August 13, 2020

ကလေးနှင့် သွေးတိုးရောဂါ

ဒေါက်တာမြင့်သန်းထွန်း

        လူကြီးများတွင် သွေးတိုးရောဂါရှိသကဲ့သို့ ကလေးများတွင်လည်း သွေးတိုးရောဂါရှိပါသည်။ ကလေးများတွင်ဖြစ်သော သွေးတိုးရောဂါသည် အခြေခံအကြောင်းရင်းတစ်ခုခုကြောင့်သာ ဖြစ်တတ်ပါသည်။ ရောဂါဖြစ်သော အကြောင်းအရင်းကိုသာ ရှာဖွေပြီး ကုသနိုင်ပါသည်။ ကလေးတွင်ဖြစ်သော သွေးတိုးရောဂါကို မပေါ့ဆသင့်ပါ။

သွေးတိုးရောဂါဖြစ်စေသော အကြောင်းရင်း

        လတ်တလော ကျောက်ကပ်ရောင်ခြင်းသည် ကလေးများတွင် သွေးတိုးရောဂါဖြစ်စေသော အဓိကအကြောင်းအရင်း ဖြစ်ပါသည်။ မွေးရာပါ နှလုံးသွေးလွှတ်ကြောကျဉ်းခြင်း၊ ကျောက်ကပ်သွေးလွှတ်ကြောပိတ်ခြင်း၊ ဦးနှောက်ထဲတွင်အကျိတ်ဖြစ်ခြင်းနှင့် စတီးရွိုက်ပါသောဆေးများ သောက်သုံးခြင်းကြောင့်လည်း သွေးတိုးရောဂါဖြစ်တတ်ပါသည်။

သွေးတိုးလက္ခဏာများ

        ကလေးများတွင် သွေးတိုးရောဂါလက္ခဏာ မပြတတ်ပါ။ အချို့သောကလေးများတွင် သွေးတိုးရောဂါကြောင့် ဦးနှောက်အတွင်းဖိအားကြောင့် ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ တက်ခြင်း၊ မျက်စိဝေဝါးခြင်းနှင့် ဖောရောင်ခြင်းများ ဖြစ်လာတတ်ပါသည်။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဖြင့်သာ ကလေးများတွင် သွေးတိုးရောဂါရှိကြောင်း အမှတ်မထင် တွေ့ရှိကြပါသည်။

သွေးတိုးရောဂါ ရှိ မရှိ စစ်ဆေးခြင်း

        ကလေးများခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အန်ခြင်း၊ မျက်စိဝေဝါးခြင်း၊ ဖောရောင်ခြင်းနှင့် တက်ခြင်းများရှိပါက သွေးတိုင်းရာတွင် ကလေး၏လက်နှင့်သင့်တော်သော လက်ပတ်ကို အသုံးပြုရပါမည်။ ကလေး လက်မောင်း၏ သုံးပုံနှစ်ပုံကို ဖုံးအုပ်ထားရပါမည်။ တစ်ကြိမ်တည်းတိုင်းပြီး သွေးတိုးရောဂါရှိသည်ဟု မပြောနိုင်ပါ။ အနည်းဆုံး သုံးကြိမ်ခန့်နားပြီး၊ ခြားပြီး တိုင်းမှသာ အဖြေမှန် ရရှိနိုင်ပါမည်။ တိုင်းရာတွင်လည်း ကလေးအား စိတ်လှုပ်ရှားမှုမရှိစေရန် အားပေးဖြေသိမ့်ပေးရပါမည်။

ဓာတ်ပုံ - childrenshospital.org


သွေးတိုးရောဂါကို ကုသခြင်း

        ကလေးသွေးတိုးရောဂါသည် ကျောက်ကပ်ရောင်ခြင်းကြောင့် ဖြစ်ပါက ဆေးသောက်ခြင်းအပြင် လိုအပ်ပါက ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရပါမည်။ ကလေးတစ်ယောက် ရောဂါဖြစ်စေသော အကြောင်းအရင်းပေါ် မူတည်ပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသ၍ ကုသရပါမည်။

သွေးတိုးရောဂါမဖြစ်စေရန် ကာကွယ်ခြင်း

        သွေးတိုးရောဂါကို ဖြစ်စေသော ကျောက်ကပ်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရပါမည်။ Strepto Coccus  ဘက်တီးရီးယားပိုးကြောင့် အရေပြားရောဂါ သို့မဟုတ် လည်ပင်းနာ (Sore Throat)ရောဂါကြောင့် ကျောက်ကပ်ရောင်တတ်ပါသည်။ အရေပြားရောဂါမဖြစ်စေရန် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။ လည်ပင်းနာရောဂါ မဖြစ်စေရန် နွေးနွေးထွေးထွေး နေရပါမည်။ ရာသီဥတုနှင့်အညီ နေရပါမည်။

        ကလေးများတွင် ဖြစ်တတ်သော သွေးတိုးရောဂါမဖြစ်စေရန် ကလေးများ၏ လူမှုဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ရပါမည်။ အစားအသောက် ပြောင်းလဲမှုများကြောင့် ကလေးများ ဝလာတတ်ပါသည်။ ကလေးများဝလာပါက အဝလွန်ကဲပြီး သွေးတိုးရောဂါဖြစ်တတ်သည်။ ထို့ကြောင့် အဆီအဆိမ့်များ၊ အငန်များကို ရှောင်ကြဉ်ရပါမည်။ Energy Drink ဖျော်ရည်များကြောင့် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါများ ဖြစ်တတ်၍ မသောက်သင့်ပါ။ စိတ်ဖိစီးမှုများကိုလည်း ရှောင်ကြဉ်ရပါမည်။ သွေးတိုးရောဂါဖြစ်ပါက မပေါ့ဆဘဲ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသရပါမည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅)  အမှတ် (၁၆)

No comments:

Popular Posts