ကြည်မင်းသူ
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စတင်ရေတွက်ပါက မြန်မာနိုင်ငံအတွက် စတုတ္ထအကြိမ်မြောက် ပါတီစုံဒီမိုကရေစီစနစ် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ အထက်ပါစာကြောင်းတွင် ပါဝင်ခဲ့သော ပါတီစုံ၊ ဒီမိုကရေစီ၊ အထွေထွေရွေးကောက်ပွဲများကို အဓိပ္ပာယ်ဖော်ကြည့်ပါစို့။
ရှေးဦးစွာ ဒီမိုကရေစီဆိုသည့် စကားလုံးသည် နိုင်ငံတစ်ခု၏ အုပ်ချုပ်မှုစနစ်ကို ဖော်ပြသော စကားလုံးဖြစ်ပါသည် ဒီမိုကရေစီဆိုသည့် စကားလုံးသည် ရောမ (ဂရိဘာသာစကား) ဒဲမိုခရရှား ဟူသောစကားလုံးမှ ဆင်းသက်လာပြီး ဒဲမို (ပြည်သူ)ဆိုသော စကားလုံးနှင့် ခရာတို (အုပ်ချုပ်မှု) ဟူသော အဓိပ္ပာယ်များသက်ရောက်ပြီး ပြည်သူများမှ အုပ်ချုပ်သူ၊ ဥပဒေ ပြုသူများကို ရွေးချယ်ခွင့်အာဏာရှိခြင်းဟု အဓိပ္ပာယ်ရသည်။ ဒီမိုကရေစီဟူသည့် အဓိပ္ပာယ်ကို ဆန်းစစ်ပါက ပြည်သူ့အုပ်ချုပ်မှုစနစ်ဖြစ်ပြီး အများစု၏ ဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်း ဖြစ်သော်လည်း အနည်းစု၏ အခွင့်အရေးကို လေးစားကြရပါသည်။ ဒီမိုကရေစီသည် အများစုဖြင့် အနိုင်ကျင့်သောစနစ် မဟုတ်ပေ။ ဒီမိုကရေစီစနစ်တွင် တစ်မူကွဲပြားသော အုပ်ချုပ်မှုပုံစံများလည်း ရှိသေးသည်။ လစ်ဘရယ်ဒီမိုကရေစီဟုခေါ်သည့် နိုင်ငံရေးလွတ်လပ်မှုအခြေပြု အုပ်ချုပ်သည့်စနစ်ဖြစ်ပြီး စီးပွားရေးတွင် လွတ်လပ်သော ဈေးကွက်ဗဟိုပြုဝါဒနှင့် တစ်သီးပုဂ္ဂလပိုင်ဆိုင်မှုကို အသိအမှတ်ပြုသည့် စနစ်ကို ကျင့်သုံးကြသည်။ ဆိုရှယ်ဒီမိုကရေစီတွင် နိုင်ငံရေးအရလွတ်လပ်မှုရှိပြီး အစိုးရမှ နိုင်ငံသားတို့၏ လူမှုဖူလုံရေးကို အလေးထားကာ စီးပွားရေးတွင် ဆိုရှယ်လစ်စျေးကွက်အခြေပြုစီးပွားရေးကို ကျင့်သုံးသည်။ ပြည်သူ့ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ ဗဟိုအခြေပြုစနစ်ကျင့်သုံးပြီး စီးပွားရေးတွင် ဗဟိုစီမံကိန်းချစနစ်ကို ရှေးရှုသော်လည်း ခြွင်းချက်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပုဂ္ဂလိကစီးပွားရေးကို အားပေးသည့် စနစ်လည်းရှိပေသည်။
![]() |
ဓာတ်ပုံ - vector stock.com |
ဒီမိုကရေစီစနစ်တွင်ပင် ပါလီမန်အခြေပြုစနစ်၊ သမ္မတအခြေပြုစနစ်၊ ရောပြွန်းသမ္မတစနစ်များလည်း ရှိသေးသည်။ ပါလီမန်အခြေပြု ပါလီမန်ဒီမိုကရေစီစနစ်ဆိုသည်မှာ နိုင်ငံတော်၏အကြီးအကဲသည် သမ္မတ၊ ဘုရင်၊ ဘုရင်မဖြစ်သော်လည်း အစိုးရအဖွဲ့အကြီးအကဲသည် ရွေးကောက်ပွဲမှ အနိုင်ရလာသောဝန်ကြီးချုပ်ဖြစ်သည်။ နိုင်ငံရေးအရ နိုင်ငံတော်၏ မူဝါဒချမှတ်မှုများတွင် ဝန်ကြီးချုပ်သည်သာ အဓိကဖြစ်သည်။ နိုင်ငံတော်အကြီးအကဲဖြစ်သူသည် နိုင်ငံ၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ်သာ ရပ်တည်ရသောသူဖြစ်သည်။
မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီကို လွတ်လပ်ရေးရပြီးချိန်မှစ၍ ၁၉၆၂ ခုနှစ် မတ်လ (၁)ရက်အထိ အသုံးပြုခဲ့သည်။ သမ္မတအခြေပြု ဒီမိုကရေစီစနစ်ဆိုသည်မှာ ရွေးကောက်ပွဲမှ အနိုင်ရလာသော နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲအဖြစ်လည်းကောင်း အစိုးရအဖွဲ့၏ အကြီးအကဲအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်သည်။ နိုင်ငံတော်သမ္မတကို ပြည်သူများမှ ရွေးကောက်ပွဲများမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ နိုင်ငံတော်၏ မူဝါဒများကို နိုင်ငံတော်သမ္မတက အဓိကချမှတ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အဆိုပါစနစ်ကို ကျင့်သုံးသော်လည်း မြန်မာနိုင်ငံတွင် သမ္မတစနစ်စစ်စစ်ကို မသုံးစွဲဖူးသေးပါ။ ရောပြွန်းသမ္မတစနစ်ဆိုသည်မှာ ပြည်သူများမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်သော နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ပြီး ရွေးကောက်ပွဲမှတစ်ဆင့် ပါလီမန်တွင် အနိုင်ရလာသော နိုင်ငံရေးပါတီမှ ပါလီမန်အတွင်း တင်မြှောက်သော ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်သည်။ နိုင်ငံတော်၏ မူဝါဒများကို နိုင်ငံတော်သမ္မတက အဓိကချမှတ်ပြီး ဝန်ကြီးချုပ်မှဖွဲ့စည်းသော အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတမှ အသိအမှတ်ပြုပေးရသည်။ နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်သည် တစ်ပါတီတည်းမှဖြစ်ပါက သမ္မတသည် နိုင်ငံရေးအရ အခရာဖြစ်သည်။ ပါတီမတူပါက ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား ထိန်းညှိခြင်းအလုပ်ကို ဆောင်ရွက်သည်။ အဆိုပါစနစ်ကို ပြင်သစ်နိုင်ငံတွင် ကျင့်သုံးသည်။ နိုင်ငံရေးဝါဒများအရ ဒီမိုကရေစီစနစ်အပြင် ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အာဏာရှင်ဝါဒ၊ ပဒေသရာဇ်အခြေပြုဝါဒ၊ ဘာသာရေးအခြေပြု အုပ်ချုပ်မှုဝါဒများလည်း ရှိသေးသည်။
ပါတီစုံဆိုသည့် စကားလုံးသည် ရွေးကောက်ပွဲစနစ်တွင် အခြေပြုသည်။ ပါတီစုံဆိုသည့် စကားလုံး၏ ဆန့်ကျင်ဘက်အနေဖြင့် တစ်ပါတီရွေးကောက်ပွဲစနစ်ဆိုသည့် စကားလုံးရှိနေသည်။ ပါတီစုံဆိုသည့် စကားလုံးတွင် အနည်းဆုံး နှစ်ပါတီစနစ်သဏ္ဌာန်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုကဲ့သို့ နှစ်ပါတီအဓိကပြိုင်ဆိုင်မှု အပါအဝင် နိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ကြသော ရွေးကောက်ပွဲများလည်းရှိသည်။ မြန်မာနိုင်ငံတွင် တစ်ပါတီစနစ်ကို ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အသုံးပြုခဲ့ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်ရှိအချိန်ထိ တစ်ပါတီစနစ်ကျင့်သုံးသည်။
ရွေးကောက်ပွဲဆိုသည့် စကားလုံး၏အဓိပ္ပာယ်မှာ မဲဆန္ဒပေးခွင့်ရသော ပြည်သူလူထုကြီးမှ နိုင်ငံ၏အုပ်ချုပ်သူများကို ရွေးချယ်ရာတွင် မဲဆန္ဒပေးအုပ်ချုပ်စေခြင်းဖြ စ်သည်။ နိုင်ငံတော်၏ ပင်မဒေါက်တိုင်အဖြစ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် ခက်မသုံးဖြာရှိသည်။ မြန်မာနိုင်ငံတွင် ကျင်းပနေသော ရွေးကောက်ပွဲများသည် ဥပဒေပြုရေးလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ရသော ရွေးကောက်ပွဲများဖြစ်သည်။ ဥပဒေပြုရေး လွှတ်တော်များမှတစ်ဆင့် အုပ်ချုပ်ရေးကဏ္ဍအတွက် နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ အကြီးအကဲများနှင့် ပြည်ထောင်စုအဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက်ကြသည်။ ရွေးကောက်ပွဲဟုဆိုရာတွင် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲဟူသည့် စကားလုံးများလည်း ရှိသေးသည်။
အထွေထွေရွေးကောက်ပွဲဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ကာလသက်တမ်း ကုန်ဆုံးသွားသဖြင့် ဥပဒေပြုရေးလွှတ်တော်ကိုယ်စားလှယ်နေရာများအားလုံးကို ရွေးကောက်တင်မြှောက်ရသောပွဲဖြစ်သည်။ တစ်နည်းအားဖြင့် နောင်သက်တမ်းအသစ်အတွက် တိုင်းပြည်ကို အုပ်ချုပ်မည့် နိုင်ငံရေးပါတီများကို ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုအစိုးရအဖွဲ့တွင်
ရာထူးရရှိသွားသဖြင့် မဲဆန္ဒနယ်တွင် လစ်လပ်သွားသူများ၊ ကွယ်လွန်သွားသူများရှိ၍ လစ်လပ်သွားသော မဲဆန္ဒနယ်များအတွက် ပြန်လည်ကျင်းပပေးရသော ရွေးကောက်ပွဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပပြီးသော ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်၊ ၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ် တို့တွင် ကျင်းပခဲ့ကြသည်။ ရွေးကောက်ပွဲများတွင် ကျင့်သုံးသော မတူညီသော
ရွေးကောက်နည်းစနစများလည်း ရှိသေးသည်။ နိုင်သူအကုန်ရစနစ်ဖြစ်သော First Past the Post (FPTP) နှင့် အချိုးကျ ကိုယ်စားလှယ်စနစ်ဖြစ်သော Proportional Representative (PR) စသည်ဖြင့် ကွဲသေးသည်။ နိုင်သူအကုန်ယူစနစ်တွင် တစ်မဲအသာရရုံဖြင့် ကိုယ်စားလှယ်နေရာရရှိပြီး ထိုစနစ်ကို မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှ စတင်၍ ယခုအချိန်ထိ အသုံးပြုဆဲဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ်တွင် Open PR ဟုခေါ်သော မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဖော်ပြထားသောစနစ်နှင့် Close PR ဟုခေါ်သော မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို မသိရဘဲ နိုင်ငံရေးပါတီအမည်ကိုသာ ရွေးချယ်မဲပေးရသောစနစ်ဟူ၍ ကွဲပြားသေးသည်။ ထို့ပြင် Semi PR ဟူ၍ ရွေးကောက်ပွဲစနစ်နှစ်မျိုးရောပြွန်း အသုံးပြုသော စနစ်လည်း ရှိသေးသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်
တော်မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာ၊ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် မဲဆန္ဒနယ် ၂၉ နေရာ သတ်မှတ်ထားသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် မြို့နယ်အပေါ်အခြေပြုပြီး မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း သတ်မှတ်သည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်သည် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် ၁၂ ဦးနှုန်း ကိုယ်စားလှယ်များကို အညီအမျှ ရွေးချယ်သတ်မှတ်သည်။ အဆိုပါလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်းထားသော လွှတ်တော်ကို ပြည်ထောင်စုလွှတ်တော်ဟု ခေါ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်း ၄၉၈ ဦးရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးအပါအဝင် ၆၆၄ ဦးရှိသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ထက်ဝက်ကျော် ၃၃၂ ဦးအထက် ကိုယ်စားလှယ်နေရာရရှိသော နိုင်ငံရေးပါတီသည် နိုင်ငံကို အုပ်ချုပ်ခွင့်ရသော အနိုင်ရပါတီဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်သတ်မှတ်၍ ကိုယ်စားလှယ်နှစ်ဦးနှုန်းဖြင့် ရွေးချယ်တင်မြှောက်ကြသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည်ဖြစ်သော်လည်း နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ (၈) မြို့နယ်အတွက်မူ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်နေရာ သတ်မှတ်ထားရှိခြင်း မရှိပေ။ ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နေရာသည် မြို့နယ်ပေါင်း ၃၂၂ မြို့နယ်အတွက် စုစုပေါင်း ၆၄၄ နေရာသာ သတ်မှတ်ထားရှိသည်။ အဆိုပါ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိသေးသည်။ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုတွင် နေထိုင်သော နိုင်ငံရှိ စုစုပေါင်းလူဦးရေ၏ သုည ဒသမ ၁ ရာခိုင်နှုန်းရှိသော အခြားတိုင်းရင်းသားလူမျိုးများအတွက် ကိုယ်စားလှယ်တစ်ဦးနှုန်း ရွေးချယ်တင်မြှောက်ရသည်။ ဥပမာအားဖြင့် ကရင်ပြည်နယ်တွင် ကရင်လူမျိုးမဟုတ်သော၊ တိုင်းဒေသကြီးများတွင်
ဗမာလူမျိုးမဟုတ်သော လူဦးရေ ၅၂၀၀ ကျော်သော အခြားတိုင်းရင်းသားလူမျိုးများအတွက် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပေးကြရသ ည်။ သို့သော် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိထားသော တိုင်းရင်းသားလူမျိုးများအတွက်မူ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာအတွက် ထပ်မံရွေးချယ်တင်မြှောက်ခြင်း မရှိပေ။ ထို့ကြောင့် တိုင်းဒေသ ကြီး၊ ပြည်နယ်တစ်ခုတွင် နေထိုင်သော အခြားတိုင်းရင်းသားမဟုတ်သော မဲဆန္ဒရှင်တစ်ဦးသည် အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်း ၃ မဲပေးရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာရရှိထားသော တိုင်းရင်းသားလူမျိုးမဲဆန္ဒရှင်တစ်ဦးသည် စုစုပေါင်း ၄ မဲ ပေးကြရမည်ဖြစ်သည်။
ရွေးကောက်ပွဲရှိနေခြင်းသည် ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်သော ဖြစ်စဉ်တစ်ရပ်အနေနှင့် ပါဝင်နေပြီး ထိုရွေးကောက်ပွဲများမှတစ်ဆင့် တိုင်းပြည်အတွက် စီမံအုပ်ချုပ်မှုကောင်း ပေးနိုင်မည့် အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်နိုင်မည်ဖြစ်သဖြင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်မဲထည့်ပေးကြရန် လိုအပ်လှပေသည်။ ထို့ပြင် ပြည်သူတစ်ဦး၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခြင်းကို နိုင်ငံသားတစ်ဦး၏ တာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စေရန် ရွေးကောက်ပွဲများ၌ မဲသွားရောက်ထည်ပေးကြရန် လိုပေသည်။
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာ ဖြစ်ပါသည်။)
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅)
No comments:
Post a Comment