဉ် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေများ၊ စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင်များပါ မကျန် ဆီမီးရောင်များနှင့် ဝင်းလက်နေသည်။ ဤဓလေ့သည် မြန်မာမင်းများလက်ထက် ပုဂံခေတ်မှသည် ယနေ့တိုင်ဖြစ်ပေသည်။ အင်းဝခေတ်မှ ကုန်းဘောင်ခေတ်တိုင်အောင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဘုရင်မင်းမြတ်ကိုယ်တိုင် ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သည်။ မင်းရင်ပြင်တော်ပေါ်တွင် ကြီးမားလှသော ပြာသာဒ်ကြီးများကို တည်ဆောက်ကာ လှေကားသုံးသွယ်ဆင်ယင်ပြီး ဆီမီးရောင်ရှိန်များ ထွန်းညှိပူဇော်ကြသည်။ ထိုနည်းတူစွာ အခြားမြို့ရွာ၊ ကျေးလက်များတွင်လည်း မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြသည်။

        ထို့အပြင် နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့် အထိမ်းအမှတ်အဖြစ်လည်း မီးပုံးပျံများပြုလုပ်၍ ကောင်းကင်တွင် လွှတ်တင်ကြသည်။ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောအခါ အနော်မာသောင်ကမ်းတွင် ဆံတော်ကို ရိတ်ပယ်တော်မူသည်။ ထိုဆံတော်ကို အဓိဌာန်ပြု၍ ထက်ကောင်းကင်သို့ မြှောက်တင်လိုက်ရာ သိကြားမင်းက ရွှေပန်းတောင်းဖြင့် ခံယူထားလိုက်သည်။ သိကြားမင်းသည် ထိုဆံတော်များကို ဌာပနာ၍ စူဠာမဏိစေတီတော်အဖြစ် တည်ထားကိုးကွယ်တော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့ည မီးပုံးပျံလွှတ်တင်ခြင်းမှာ စူဠာမဏိစေတီတော်ကို ရည်စူး၍ ပူဇော်ခြင်းဖြစ်ပါသည်။

ဓာတ်ပုံ - ကျော်ဝင်းလှိုင် (ယဉ်ကျေးမှုတက္ကသိုလ်)

စာရေးသူတို့ငယ်စဉ်ကာလ သီတင်းကျွတ်ပွဲတော်

        စာရေးသူ ငယ်စဉ်ကာလတွင် နေထိုင်ရာ ရပ်ကွက်ထဲရှိ ဆရာကြီးဦးစောမောင်တို့ နေအိမ်တွင် မီးပုံးပျံများကို ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်၍ လွှတ်တင်နေသည်ကို သိမြင်ရသည်မှာ အလွန်စိတ်ဝင်စား နှစ်သက်မိပါသည်။ ရွာအရှေ့ဘက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် မီးထွန်းပွဲကို စောင်းတန်းများနှင့် ပြုလုပ်ထားပုံမှာ လာရောက်ကြည့်ရှုသူများနှင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့မြင် ခံစားခဲ့ဖူးပါသည်။ မီးပုံးပျံများကို ပုံစံအမျိုးမျိုးဖြင့် တစ်နှစ်တစ်မျိုး မရိုးအောင်၊ မတူအောင် ပြုလုပ်ကြသည်။ အထူးသဖြင့် ကာလသားများက ဦးဆောင်ဦးရွက် ပြုလုပ်ကြသည်။

        ဆရာမကြီး ဒေါ်ခင်ရင် အိမ်တွင်လည်း အရပ်ပြဇာတ်အတွက် ကျောင်းပိတ်ရက်များတွင် တီးလုံးတိုက်ရ၊ ပြဇာတ်တိုက်ရ၊ စကားလုံးရွေးရနှင့် တစ်ရွာလုံး အလုပ်ရှုပ်နေကြသည်။ ရပ်ထဲရွာထဲတွင် သီတင်းကျွတ်ပွဲတော်ရောက်လျှင် အလှူအတန်းများ ပြုလုပ်ကြသည်။ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်း၊ ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

        လူငယ်လေးများကလည်း သက်ကြီးရွယ်အိုများ၊ ဘိုးဘွားမိဘများ၊ ဆရာသမားများကိုလည်း ပူဇော်ကန်တော့ကြသည်။ ကန်တော့ခံလူကြီးမိဘများကလည်း ဆုမွန်ကောင်းများ တောင်းပေးကာ ဆုံးမဩဝါဒပေးကြသည်။ ကန်တော့ခြင်းသည် သက်ရှည်ဆင်းလှ၊ ချမ်းသာရပြီး၊ ဉာဏ်ပညာနှင့် ခွန်အားဗလတိုးပွားစေသည်ဟုလည်း ယုံကြည်ကြပါသည်။ ဂါရဝတရားရှေ့ထားခြင်းသည် ချစ်စရာအစဉ်အလာတစ်ရပ် ဖြစ်ပေသည်။ သာသနာ့ဘောင်တွင်လည်း ရဟန်းငယ်များက ရဟန်းဝါကြီးသူများကို ရှိခိုးကန်တော့ကာ တောင်းပန်ကြသည်။

        သီတင်းကျွတ်လသည် မြတ်စွာဘုရားရှင်၏ ပညတ်တော်အတိုင်း ရဟန်းသံဃာတော်များ ဝါဆိုပြီးနောက် သီတင်းသုံးသည့် နေရာများမှ လွတ်မြောက်ခဲ့ခြင်းကို ရည်ရွယ်၍ သီတင်းကျွတ်လဟူ၍ လည်းကောင်း၊ ဝါကျွတ်လဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။ သီတင်းကျွတ်လပြည့်နေ့၌ ဘာသာယဉ်ကျေးမှုအရ မီးထွန်းပွဲတော်ကိုကျင်းပကြသည်။ အိမ်တိုင်းတွင်လည်း မုန့်ဖက်ထုပ်၊ မုန့်ဗိုင်းတောင့်၊ မုန့်ဆီကြော်၊ မုန့်လက်ကောက်၊ မုန့်စိမ်းပေါင်း စသည်များဖြင့် သဒ္ဓါကြည်ဖြူစွာ ဧည့်ခံကျွေးမွေးလှူဒါန်းကြသည်။

        ဝါကျွတ်ကန်တော့ပွဲသည် ရဟန်းသံဃာများ ပူဇော်ကန်တော့ခြင်း၊ ရတနာသုံးပါးအား ပူဇော်ကန်တော့ခြင်း၊ ဘိုးဘွားမိဘ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းအပြင် သံဃာတော်များ အချင်းချင်း ဖိတ်ကြား၍ ဆုံးမခြင်း၊ အဆုံးအမကို နာခံခြင်းဖြင့် “ပဝါရဏာ” ပြုကြသည်မှာ ဝါကျွတ်ကန်တော့ အနှစ်သာရဖြစ်သလို မြန်မာတို့၏ စေတနာ၊သဒ္ဓါတရားအလှ၊ မနောအလှ ဖြစ်ပေသည်။ သီတင်းကျွတ်ပွဲတော်တွင် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေ စသည်တို့ကို မီးထွန်းညှိခြင်းပြုကြသည်သာမက ရက်ကန်းစင်၊ မောင်းဆုံ၊ စပါးကျီ၊ နွားတင်းကုပ် စသည်များကိုပါ မီးထွန်းညှိစေပါသည်။ စာရေးသူ၏ မိခင်သည် ဆီမီးခွက်များ ဝယ်ထား၍ ဆီမီးခွက်ကိုသာ အသုံးများပါသည်။ နောက်မှသာ ဖယောင်းတိုင်များကို အသုံးပြုလာပါသည်။ သီတင်းကျွတ်ရာသီတွင် ဘုရားကျောင်းကန်မကျန်၊ တစ်နယ်လုံး၊ တစ်ရွာလုံး မီးရောင်များ ထိန်ထိန်လင်းတော့မည်ဖြစ်၍ ဝမ်းသာကြည်နူးမိပါသည်။

ရှေးခေတ်နှင့် ယနေ့ခေတ်

        အများအားဖြင့် ယခုခေ တ် မီးထွန်းပွဲတော် ကျင်းပပုံသည် ရှေးခေတ်နှင့်မတူတော့ဘဲ တမူခြားနားသွားပါသည်။ မူလပထမ၌ မီးထွန်းပွဲတော်ကျင်းပခြင်းသည် မြတ်စွာဘုရားအား ပူဇော်ကန်တော့ခြင်း၊ မိရိုးဖလာထုံးတမ်း အစဉ်အလာကို စောင့်ထိန်းခြင်းဖြစ်၍ ပကတိရိုးရှင်းသောပွဲတော်ဖြစ်သည်။ ပြိုင်ဆိုင်မှုများ  မပါပေ။ ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ ဆီမီးပူဇော်ထွန်းညှိမှုများသည်လည်း ပြောင်းလဲမှုများရှိပါသည်။ မိရိုးဖလာထုံးတမ်းအတိုင်း ဆီမီးများဖြင့် ပူဇော်သလို လျှပ်စစ်မီးသီးများ၊ မီးပုံးများဖြင့် အသွင်သဏ္ဌာန်သစ်ဆန်းစွာ ထွန်းညှိပူဇော်လာကြသည်။ စာရေးသူတို့ငယ်စဉ်က မီးထွန်းပွဲတော်ကို သွား၍ သတိရမိသည်။ မီးထွန်းပွဲတော်နီးလျှင် အလုပ်တွေ ရှုပ်ကြသည်။ နှမ်းကောင်းများကိုရွေးပြီး ဆီကြိတ်ရသည်။ ၎င်းဆီမှာ မီးထွန်းရန်ဖြစ်သည်။

        မီးစာရရန်အလို့ငှာ စာရေးသူသည် ဝါခင်းသို့သွား၍ ဝါပွင့်ကောက်ရသည်။ ဝါကောက်ရာတွင် အမှိုက်သရိုက်များ မပါစေ ရန် ရွေးချယ်ရသည်။ ၎င်းဝါများကို နေပူလှန်းသည်။ ဝါဖန်၍ ဂွမ်းဖတ်စက်ဖြင့် ကြိတ်ရသည်။ ဂွမ်းများကို သေးသေးလေးဖြစ်အောင် လိပ်ရသည်။ ၎င်းကိုတိုင်း၍ ဖြတ်တောက်ရသည်။ ဤဝါဂွမ်းဖတ်လေးများကို သုံးလေးရက်ခန့်ကြို၍ ဆီထဲသို့ ဆီဝစေရန် စိမ်ထားပေးရသည်။ သို့မှသာ မီးထွန်းသည့်အခါ တာရှည်ခံနိုင်မည်ဖြစ်သည်။ ဆီမီးခွက်များထဲတွင် မီးစာလေးများ၏ တစ်ဖက်စွန်းကို အပြင်ထုတ်၍ ထည့်ထားပြီးမှ ဆီများကို လိုက်၍ လောင်းထည့်သည်။ ပြီးလျှင် မီးစာများကို မီးလိုက်၍ ရှို့ရသည်။ အားလုံးမီးထွန်းပြီးသောအခါ မီးခွက်ကလေးများကို လပြည့်နေ့၌ အိမ်အဝင်ဝ တံခါးနှစ်ဖက်တိုင်ပေါ်တွင် အရင်ဆုံးတင်သည်။ ပြီးလျှင် အိမ်ဝိုင်းထဲရှိ ပြတင်းပေါက်ကလေးများပေါ်တွင် စီစီရီရီတင်ထားကာ တစ်အိမ်လုံး ဆီမီးရောင်လေးများဖြင့် ထိန်လင်းနေပုံမှာ ကျက်သရေရှိလှပါသည်။ ထိုမြင်ကွင်းကို ယနေ့အထိတိုင် စာရေးသူမမေ့နိုင်သေးပေ။

        ဆိုရပါလျှင် ခေတ်ကာလတို့ တရွေ့ရွေ့ပြောင်းလဲခဲ့ပေပြီ။ မီးထွန်းပွဲတော်တို့သည်လည်း ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ခေတ်အခြေအနေအလိုက် တီထွင်ဆန်းသစ်စွာ နေရာဒေသအလိုက် ဆင်ယင်ကျင်းပခဲ့ကြသည်။ ယနေ့အချိန် ကိုဗစ်-၁၉ ကာလတွင်လည်း မိမိတို့၏ နေအိမ်တွင်နေရင်း မြတ်ဗုဒ္ဓကို ရည်စူး၍ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်ဖြစ်သော သီတင်းကျွတ်မီးထွန်းပွဲတော်ကို မိသားစုအသွင်ဖြင့် အနှစ်သာရမပျက် နေအိမ်တွင် ဆင်နွှဲရင်း မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးကို ဆင်နွှဲကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂၀)

No comments:

Popular Posts