October 21, 2020

မွေးမြူရေးကဏ္ဍတွင် တိရစ္ဆာန်တိုးပွားမှု လျော့ကျခြင်းနှင့် စီးပွားရေးဆုံးရှုံးမှုရှိသော သားလျှောရောဂါ

ထွန်းထွန်း(မွေး/ကု)

        ကျွဲ၊ နွားမွေးမြူရာတွင် ဘရူဆဲလား (ခေါ်) ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော သားလျှောရောဂါသည် မွေးမြူရေးကဏ္ဍတွင် ဆုံးရှုံးမှုနှင့် အရေးပါမှုရှိသဖြင့် သတိထားရမည့် ရောဂါတစ်ခုဖြစ်သည်။ သားလျှောသည့်အတွက် တိရစ္ဆာန်ဦးရေ တိုးပွားနှုန်းကျဆင်းစေခြင်း၊ အသား၊ နို့ စသည့် တိရစ္ဆာန်ထွက်ပစ္စည်းများ ဆုံးရှုံးစေခြင်း၊ သားစပ်မှုလုပ်ငန်းများ မအောင်မြင်သဖြင့် အချိန်ကုန်ခြင်း၊ ငွေအင်အား၊ လူအားဆုံးရှုံးခြင်း၊ တိရစ္ဆာန်များ အသေမွေးခြင်း၊ အားအင်ချည့်နဲ့ပြီး မကျန်းမာသော တိရစ္ဆာန်များ မွေးဖွားခြင်းဖြင့် စီးပွားရေးအရ ထိခိုက်ခြင်းများ ကြုံတွေ့ရမည်။ ထို့ပြင် သားလျှောရောဂါရှိသည့် တိရစ္ဆာန်များအား အလွယ်တကူ ခွဲခြားနိုင်စွမ်းမရှိ၍ တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ကိုင်တွယ် ထိန်းကျောင်းသူများ၊ မွေးမြူရေးသမားများ၊ သားသတ်လုပ်ငန်း လုပ်ကိုင်သူများ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ အထူးသတိပြုရမည့်ရောဂါဖြစ်သည့်အပြင် အသားနှင့် နို့ထွက်ပစ္စည်း စားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးကြီးသည့် ရောဂါဖြစ်ကြောင်း သိရှိထားရန် ရေးသားတင်ပြလိုက်ရပါသည်။

        ဘရူဆဲလား (ခေါ်) ဘက်တီးရီးယားပိုးကြောင့် ကျွဲ၊ နွားတိရစ္ဆာန်များနှင့် အခြားတိရစ္ဆာန်များဖြစ်သည့် မြင်း၊ သိုး၊ ဆိတ်၊ ဝက် စသော တိရစ္ဆာန်များ သားလျှောရောဂါဖြစ်ပွားလေ့ရှိပြီး ထိတွေ့ကိုင်တွယ်သောလူကိုလည်း ရောဂါကူးစက်နိုင်ပါသည်။ ဘရူဆဲလား သားလျှောရောဂါပိုးသည် အဓိကအားဖြင့် သားလျှောသန္ဓေသားနှင့် ၄င်း၏ အချင်း၊ အမမျိုးပွားအင်္ဂါမှထွက်သော အရည်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိတွေ့မိခြင်း၊ ရောဂါပိုးပါသော အစာနှင့် ရေကို သောက်မိခြင်း၊ ရောဂါဖြစ်နေသော တိရစ္ဆာန်၏နို့ကို ကောင်းစွာမကျိုချက်ဘဲ သောက်မိခြင်း၊ အရေပြားပွန်းပဲ့သောနေရာမှလည်း လူကို ကူးစက်နိုင်ပါသည်။

ဓာတ်ပုံ - thesruce

        ဘရူဆဲလား သားလျှောရောဂါပိုး ကူးစက်ခံရသော တိရစ္ဆာန်များအနေဖြင့် ဇီးမရှိသောတိရစ္ဆာန်အမများ၌ ရောဂါရှိသော်လည်း ရောဂါလက္ခဏာ မပေါ်သည့်အတွက် ရောဂါရှိမှန်း မသိနိုင်ပါ။ ဇီးရှိသော တိရစ္ဆာန်အမများ၌ ဇီးကာလနောက်ပိုင်း သုံးလမှ လေးလခန့်အတွင်း သားလျှောလေ့ရှိပါသည်။ ဝက်များမူ သားလျှောရောဂါရှိပါက ပုံမှန်သားမွေးသော်လည်း အသေများမွေးတတ်သည်။ သားလျှောရောဂါကူးစက်ပါက အမများတွင် သားလျှောခြင်း၊ အသေမွေးခြင်း၊ အချင်းကပ်ခြင်း၊ မဖွံ့ဖြိုးသော သန္ဓေသားဖွားခြင်း၊ မျိုးမအောင်ခြင်း၊ သားမြုံခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် မွေးဖွားလာပါက ရောဂါပိုး သယ်ဆောင်ထားသော တိရစ္ဆာန်ကို မွေးဖွားခြင်းတို့ ဖြစ်နိုင်ပါသည်။ နွားမများတွင် တစ်ခါတစ်ရံ အချင်းကျန်ခြင်း၊ နို့အုံရောင်ခြင်း၊ ခန္ဓာကိုယ် ပိန်ချုံးလာခြင်း၊ နွားငယ်လေးများတွင် အားနည်းလာစေခြင်း၊ အထီးများတွင် မျိုးပွားအင်္ဂါရောင်ရမ်းသဖြင့် မျိုးပွားမှု ထိခိုက်စေနိုင်ပါသည်။ အထီးများတွင် ကပ်ပယ်အိပ်ရောင်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ရောဂါသက်တမ်းကြာလာပါက ခြေထောက်ရောင်ခြင်း၊ နာခြင်းတို့ ဖြစ်လာနိုင်ပါသည်။

        မြင်းများတွင် ပခုံး၊ ဦးခေါင်းဘေးဘက်နှင့် ခွာခုံအထက်ခြေထောက်တွင် အနာဖြစ်ခြင်း တွေ့ရမည်။ အဆစ်ရောင်၍ ခြေနာခြင်းများ တွေ့ရသည်။ လူသို့ကူးစက်ပါက တုပ်ကွေးရောဂါနှင့် ဆင်တူသော နာတာရှည်၊တက်ဖျား၊ ကျဖျား သို့မဟုတ် တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျား) လက္ခဏာများဖြစ်သော အဖျားတက်ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်းနှင့် နောက်ဆုံးအသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

        ဘရူဆဲလား သားလျှောရောဂါသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော်လည်း ပဋိဇီဝဆေးနှင့် အချိန်တိုအတွင်း ကုသ၍မရသည့်အပြင် ကုသချိန်အတွင်းမှာပင် အခြားတိရစ္ဆာန်များကို ကူးစက်ပြန့်ပွားနိုင်၍ ရောဂါဖြစ်ပွားသောတိရစ္ဆာန်အား မွေးမြူရေးလုပ်ငန်းအတွက် ဆက်လက်ထားရှိရန် မသင့်လျော်ပါ။ မွေးမြူသူများအနေဖြင့် မိမိ၏ နွားခြံတွင် သားလျှောရောဂါ ရှိ မရှိ သုံးလ သို့မဟုတ် ခြောက်လတစ်ကြိမ် သွေးရည်ကြည် စစ်ဆေးမှု မှန်မှန်ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ပြင်ပမှ ဝယ်ယူလာသည့် နို့စားနွားမများကို ရောဂါရှိ မရှိ စမ်းသပ်ပြီးမှ လက်ခံသင့်ပါသည်။ နွားမများ အသက်သုံးလမှ ရှစ်လအရွယ်တွင် အထူးသဖြင့် နို့စားနွားမများ သားလျှောရောဂါကာကွယ်ဆေး ထိုးပေးရမည်။ ဆေးတစ်ကြိမ်ထိုးထားပြီးပါက တိရစ္ဆာန်၏ သက်တမ်းတစ်လျှောက်လုံး ကာကွယ်မှုပေးစွမ်းနိုင်ပါသည်။

        နွားမများ သားလျှောရောဂါ ရှိ မရှိ စမ်းသပ်မည်ဆိုပါက သန့်ရှင်းခြောက်သွေ့သော ကြွေပြား သို့မဟုတ် မှန်ပြားပေါ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးဌာနခွဲမှ ဝယ်ယူရရှိသော သားလျှောရောဂါ စမ်းသပ်ဆေး၊ ဆေးရည်တစ်စက်နှင့် ကျွဲ၊ နွားမှရရှိသော သွေးရည်တစ်စက် ရောမွှေပေးရမည်။ မှန်ပြားကို ပတ်ချာလည်လှုပ်ပြီး နှစ်မိနစ်မှ ငါးမိနစ်အတွင်း သွေးစုကပ်ခြင်း ဖြစ် မဖြစ်ကို ကြည့်ခြင်းဖြင့် ရောဂါ ရှိ မရှိ ဆေးရည်တစ်စက်ရောပြီး စစ်ဆေးနိုင်ပါသည်။

        စာရေးသူသည် မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခဲ့စဉ် ဖရီရှန်နွားမွေးသူက နွားမတစ်ကောင်အား နွားသိုးနှင့် သားစပ်ခြင်းမှာ သုံး၊ လေးကြိမ်ရှိပြီး သားမအောင်၍ မေထုန်မဲ့သားစပ်ရန် လာခေါ်၏။ စာရေးသူကသေချာမေးမြန်း၍ ယခင်က သားရဖူးခြင်း ရှိ မရှိမေးကြည့်မှ တစ်သားရပြီး နောက်တစ်သား ငါးလနှင့် လျှောသွားကြောင်း ပြောပြ၏။ နွားသိုးခွလို့ လျှောတာပါပြောတော့ ကြိုးစားပြီး နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် စပ်ပေးလိုက်၏။ သားအောင်သွားပြီး ပိုင်ရှင်ဝမ်းသာနေ၏။ လေးလလောက်ရှိတော့ ထပ်ပြီးသားလျှောပြန်၏။ သို့ဖြစ်၍ သားလျှောရောဂါဆေးရည်နှင့် စမ်းသပ်မှ ရောဂါပိုးတွေ့ရသည်။ နွားမကလည်း ချော၊ နို့ကလည်း နံနက်ည ရှစ်ပိသာထွက်တော့ ပိုင်ရှင်က မရောင်းရက်၊ နောက်တစ်သား နွားသိုးနှင့် ထပ်စပ်၏။ ထပ်သားလျှောပြီး နွားသိုးပါ သားလျှောရောဂါ သံသရာလည်သွား၏။ ဆိုလိုသည်မှာ နွားပိုင်ရှင်များ မိမိနွားမရောင်းရမည်ကို နှမြောကြ၏။ သို့ဖြစ်၍ ကျန်တဲ့နွားတွေ ကူးစက်ကုန်ကြသည်။ သို့ဖြစ်၍ သားလျှောရောဂါရှိသော နွားမများ သတိထား၍ ရောဂါမကူးစက်အောင် ဆောင်ရွက်ကြရန် အကြံပြုရေးသားလိုက်ရပေသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၀)

No comments:

Popular Posts