September 2, 2020

အပိုဝင်ငွေတိုးဖို့ နှင်းဆီပန်းစိုက်ကြစို့

ခင်မေစိုး

        နှင်းဆီပန်းသည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်ပျိုးနိုင်သော ပန်းမျိုးဖြစ်သည်။ မိုးအကုန်ဆောင်းအကူးစိုက်လျှင် အကောင်းဆုံးဖြစ်သည်။ နှင်းဆီပန်းပင်သည် မြေစေးကို နှစ်သက်သည်။ ကိုင်းမှ မျိုးဆက်၍ စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ တစ်ပင်နှင့် တစ်ပင် တစ်တောင်ခြား၍ စိုက်ရသည်။ တစ်ပေါင်နှင့် တစ်ပေါင်ခြား၍ စိုက်ပျိုးနိုင်သည်။ နှင်းဆီစိုက်ပျိုးမည်ဆိုလျှင် မြေပြင်ချိန်တွင် နွားချေး၊ ကြက်ချေး၊ သဘာဝမြေသြဇာကို မြေခံထား၍ စိုက်ပင်အားခြောက်လက်မခန့်မြှုပ်ပြီး စိုက်ပျိုးရပါမည်။

        နှင်းဆီပန်းပင်သည် မိုးရာသီ၌ ရေဝပ်ခြင်းအား မနှစ်သက်ပါ။ ထို့ကြောင့် စိုက်ပေါင်များအား ရေစီးကောင်းမွန်အောင် ပြုပြင်ထားရန် အထူးလိုအပ်သည်။ စိုက်ပျိုးပြီး နှစ်လဝန်းကျင်၌ နိုက်ထရိုဂျင်ဓာတ်မြေသြဇာအား ၁၅ ရက်တစ်ကြိမ် ပါးပါး ကျွေးသင့်ပါသည်။ နိုက်ထရိုဂျင်လေးလကျော်လျှင် N:P:K-15 ပတ်လည် ၁၅ ရက်တစ်ခါ ပါးပါးကျွေးပေးရပါသည်။ ဆောင်းဦးဝင် ရှစ်လ တစ်နှစ်သားလောက်တွင် ပေါင်အခြေများအား ရှစ်လက်မခန့်ခွာ၍ မြေများအား ခွဲပေးရမည်။

ဓာတ်ပုံ - agrifarming.in

        ထို့နောက် ခွဲပြီး အခြေများကို ၁၅ ပတ်လည် နွားချေး၊ ကြက်ချေးမြေသြဇာများအား များများလောင်းထည့်၍ ပေါင်ပြန်ခတ်ပေးရမည်။ အမှိုက်ကောက်ရိုးတို့ဖြင့် ဖုံးပြီး ရေများများလောင်းပေးရမည်။ နောက်တစ်လဝန်းကျင်အကြာတွင် ၁၅ ရက်တစ်ကြိမ်ခန့် N:P:K-15 ပတ်လည်အား ပါးပါး ပုံမှန်ကျွေးပေးရမည်။ နှင်းဆီပင်သည် တစ်ချိန်တည်းအတွင်း၌ အစာများများကျွေးခြင်းထက် အကြိမ်ရေများစွာ နည်းနည်းကျွေးခြင်းကို ပိုနှစ်သက်သည်။

        မိုးရာသီတွင် မိုးကာအမိုး မိုးပေးပါက အပင်အတွက် မှိုရောဂါကို များစွာကာကွယ်ပေးပါသည်။ မိုးအချိန်၌ ငါးရက်တစ်ကြိမ် မှိုဆေး၊ ပိုးသတ်ဆေးဖျန်းပေးရသည်။ နှင်းဆီပွင့်များ ခူးဆွတ်ချိန်တွင် အကြမ်းအားဖြင့် အရွက်လေးရွက်ကြီးထားသော ကိုင်းများ၊ ငါးရွက်မှ ခြောက်ရွက်ချန်၍ ခူးဆွတ်နိုင်သည်။ နှင်းဆီပန်းသည် နေ့စဉ်နေ့တိုင်း ခူးဆွတ်နိုင်သည့်အတွက် မိသားစုအိမ်စရိတ်ကို ကာမိစေသည့် ပန်းမျိုးဖြစ်ပြီး အရေအတွက်များများစိုက်ပါက အပိုဝင်ငွေပါ တိုးစေနိုင်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)

No comments:

Popular Posts