August 18, 2020

ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (၃)

ကိုသက်

        ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှုအ‌ကြောင်း ပြောတဲ့အခါ စားမြုံ့ပြန်ခြင်း (Rumination) ရဲ့ အရေးပါပုံအကြောင်း ထည့်မပြောလို့ မဖြစ်ပါဘူး။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ဆိုတဲ့ မွေးမြူရေးသတ္တဝါတွေကို စားမြုံ့ပြန်သတ္တဝါ (Ruminants) လို့ ခေါ်တာကလည်း အဲဒီလို စားမြုံ့ပြန်တတ်တဲ့ သဘာဝရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်မှာ စားမြုံ့ပြန်သတ္တဝါတွေရဲ့ အစာအိမ်အကန့် ၄ ခုအနက်က ရူမင် (Rumen) ဆိုတဲ့ အစာအိမ်အကန့်ရဲ့ တည်ဆောက်ပုံ၊ လုပ်ငန်းလုပ်ဆောင်ပုံ အချို့ကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရူမင်အစာအိမ်နဲ့ စားမြုံ့ပြန်ခြင်း ဆက်စပ်ပုံ၊ အရေးပါပုံတွေကို ဆက်လက် ဆွေးနွေးတင်ပြသွားပါဦးမယ်။ 

        စားမြုံ့ပြန်တယ်ဆိုတာ ကြေညက်အောင် မကြိတ်ဝါးဘဲ မျိုချထားတဲ့ အစာဟောင်းတွေကို ရူမင်ထဲကနေ ပြန်အန်ထုတ်၊ ပြန်လည်ကြိတ်ဝါးပြီး၊ ရူမင်ထဲကို ပြန်မျိုချတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ အဲဒီ စားမြုံ့ပြန်ခြင်းကြောင့် တိရစ္ဆာန်တွေနဲ့ မွေးမြူသူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိပါတယ်။ 

အစာချေဖျက်နှုန်း မြှင့်တင်ခြင်း

        ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးဆိုတာ အာဟာရဓာတ်နည်းပြီး၊ လူနဲ့ အခြားသောတိရစ္ဆာန်တွေ မစားသုံးနိုင်တဲ့ ကောက်ရိုး၊ မြက် အစရှိတဲ့ အစာကြမ်း(Forage)တွေကနေ အဆင့်မြင့်တဲ့ အသားဓာတ်ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့လုပ်ငန်းပဲ ဖြစ်ပါတယ်။ အာဟာရနည်းပြီး အရည်အသွေးလည်းနိမ့်၊ လူသားတွေ ချေဖျက်ဖို့လည်း မဖြစ်နိုင်တဲ့ အစာတွေကို ကုန်ကြမ်းအဖြစ် စားသောက်ပြီး အသား၊ နို့ စတဲ့ အာဟာရဓာတ်လည်း ကြွယ်ဝ၊ အရည်အသွေးလည်းမြင့်၊ လူသားတွေရဲ့ အစာလမ်းကြောင်းကနေလည်း အလွယ်တကူ ချေဖျက်စုပ်ယူနိုင်တဲ့ နို့၊ အသားစတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနိုင်အောင် ကြားခံကူညီလုပ်ဆောင်ပေးတာကတော့ ရူမင်ထဲမှာရှိတဲ့ အစာချေအဏုဇီဝပိုးမွှားလေးတွေပဲ ဖြစ်ပါတယ်။ 

        ဒါကြောင့် အစာတွေကို အဏုဇီဝပိုးမွှားတွေက ချေဖျက်နိုင်မှုများလေလေ၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ပိုင်ရှင်အတွက် အကျိုးရှိလေလေ ဖြစ်ပါတယ်။ စားမြုံ့ပြန်သတ္တဝါတွေ ကြိတ်ဝါးပြီး မျိုချလိုက်တဲ့ အစာအပိုင်းအစတွေနဲ့ နှိုင်းယှဉ်ရင် အဏုဇီဝပိုးမွှားလေးတွေက အရွယ်အစား အလွန်သေးငယ်ပါတယ်။ အဲဒီအစာအစိတ်အပိုင်းတွေရဲ့ မျက်နှာပြင်မှာ အဏုဇီဝပိုးမွှားလေးတွေက တွယ်ကပ်ပြီး ချေဖျက်ရတာဖြစ်ပါတယ်။ တကယ်လို့ အဲဒီအစာအစိတ်အပိုင်းတစ်ခုကို အစိတ်မြွှာလေးတွေအဖြစ် ကြိတ်ခြေလိုက်မယ်ဆိုရင် အဏုဇီဝပိုးမွှားလေးတွေ တွယ်ကပ်ဖို့ မျက်နှာပြင် ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး၊ အစာချေဖျက်နှုန်း ကောင်းမွန်လာမှာပါ။ ဥပမာအားဖြင့် တစ်ကုဗလက်မရှိတဲ့ ကုဗတုံးပုံ အစာတစ်ခဲမှာ အဏုဇီဝပိုးမွှားတွယ်ကပ်စရာ တစ်လက်မပတ်လည် မျက်နှာပြင်ခြောက်ခု ပါရှိပါတယ်။ အဲဒီအစာတုံးကို ထက်ဝက်ပိုင်းလိုက်ခြင်းအားဖြင့် အဏုဇီ၀ပိုးတွေ တွယ်ကပ်ဖို့ တစ်လက်မပတ်လည် မျက်နှာပြင်အပိုနှစ်ခု ရရှိလာမှာဖြစ်ပါတယ်။ အဏုဇီဝပိုးတွေ တွယ်ကပ်ဖို့ မျက်နှာပြင်တွေ နှစ်ခု (မူလထက် သုံးပုံတစ်ပုံ) ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ အစာကို ချေဖျက်နိုင်တဲ့နှုန်းကလည်း သုံးပုံတစ်ပုံ ပိုတက်လာနိုင်ပါတယ်။ 

        ဒါကြောင့် အစာတွေကို သေးငယ်တဲ့အစိတ်အပိုင်းလေးတွေဖြစ်အောင် ပြန်လည်ကြိတ်ဝါးတဲ့ စားမြုံ့ပြန်ခြင်းဟာ အစာချေဖျက်မှုကို ပိုမိုကောင်းမွန်လာစေပါတယ်။ 

အစာပိုစားနိုင်ခြင်း

        စားမြုံ့ပြန်သတ္တဝါတွေဟာ အာဟာရဓာတ်နည်းပြီး၊ လူနဲ့ အခြားသော တိရစ္ဆာန်တွေ မစားသုံးနိုင်တဲ့ ကောက်ရိုး၊ မြက် အစရှိတဲ့ အစာကြမ်း (Forage) တွေကနေ အဆင့်မြင့်တဲ့ အသားဓာတ်ထုတ်ကုန်တွေကို ထုတ်ပေးရတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ စားသောက်တဲ့အစာအာဟာရ တစ်ယူနစ်ချင်းစီရဲ့ (ဥပမာ တစ်ပိဿာချင်းစီ) အာဟာရဓာတ်ပါဝင်မှုချင်း နှိုင်းယှဉ်ရင် အစာကြမ်းတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်က အလွန့်ကို နည်းပါးပါတယ်။ ဥပမာဆိုရရင် ကြက်၊ ဝက်တွေစားသောက်တဲ့ ပဲဖတ်၊ နှမ်းဖတ်တွေဟာ အသားဓာတ် (Protein) ပါဝင်မှု ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၄၀ ခန့် ပါဝင်ပါတယ်။ မြက်မှာတော့ အသားဓာတ်က အများဆုံး ၁၅ ရာခိုင်နှုန်းအထိပဲ ပါဝင်နိုင်ပြီး၊ ကောက်ရိုးမှာတော့ အများဆုံး ၅ ရာခိုင်နှုန်းလောက်အထိပဲ ပါဝင်ပါတယ်။ ဒါကြောင့် ပဲဖတ်၊ နှမ်းဖတ် တစ်ပိဿာက ရရှိတဲ့ အာဟာရဓာတ်နဲ့ တူညီတဲ့ အာဟာရဓာတ်ပမာဏကို ကောက်ရိုး၊ မြက်တွေကနေ ရဖို့ဆိုရင် ကောက်ရိုး၊ မြက်ပမာဏ အမြောက်အမြားကို စားသောက်ဖို့ လိုအပ်ပါတယ်။ 

        အဲဒီလို ပမာဏအမြောက်အမြားကို စားသောက်ရမှာဖြစ်လို့၊ ကြေညက်အောင် ကြိတ်ဝါးပြီးမှ မျိုချတာနဲ့ နှိုင်းယှဉ်ရင် သေချာမကြိတ်ဝါးဘဲ မြန်မြန်စားပြီး၊ အနားယူချိန်ရောက်မှ စားမြုံ့ ပြန်ကြိတ်ဝါးတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။ ဒါကြောင့် စားမြုံ့ပြန်ခြင်းဟာ  အစာပိုစားနိုင်အောင်၊ အာဟာရဓာတ် ပိုမိုရရှိအောင် အထောက်အကူပြုပါတယ်။

ဓာတ်ပုံ - pxfuel.com


ရူမင်အတွင်း ချဉ်ငန်ဓာတ် ထိန်းညှိပေးခြင်း

        အစာချေအဏုဇီဝပိုးမွှားလေးတွေက အဲဒီလို ကူညီရာမှာ ကျွေးလိုက်တဲ့ အစာတွေကို အချဉ်ဖောက်တဲ့နည်းကို အသုံးပြုပါတယ်။ တိရစ္ဆာန်ကို ကျွေးလိုက်တဲ့အစာတွေကို အဏုဇီဝပိုးမွှားလေးတွေက အချဉ်ဖောက်ရာမှာ အက်ဆစ်ဓာတ်သုံးမျိုး ထွက်ပေါ်လာပြီး အဲဒီအက်ဆစ်ဓာတ် သုံးမျိုးကနေ တိရစ္ဆာန်အတွက် စွမ်းအင် (Energy) ကို ထုတ်ယူရရှိတယ်လို့ ယခင်အပတ်က တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

        ဒီနေရာမှာ စဉ်းစားကြည့်စရာက အဏုဇီဝပိုးမွှားတွေရဲ့ အချဉ်ဖောက်တဲ့ လုပ်ငန်းဟာ ရူမင်ထဲမှာ ဆက်တိုက်ဖြစ်ပေါ်နေတာမို့၊ အက်ဆစ်တွေကလည်း ဆက်တိုက်ထွက်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီလိုသာ ထွက်လာသမျှ အက်ဆစ်ဓာတ်တွေကို မချေဖျက်ဘဲ ဒီအတိုင်းထားရင် ရူမင်ထဲမှာ အက်ဆစ်ဓာတ် လွန်ကဲခြင်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ဆိုလိုတာက ရူမင်ထဲမှာ ချဉ်ငန်နှုန်း (PH) အလွန်အအမင်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။ 

        ရူမင်ထဲမှာ အက်ဆစ်ဓာတ် မြင့်မားမယ်ဆိုရင် သွေးထဲမှာလည်း အက်ဆစ်ဓာတ်တွေ လွန်ကဲလာပြီး ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

        တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးထိခိုက်မှု မတိုင်ခင် ထိခိုက်ခံစားရမှာကတော့ အဲဒီအက်ဆစ်ဓာတ် ထွက်ပေါ်လာစေတဲ့ အစာချေ အဏုဇီဝပိုးမွှားလေးတွေပဲ ဖြစ်ပါတယ်။ အဏုဇီဝပိုးတွေဟာ ချဉ်ငန်နှုန်း ၆ ဒသမ ၂ နဲ့ ၇ ကြားမှာ အကောင်းဆုံး ရှင်သန်နိုင်ကြပါတယ်။ ချဉ်ငန်နှုန်းက ၆ ဒသမ ၂ အောက်ကို ရောက်လာပြီဆိုရင် အမျှင်ဓာတ်ကို ချေဖျက်တဲ့ ဘက်တီးရီးယား (Fibre digesting bacteria) တွေရဲ့ ချေဖျက်မှုစွမ်းရည်က ကျဆင်းလာပါတယ်။ ချဉ်ငန်နှုန်းက ၅ ဒသမ ၄ ကို ရောက်ပြီဆိုရင်တော့ အဲဒီ ဘက်တီးရီးယားတွေ သေဆုံးကုန်ပြီး လက်တစ်အက်ဆစ်ဘက်တီးရီးယား (Lactic Acid Bacteria) တွေ ပိုမိုပေါက်ပွားလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ တိရစ္ဆာန်ရဲ့သွေးထဲမှာ အက်ဆစ်ဓာတ်မြင့်မားတဲ့အခြေအနေ (Acidosis) ကို ဖြစ်ပေါ်စေမှာပါ။ 

        ဒါကြောင့် ရူမင်ထဲမှာ အဏုဇီဝပိုးမွှားလေးတွေ ပုံမှန်ပေါက်ပွားရှင်သန်စေဖို့ ရူမင်အတွင်း ချဉ်ငန်နှုန်းကို အကောင်းဆုံးအခြေအနေဖြစ်တဲ့ ၆ ဒသမ ၂ နဲ့ ၇ အကြားမှာ အမြဲတမ်း ထိန်းသိမ်းထားရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို ထိန်းသိမ်းထားနိုင်ဖို့အတွက် အက်ဆစ်ဓာတ်ကို ချေဖျက်ပေးတဲ့ အရာတစ်ခုခုကို ရူမင်ထဲ လိုသလောက် ထည့်သွင်း ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် သဘာဝတရားက “စားမြုံ့ပြန်ခြင်း” ဆိုတာကို ဖန်တီးပေးထားခဲ့တာပါ။ 

        စားမြုံ့ပြန်တယ်ဆိုတာ ကြေညက်အောင် မကြိတ်ဝါးဘဲ မျိုချထားတဲ့ အစာဟောင်းတွေကို ရူမင်ထဲကနေ ပြန်အန်ထုတ်၊ ပြန်လည်ကြိတ်ဝါးပြီး၊ ရူမင်ထဲကို ပြန်မြိုချတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်တယ်လို့ အထက်မှာ တင်ပြခဲ့ပါတယ်။ အဲဒီလို ပြန်လည်ကြိတ်ဝါးတဲ့အတွက် တံတွေးတွေ ထွက်လာပါတယ်။ တံတွေးထဲမှာ အယ်လ်ကာလီ (Alkali) ဓာတ်ပါတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဥပမာ ဘိုင်ကာဗွန်နိတ် (HCO3) တွေ ဖြစ်ပါတယ်။

        အစာတွေကို ကြိတ်ဝါးပြီး ပြန်မျိုချတဲ့အခါ တံတွေးနဲ့အတူ အဲဒီ ဘိုင်ကာဗွန်နိတ်တွေက ရူမင်ထဲ ရောက်သွားပါတယ်။ ရူမင်ထဲရောက်ပြီဆိုရင် လိုတာထက်ပိုနေတဲ့ အက်ဆစ်ဓာတ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဒါကြောင့် စားမြုံ့ ပြန်ခြင်းက ရူမင်ထဲမှာ အက်ဆစ်ဓာတ်တွေ အလွန်အမင်း မဖြစ်ပေါ်စေဖို့ ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်ရဲ့ ကျန်းမာရေးနဲ့ စားမြုံ့ပြန်ခြင်းဟာ ဆက်စပ်နေပါတယ်။ 

        စားမြုံ့ပြန်ခြင်းနဲ့ ရူမင်ရဲ့လုပ်ငန်းတွေ ဘယ်လိုဆက်စပ်တယ်၊ စားမြုံ့ပြန်ခြင်းဟာ ဘာကြောင့် အရေးကြီးတယ်ဆိုတာကို ခြုံငုံနားလည်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ နောက်တစ်ပတ်မှာတော့ တိရစ္ဆာန်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေအကြောင်း ဆက်လက် ဆွေးနွေးတင်ပြပါဦးမယ်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၆)

No comments:

Popular Posts