ပြည့်စုံ
ကျေးလက်ဒေသများ၏ စီးပွားရေးကဏ္ဍတွင် သီးနှံစိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ မွေးမြူရေးလုပ်ငန်းဖြင့်လည်း တွဲဖက်လုပ်ကိုင်ရန် လိုအပ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများ၌ ကျေးလက်ဒေသများတွင် ကြက်၊ ဝက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ မြင်း စသည့် အိမ်မွေးတိရစ္ဆာန် တစ်မျိုး သို့မဟုတ် နှစ်မျိုးတို့ကို မိသားစုတစ်နိုင် မွေးမြူကြသည်။
ငွေကုန်ကြေးကျသက်သာပြီး အစားအစာကို အထူးဂရုစိုက်ရန်မလိုသော မွေးမြူရေးမှာ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းပင် ဖြစ်ပါသည်။ သိုးကို အေး၍ ခြောက်သွေ့သော နေရာဒေသများတွင် မွေးမြူသင့်ပြီး ဆိတ်ကို မိုးနည်းပြီး ပူပြင်းခြောက်သွေ့သောနေရာဒေသများတွင် မွေးမြူသင့်ပါသည်။ သိုးကို အသားစားရန်နှင့် နို့ယူရန် မွေးမြူကြသည်။ ဆိတ်နို့သည် လူ၏ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်။ ဆိတ်သည် တွေ့ရာကိုစားတတ်သော သတ္တဝါမျိုးဖြစ်သည်။
သစ်ပင်၊ ချုံနွယ်ပိတ်ပေါင်း စသည့် အရွက်အသီးအားလုံးကို စားတတ်သော ဆိတ်အား လွှတ်ကျောင်းစနစ်ဖြင့်မွေးရန် လွယ်ကူသည်။ ဆိတ်ကျောင်းသူအနေဖြင့်လည်း စိုက်ခင်းများကို ဝင်ရောက်မစားသောက်ရအောင် ထိန်းကျောင်းရသည်။ ဆိတ်မွေးမြူရေးကို ဆိတ်မငါးကောင်လျှင် ဆိတ်သိုး (ဆိတ်ထီး) တစ်ကောင်နှုန်း ထားပေးရသည်။ ဆိတ်မတစ်နှစ်သားအရွယ်မှစ၍ သားတင်နိုင်သည်။ ကိုယ်ဝန်ဆောင်သောကာလမှာ ငါးလဖြစ်သည်။ သားကျပြီး တစ်လကြာလျှင် နောက်ထပ်သားတင်နိုင်သည်။
![]() |
ဓာတ်ပုံ - picdn.net |
ဆိတ်မသည် တစ်နှစ်လျှင် နှစ်သားနှင့်တစ်ဗိုက်ဟု ဆိုကြသည်။ ပထမသားအား တစ်ကောင်၊ နှစ်ကောင်မွေးကြသည်။ ဆိတ်များ၏ တစ်နှစ်အတွင်း သေနိုင်သောနှုန်းမှာ ၁၆ ရာခိုင်နှုန်းခန့် ရှိသည်။ ဆိတ်ကို ငါးနှစ်ဆက်တိုက် မွေးမြူလျှင် ဆိတ်တစ်ကောင်၏ တစ်နှစ်တွင်(နှစ်ထပ်) တိုးပွားမှုမှာ သုံးကောင်၊ လေးကောင်ဖြစ်သဖြင့် ငါးနှစ်တွင် အကောင် ၂ဝ ရှိလာမည်ဖြစ်သည်။ အထီးအမ ဆတူရှိသဖြင့် အထီး ၁၁ ကောင်နှင့် အမ ၁ဝ ကောင် ရရှိမည်။ ပိုနေသော အထီးများကို ကစီဝိုက်(သင်းကွပ်)ပြီး မွေးမြူ၍ အချိန်ကျမှ ရောင်းချလျှင် စျေးကောင်းရရှိနိုင်သည်။
နို့စားဆိတ်မျိုးဖြစ်ပါက တစ်ရက်လျှင် ဆိတ်မတစ်ကောင်မှ နို့ ၃ဝ ကျပ်သားမှ ၅ဝ ကျပ်သားအထိ ရရှိနိုင်သည်။ ဆိတ်နို့သည် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နွားနို့ထက်ကောင်းကြောင်း တွေ့ရသည်။ ဆိတ်သည် မြေပြင်တွင် အိပ်ရခြင်းထက် ခုံအမြင့်ပေါ်တွင် တက်၍ အိပ်ရခြင်းကို ကြိုက်သည်။ ထို့ကြောင့် ဆိတ်တဲတွင်း၌ တစ်ကောင်အတွက် ခုံအရှည်မှာ နှစ်တောင့်ထွာခန့်၊ အကျယ်မှာ တစ်တောင့်ထွာခန့်နှင့် အမြင့်နှစ်ပေ ရှိသင့်သည်။ ဆိတ်များအတွက် အိပ်ရန် မြေကြီးကုန်းလျှော လုပ်ပေးထားရသည်။ မြန်မာနိုင်ငံ၌ ၂ဝ၁၇ စစ်တမ်းအရ သိုးဆိတ်ကောင်ရေ ၂ ဒသမ ၆ သန်းခန့် ရှိသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ(၁၅)၊ အမှတ်(၂၁)
No comments:
Post a Comment