ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှုအကြောင်း အခြေခံကစပြီး တင်ပြနိုင်ဖို့ ကြိုးစား ကြည့်ရာမှာ ပြီးခဲ့တဲ့အပတ် ဒို့ကျေးရွာဂျာနယ်မှာတော့ လူ၊ ကြက်၊ ဝက် အစရှိတဲ့ အစာအိမ်တစ်ကန့်တည်းရှိတဲ့ သတ္တဝါ (Single stomach animal) တွေနဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိတဲ့ စားမြုံ့ပြန်သတ္တဝါ (Ruminant) တွေရဲ့ အစာလမ်းကြောင်းတွေဟာ ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
စားမြုံ့ပြန်သတ္တဝါတွေရဲ့ အစာအိမ်တွေကို ရူမင် (Rumen)၊ ရက်တီကူလမ် (Reticulum)၊ အိုမေဆမ် (Omasum) နဲ့ အဘိုမေဆမ် (Abomasum) ဆိုတဲ့ အကန့်လေးကန့်နဲ့ ဖွဲ့စည်းထားတဲ့ အကြောင်းကို စာဖတ်သူများ မှတ်မိနေလိမ့်ဦးမယ်လို့ ယူဆပါတယ်။ ဒီတစ်ပတ်မှာတော့ ရူမင်အစာအိမ်အကန့်အကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။
ရူမင်ထဲမှာ ဘာတွေရှိသလဲ
ရူမင်အစာအိမ်ဟာ တိရစ္ဆာန်ရဲ့ ဝမ်းဗိုက်အတွင်း ဘယ်ဘက်ခြမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားတဲ့ အိတ်ကြီးတစ်လုံးပဲ ဖြစ်ပါတယ်။ ရူမင်ရဲ့အတွင်းပိုင်းကို ကြည့်ရင် အောက်ပိုင်း သုံးပုံနှစ်ပုံလောက်မှာ ရေတွေ ရှိနေပြီး၊ အပေါ်ပိုင်း သုံးပုံတစ်ပုံခန့်မှာ ဓာတ်ငွေ့တွေပြည့်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ရေတွေထဲမှာ အစာတွေ ရှိနေပါလိမ့်မယ်။ အစာတွေကို ချေဖျက်မယ့် အဏုဇီဝပိုးမွှားလေးတွေဟာ အဲဒီရေထဲမှာ ရှင်သန်ပေါက်ပွားနေပြီး အစာတွေကို ချေဖျက်နေပါတယ်။ တစ်နည်းအားဖြင့် အဲဒီရေဟာ အဏုဇီဝပိုးမွှားလေးတွေအတွက် အိမ်ပါပဲ။ ရူမင်ထဲမှာရှိတဲ့အစာတွေဟာလည်း နှစ်ပိုင်းကွဲနေတာကို တွေ့ရနိုင်ပါတယ်။
အပေါ်ပိုင်းက အစာတွေဟာ သိပ်မကြာခင်ကမှ စားထားတဲ့ အစာတွေ ဖြစ်ပြီး အစာအပိုင်းအစတွေရဲ့ အရွယ်အစားဟာ ကြီးမားပါတယ်။ အပေါ်ပိုင်းမှာ ရှိနေတဲ့အတွက် ပြန်အန်ထုတ်ပြီး စားမြုံ့ပြန် ကြိတ်ဝါးဖို့ လွယ်ကူစေပါတယ်။
စားမြုံ့ပြန်ကြိတ်ဝါးပြီး အစာတွေဟာ အရွယ်အစားသေးငယ်သွားတဲ့အတွက် ရူမင်ထဲကို ပြန်ရောက်လာတဲ့အခါ အောက်ခြေကို ရောက်သွားပါတယ်။ အဲဒီလို အရွယ်အစားသေးငယ်သွားတဲ့အတွက် အစာအပိုင်းအစလေးတွေရဲ့ မျက်နှာပြင်က ပိုပြီးကျယ်လာပါတယ်။ မျက်နှာပြင်ပိုကျယ်တဲ့အတွက် ရူမင်ထဲမှာရှိတဲ့ အဏုဇီဝအစာချေပိုးလေးတွေက ပိုမိုတွယ်ကပ်နိုင်ပြီး အစာကို ပိုမိုချေဖျက်လာနိုင်ပါတယ်။
ချုပ်ပြောရရင် အပေါ်ပိုင်းမှာရှိတဲ့ အစာတွေက အစာသစ်တွေဖြစ်ပြီး အောက်ပိုင်းမှာရှိတဲ့ အစာတွေက နည်းနည်းပိုဟောင်းတဲ့ အစာတွေ ဖြစ်ပါတယ်။ ရူမင်ရဲ့အောက်ခြေမှာ အဏုဇီဝပိုးမွှားလေးတွေက ခြေဖျက်နေတဲ့ အစာဟောင်းအစိတ်အပိုင်း သေသေးလေးတွေဟာ နောက်ထပ်အစာအိမ်အကန့်တစ်ကန့်ဖြစ်တဲ့ ရက်တီကူလမ် (Reticulum) ကို ရွှေ့ပြောင်းသွားပါတယ်။ အဲဒီလို ရွှေ့ပြောင်းသွားရာမှာ အစာတွေနဲ့အတူ ရေတွေ၊ အဏုဇီဝအစာချေပိုးမွှားလေးတွေပါ အတူတူပါသွားကြတာပါ။
ရူမင်ထဲမှာရှိတဲ့ အစာတွေကို ချေဖျက်ပေးတဲ့ အဏုဇီဝပိုးမွှားအမျိုးအစားက ထောင်ချီရှိနိုင်ပြီး၊ ပိုးမွှားအရေအတွက်ကလည်း သန်းချီပြီး ရှိနိုင်ပါတယ်။ အဲဒီအဏုဇီဝပိုးမွှားလေးတွေက အစာတွေကို ချေဖျက်တဲ့အခါ အချဉ်ဖောက်ခြင်း (Fermentation) နည်းလမ်းကို အသုံးပြုပါတယ်။ အဲဒီဖြစ်စဉ်က မီသိန်း (Methane) ဓာတ်ငွေ့ကို ထွက်ပေါ်လာစေပါတယ်။ အဲဒီဓာတ်ငွေ့တွေဟာ ရူမင်ရဲ့ အပေါ်ပိုင်း သုံးပုံတစ်ပုံမှာ တည်ရှိနေတာပါ။
ရူမင်ရဲ့ လှုပ်ရှားပုံ
ရူမင်အစာအိမ်အကန့်ကြီးရဲ့ နံရံထဲမှာ ကြွက်သားတွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အဲဒီ ကြွက်သားတွေက ကျုံ့နိုင်၊ ဆန့်နိုင်ပါတယ်။ ကြွက်သားတွေကျုံ့လိုက်တဲ့အခါ ရူမင်ကြီးကို ညှစ်လိုက်သလိုဖြစ်ပြီး၊ ဆန့်လိုက်တဲ့အခါ ညှစ်ထားတာကို ပြန်ဖြေလျှော့ပေးပါတယ်။
ကြွက်သားတွေကို ကျုံ့ပြီး ရူမင်ကြီးကို ညှစ်လိုက်တဲ့အခါ အပေါ်ပိုင်းမှာရှိတဲ့ အစာအစိတ်အပိုင်း အကြီးတွေဟာ အစာရေမျိုကတစ်ဆင့် ပါးစပ်ထဲကို ပြန်ရောက်သွားပါတယ်။ ပါးစပ်ထဲပြန်ရောက်လာတဲ့ အစာတွေကို တိရစ္ဆာန်က ပြန်လည်ကြိတ်ဝါးပြီး စားမြုံ့ပြန်ပါတယ်။
ရူမင်ကို ညှစ်လိုက်တဲ့အတွက် ရူမင်ထဲက ဓာတ်ငွေ့အချို့လည်း အပြင်ကို ထွက်သွားစေပါတယ်။ တစ်ပြိုင်နက်တည်းမှာ ရူမင်အောက်ခြေပိုင်းမှာရှိတဲ့ အစာအစိတ်အပိုင်း အသေးလေးတွေကိုလည်း ရက်တီကူလမ်ဆီကို တွန်းထုတ်ပြီးသား ဖြစ်သွားပါတယ်။
ရူမင်အစာအိမ်နံရံ
လူနဲ့ တိရစ္ဆာန်တွေအားလုံးဟာ အသက်ရှင်ရပ်တည်ဖို့၊ အလုပ်လုပ်နိုင်ဖို့၊ ထုတ်လုပ်နိုင်ဖို့ စွမ်းအင် (Energy) လိုအပ်ပါတယ်။ သကြားဓာတ်ဟာ စွမ်းအင်ရရှိဖို့ အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ သကြားဓာတ်ရရှိဖို့ ကာဗိုဟိုက်ဒြိတ် (Carbohydrate) လို့ခေါ်တဲ့ ကစီဓာတ်ပါတဲ့ အစားအသောက်တွေကို စားသောက်ပေးရပါတယ်။ ဥပမာအားဖြင့် လူတွေဟာ ဆန်၊ ဂျုံ အစရှိတဲ့ ကဆီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို အဓိကစားသုံးရပါတယ်။
မြက်၊ ကောက်ရိုးအစရှိတဲ့ အစာကြမ်း(Forage)တွေမှာ ချေဖျက်ရလွယ်တဲ့ ကစီဓာတ်အနည်းငယ်သာ ပါဝင်ပါတယ်။ ခြေဖျက်ရခက်ခဲတဲ့ ဆဲလူးလို့စ် (Cellulose)၊ ဟီမီးဆဲလူလို့စ် (Hemi-cellulose)၊ လစ်ဂ်နင် (Lignin) အစရှိတဲ့ အမျှင်ဓာတ်တွေသာ အဓိကပါဝင်ပါတယ်။ အဲဒီအမျှင်ဓာတ်တွေက တိရစ္ဆာန်အတွက် လုံလောက်တဲ့စွမ်းအင်ကို မထုတ်ပေးနိုင်ပါဘူး။ လုံလောက်တဲ့စွမ်းအင် ပါဝင်တယ်ဆိုရင်တောင် အဲဒီအမျှင်ဓာတ်တွေကို တိရစ္ဆာန်တွေရဲ့ အစာချေစနစ်က ကောင်းကောင်းမချေဖျက်နိုင်ပါဘူး။
သူတို့ကို ချေဖျက်နိုင်တာကတော့ ရူမင်ထဲမှာရှိတဲ့ အဏုဇီဝပိုးမွှားလေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့ စားမြုံ့ပြန်သတ္တဝါတွေဟာ လူ၊ ကြက်၊ ဝက်တွေ မစားသောက်နိုင်တဲ့ မြက်၊ ကောက်ရိုး စတာတွေကို စားသောက်ပြီး အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။
ရူမင်ထဲကို ရောက်လာတဲ့ အဲဒီအမျှင်ဓာတ်တွေကို အဏုဇီဝပိုးမွှားတွေက Fermentation နည်းနဲ့ ချေဖျက်တဲ့အခါ အက်ဆစ်ဓာတ် သုံးမျိုး ထွက်ပေါ်လာပါတယ်။ (နောက်ပိုင်း အာဟာရဗေဒအကြောင်း ဆွေးနွေးတဲ့အခါ အဲဒီအက်ဆစ်ဓာတ်တွေအကြောင်း အသေးစိတ် ဆွေးနွေးသွားပါဦးမယ်။) အဲဒီ အက်ဆစ်ဓာတ်သုံးမျိုးကို ရူမင်ရဲ့နံရံအတွင်းသားက စုပ်ယူပြီး သွေးကြောထဲကို ပို့ပေးပါတယ်။ လိုအပ်တဲ့ဓာတ်ပြုမှုတွေ ဆက်လက်ဖြစ်ပေါ်တဲ့အခါ စွမ်းအင်ဓာတ် ထွက်လာပါတယ်။ ဒါကြောင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေဟာ ကစီဓာတ်သိပ်ပြီးမကြွယ်ဝတဲ့ အစာကြမ်းတွေကို စားသောက်ပေမယ့် အဏုဇီဝပိုးမွှားလေးတွေရဲ့ အကူအညီနဲ့ လုံလောက်တဲ့ စွမ်းအင်ကို ရရှိနေတာ ဖြစ်ပါတယ်။
ရူမင်ထဲမှာ အဏုဇီဝပိုးလေးတွေကြောင့် ထွက်လာတဲ့ အက်ဆစ်ဓာတ် သုံးမျိုးကို ရူမင်နံရံက တတ်နိုင်သမျှ များများစုပ်ယူဖို့ လိုအပ်ပါတယ်။ အဲဒီလိုသာ မစုပ်ယူရင် ခန္ဓာကိုယ်အတွက် စွမ်းအင်မလုံလောက်မှု ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း ရူမင်ထဲမှာ အက်ဆစ်ဓာတ်တွေမြင့်မားလာပြီး အစာချေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အက်ဆစ်ဓာတ်က အဏုဇီဝပိုးမွှားလေးတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့် ရူမင်ရဲ့ အတွင်းမျက်နှာပြင်ကို ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်အောင် သဘာဝတရားက စီမံထားပါတယ်။
ရူမင်ရဲ့ မျက်နှာပြင်ကို သေသေချာချာ ကြည့်လိုက်ရင် အဖုငယ်လေးတွေ အများအပြားတွေ့ရမှာပါ။ မျက်နှာပြင် ပြောင်ချောကြီးနဲ့ နှိုင်းယှဉ်ရင် အခုလို အဖုငယ်လေးတွေ ချွန်ထွက်နေခြင်းက မျက်နှာပြင်ကို ပိုမိုကျယ်ပြန့်စေပါတယ်။ အဲဒီလို ကျယ်ပြန့်တဲ့မျက်နှာပြင်ရှိခြင်းအားဖြင့် အဏုဇီဝပိုးမွှားလေးတွေက အမျှင်ဓာတ်တွေကို ချေဖျက်ပြီး ထုတ်လုပ်ပေးတဲ့ အက်ဆစ်ဓာတ် သုံးမျိုးကို ပိုမိုစုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
ရူမင်မျက်နှာပြင်မှာ အဲဒီအဖုငယ်လေးတွေ များလေလေ၊ ရူမင်ရဲ့ အစာချေလုပ်ငန်းတွေ ပိုပြီးထိရောက် ကောင်းမွန်လေပဲ ဖြစ်ပါတယ်။
တင်ပြခဲ့တဲ့ အချက်အလက်တွေကို အာရုံစိုက် ဖတ်ရှုကြည့်ခြင်းအားဖြင့် ရူမင်အစာအိမ်ရဲ့ ခန္ဓာဗေဒတည်ဆောက်ပုံ၊ အလုပ်လုပ်ပုံနဲ့၊ အရေးပါပုံများကို သဘောပေါက်နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့်အပတ် ဒို့ကျေးရွာမှာတော့ စားမြုံ့ပြန်ခြင်းရဲ့ အရေးပါပုံကို ဆက်ပြီး ဆွေးနွေးပါဦးမယ်။
ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှုလို့ ခေါင်းစဉ်ပေးထားပေမယ့် အစာအကြောင်း မပြောခင် ကြိုတင်သိထားဖို့ လိုအပ်တဲ့ အစာချေစနစ်အကြောင်း၊ အာဟာရဗေဒအကြောင်းအရာများကို အချိန်ယူပြီး ပြောနေတာကိုတော့ နားလည်ပေးကြစေလိုပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅)
No comments:
Post a Comment