ပေါက်ပေါက်
သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းသည် ‘မျက်လုံးတစ်စုံ’ဖြစ်သည်ကို ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ ထို့ကြောင့်လည်း ရှေးလူကြီးများက ‘မျက်စိအဆုံး၊ နားအရှုံး’ဟု မိန့်ဆိုခဲ့ကြလေ၏။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊ မျက်စိအားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်းကို မဆိုလိုသော်လည်း ကျန်းမာရေး အခြေခံဗဟုသုတ အားနည်း၍ နေထိုင်စားသောက်မှုပုံစံ မမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့် စက္ခုအာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်အတွက်သာမက နိုင်ငံတော်အတွက်ပါ ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေသည်။
ကွန်ပျူတာကြောင့် မျက်စိမထိခိုက်ရလေအောင်
ကမ္ဘာနှင့်အဝန်း အင်တာနက်ခေတ်ရေစီးကြောင်းနှင့်အညီ အလုပ်ကြောင့်ဖြစ်စေ အပျင်းပြေ ဂိမ်းကစားရင်းဖြစ်စေ အင်တာနက်သုံးရင်း အချိန်ကုန်လွန်နေကြပြီး ကလေးများက ဂိမ်းစွဲနေသလို သက်လတ်ပိုင်းနှင့် အချို့သက်ကြီးပိုင်းများလည်း အင်တာနက်စွဲလမ်းမှုရောဂါစွဲကပ်နေကြ၏။ ကွန်ပျူတာအသုံးများ၍ အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးအိမ် ခြောက်သွေ့လာကာ မျက်ရိုးကိုက်၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျောနာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေသည်။ ထို့ပြင် နောက်ဆက်တွဲဝေဒနာများအဖြစ် ခေါင်းမူးခေါင်းကိုက်၍ ဇက်ကြောတက်ခြင်းနှင့် အရိုးကျီးပေါင်းရောဂါများ ဖြစ်စေနိုင်၏။
![]() |
ဓာတ်ပုံ - picen.net |
မျက်စိထိခိုက်ခြင်းမှ သက်သာစေရန်
- အလင်းလျှော့ချပေးသော Flat LCD Monitor ကို သုံးပါ။ ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။
- ကွန်ပျူတာမသုံးခင် ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်လေးများကို အသေအချာသန့်စင်ပါ။
- မျက်နှာနှင့် ကွန်ပျူတာကို နှစ်ပေခန့် ခွာထားရမည်ဖြစ်ပြီး၊ ကွန်ပျူတာမျက်နှာပြင်သည် မျက်လုံးနေရာထက် နိမ့်နေရမည်။
- စာရိုက်မည်ဆိုပါလျှင် စာရွက်များကို ကွန်ပျူတာဘေးတွင်ထောင်ထားပါ။
- ကွန်ပျူတာလက်ကွက်အလွတ်မရပါက ဦးစွာ စာကိုသာကြည့်ရိုက်ပြီး စာလုံးပေါင်းသတ်ပုံ အမှန်စစ်ချိန်မှသာ ကွန်ပျူတာကို ကြည့်ပါ။
- ထိုင်ခုံပေါ်တွင် ကွန်ပျူတာရှေ့တည့်တည့် ခါးမတ်မတ်ထိုင်၍ ခြေဖဝါးကို အောက်သို့ အပြားလိုက်ချထားပါ။
- အခန်းအလင်းရောင်သည် ကွန်ပျူတာနီးပါး လင်းနေရမည်ဖြစ်ပြီး ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် မထိုင်မိပါစေနှင့်။
- မျက်စိအညောင်းပြေစေရန် ကွန်ပျူတာကို ၁၅ မိနစ် ကြည့်ပြီးတိုင်း အဝေးတစ်နေရာသို့ တစ်မိနစ်ခန့်ကြည့်ပါ။ နာရီဝက်ကြာတိုင်း မျက်တောင်အကြိမ် ၂ဝ ခတ်ပါ။ တစ်နာရီကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တအနားပေးပါ။
- လက်ဝါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပေးပြီး မျက်လုံးပေါ် ဖွဖွလေးတင်ပါ။ လက်ချောင်းများကြားမှ အလင်းရောင် ဝင်မလာအောင် လက်ချောင်းများကို ကပ်ထားရပါမည်။
ကြိုတင်ကာကွယ်နည်းလမ်းများ
‘‘ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏’’ ဟူသော ဆောင်ပုဒ်နှင့်အညီ ဖြစ်လာမှကုသခြင်းထက်၊ မိမိအသိစိတ်ဖြင့် အောက်ပါနည်းလမ်း အသွယ်သွယ်တို့ဖြင့် ကြိုတင်ကာကွယ်တတ်ပါစေ -
- အနည်းဆုံး ခြောက်လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စိစစ်ဆေးခံသင့်ပါသည်။
- မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဘက်စလုံး အမြင်အာရုံရုတ်တရက် မှုန်ဝါးသွားခြင်း၊ မီးအလင်းရောင် ကဲ့သို့ အလင်းရောင်များ ဖြာထွက်လာခြင်း၊ ရွေ့လျားနေသော ရောင်စုံအစက်အပြောက်များ သို့မဟုတ် အမဲစက်များကို နေရာတိုင်းတွင် တွေ့နေရခြင်း၊ ရုပ်ဝတ္ထုများကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက်နာကျင်ခြင်း စသည့် လက္ခဏာများ ပြလာပါက တတ်ကျွမ်းနားလည်သူ ဆရာဝန်နှင့် အမြန်ဆုံး စစ်ဆေးမှုခံယူပါ။
- ဆရာဝန်နှင့်ပြသပြီးနောက် တိကျမှန်ကန်သော မျက်စဉ်းဆေးရည်ကို ညွှန်ကြားချက်အတိုင်း စနစ်တကျခတ်ပေးပြီး မျက်စဉ်းဘူးကို ရေခဲသေတ္တာ သို့မဟုတ် သန့်ရှင်း၍ အေးမြသောနေရာတွင် သိမ်းပါ။
- မျက်ကပ်မှန်တပ်ဆင်သူများသည် သန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်အသုံးပြုပါ။ တစ်နေ့လျှင် အများဆုံး ရှစ်နာရီထက်ပို၍ မတပ်ဆင်သင့်ပါ။ မျက်ကပ်မှန်တပ်၍ အိပ်စက်ခြင်း၊ မျက်လုံးကို ဖိ၍ လက်ဖြင့် ပွတ်တိုက်ခြင်းမပြုရ။
- ယခုအခါ ခရမ်းလွန်ရောင်ခြည် ပြင်းထန်သည့်အဆင့်ကျရောက်လျက်ရှိရာ အထူးသဖြင့် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်သည့်အခါ UV ကာကွယ်သော ရောင်ပြန်ထီး (သို့) မျက်လုံးဖုံးအုပ်စေသော လျှာထိုးဦးထုပ်ကိုဆောင်းပေးပါ။ အလင်းလှိုင်းဖြာထွက်မှုကို လုံလောက်စွာ ကာကွယ်ပေးသည့် နေကာမျက်မှန်ကြီးကြီး တပ်ဆင်ပါ။
- စက်ချုပ်ခြင်း၊ သိုးမွှေးထိုးခြင်း၊ စာရေးစာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း စသည်ဖြင့် မျက်လုံး အာရုံစိုက်ရသော အလုပ်ကို အတတ်နိုင်ဆုံးလျှော့ချ၍ ဝန်မပိအောင် ဂရုစိုက်ပါ။ မျက်စိစွေစောင်းမဖြစ်ရလေအောင် စာဖတ်သည့်အခါတွင်လည်း စာအုပ်ကို ဘေးတစောင်းဖတ်ခြင်း မပြုရ။
- သစ်ခွဲစက်၊ ကျောက်ခွဲစက်၊ ဂဟေဆော်ခြင်း၊ ရေကူးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ရေလွှာလျှောစီးခြင်းတို့အတွက် မျက်လုံးအကာတပ်ဆင်ပါ။ အမြင်အာရုံ ကြည်လင်စေရန်အတွက် မြန်မာ့ဆေးမြီးတိုများဖြစ်သော ကွမ်းရွက်ကိုလက်ဖြင့် အသာချေ၍ နားထင်၊ မျက်ရိုးတစ်လျှောက်နှင့် မျက်ရည်အိတ်အောက်ဖက်တို့တွင် ကပ်ပါ။ သခွားသီးကို ပါးပါးလှီး၍ နားထင်၊ မျက်ခွံနှင့် မျက်စိတစ်ဝိုက် ကပ်ပါ။ ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း သို့မဟုတ် ခြေဖဝါးကို ဆားဖြင့်ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။ မျက်လုံးတစ်ဝိုက်တွင် မန်ကျည်းသီးအနှစ်ကို မျက်ကွင်းဆေးအဖြစ်လိမ်းပါ။
- ညအိပ်ရာဝင်တိုင်း ဒူးခေါင်းပေါ်မှ ရေလောင်းအိပ်ပါ။
- ရေချိုးသည့်အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပခုံး၊ မျက်နှာ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှစ၍ အထက်ပိုင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ရေလောင်းပါ။
အမြင်အာရုံပျက်စီးခြင်းနှင့် ဆက်နွယ်သော ရောဂါများ
- မျက်စိပေါ်သို့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ စီးကရက်မီးခိုးငွေ့များ၊ ကြွက်သားအားကောင်းဆေး၊ နာတာရှည်ရောဂါများ၊ အလွန်အမင်းမောပမ်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းတို့ကြောင့် မျက်စိအတွင်းတိမ် ဖြစ်စေသည်။
- ဟိုက်ပိုသိုင်းရွိုက်၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချို၊ စိတ်မချမ်းမြေ့ခြင်း၊ ထုံးနှင့် ပေါင်းသတ်ဆေးစသော ဓာတုဆေးတို့ မျက်လုံးထဲ မတော်တဆဝင်ခြင်း၊ အဆီများသောအစားအစာများနှင့် ကိုယ်လက်လှုပ်ရှားမှုနည်း၍ အညောင်းမိခြင်းတို့ကြောင့် ရေတိမ်စွဲစေသည်။
- ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်၊ ကဖိန်းဓာတ်များသော အစားအစာများ၊ ဆားကဲသော အစားအစာတို့ကြောင့် မျက်စိခြောက်၍ မျက်ရည်အိတ်ခန်းစေသည်။
- မိမိမျက်စိနှင့် ပါဝါမကိုက်ညီသောမျက်မှန်ကို မှားယွင်းစွာ တပ်ဆင်အသုံးပြုခြင်းကလည်း အမြင်အာရုံပျက်စီးစေသည်။
- ဆီးချို၊ လေဖြတ်ခြင်း၊ ခန္ဓာကိုယ်ရှိ တစ်ရှူးများ မာကျောခြင်း၊ ရေယုန်နာပေါက်ခြင်း၊ အေအိုင်ဒီအက်စ်ဝေဒနာရှင်များအတွက် ထိုရောဂါများ ပြင်းထန်နေချိန်တွင် မျက်စိပါဝါစမ်းသပ်ပါက အဖြေမှန်မထွက်နိုင်ချေ။
အကောင်းဆုံးဖြည့်စွက်စာများ
သင့်တင့်မျှတသော အစာအာဟာရတို့ကို ရွေးချယ်စားသုံးခြင်းကလည်း သင့်မျက်စိအတွက် အိမ်တွင်းသမားတော်အဖြစ် အားကိုးနိုင်သည်။ မျက်လုံးအတွက် သင့်တော်သည့် အစားအစာများကို ဖြည့်စွက်စာအဖြစ်စားသုံးပေးခြင်းဖြင့် မျက်စိသွေးလည်ပတ်မှုကို အထောက်အကူပြုပေးကာ၊ မျက်စိအားကောင်းစေပြီး၊ ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စိကွယ်ခြင်းတို့မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။
ဗီတာမင်အေကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်၊ လူတိန်းနှင့် ဇီအာဇန်သင်းဓာတ်ကြွယ်ဝသောဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာ၊ အစိမ်းရောင်ပဲသီးများ။
ဗီတာမင်စီဓာတ်ကြွယ်ဝသော ပန်းငရုတ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊သခွားမွှေး။
ဘိုင်အိုဖလေဗိုနွိုက်ဓာတ်ကြွယ်ဝသော ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီ၊ စပျစ်သီး၊ဆီး(ဇီး)သီး။
ဗီတာမင်အီးဓာတ်ကြွယ်ဝသော နေကြာစေ့၊ သစ်အယ်သီး၊ မြေပဲ၊ ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့။
ဆီလီနီယမ်ဓာတ်ကြွယ်ဝသော ပုစွန်၊ ကဏန်း၊ ကင်းမွန် (ပြည်ကြီးငါး)၊ ရေဘဝဲ၊ ဂုံးကောင် စသောပင်လယ်စာများ၊ သုံးမြှောင့်ခွံမာသီး (Brazil Nuts) တစ်မျိုး၊ တစေးဖြင့်အချဉ်ဖောက်ထားသော နို့ချဉ်၊ ဒိန်ချဉ်များ။
ဇင့်ဓာတ်ပါရှိသော ကမာကောင်(မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန်အမျိုးမျိုး။
အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝသော ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး (ခေါ်) ငါးသလောက်ယောက်ဖ၊ ငါးမည်းလုံး တို့ဖြစ်သည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၉)
No comments:
Post a Comment