August 4, 2020

မနက်တိုင်း အသစ်အဖြစ်ခံယူသူ

ချစ်နိုင်(စိတ်ပညာ)

        ခင်မင်ရင်းနှီးတဲ့ ပုဂ္ဂိုလ်များထဲမှာ အသက်ကြီးတဲ့ မိတ်ဆွေအချို့လည်း ရှိပါတယ်။ ဂီတစာဆို ဗိုလ်ကလေးတင့်အောင်(အသက် ၉ဝ ကျော်)၊ သိပ္ပံမှူးတင် (အသက် ၈၀ ကျော်)၊ ဒေါက်တာကျော်စိန် (အသက် ၇ဝ ကျော်)၊ ဗိုလ်မှူးချုပ် အေဘယ်လ် (အငြိမ်းစား) (အသက် ၇၀ ကျော်) စတဲ့ လေးစားချစ်ခင်ကြည်ညိုရတဲ့ ဆရာသမားများပါ။


        ဒီပုဂ္ဂိုလ်များဟာ အသက်ရှည်တာနဲ့အမျှ ကျန်းမာကြတယ်။ သူတို့ဆီက အတုယူစရာတွေ အများကြီးရှိခဲ့ပါတယ်။ အစားအသောက် ချင့်ချိန်ခြင်း၊ လောဘ၊ ဒေါသနည်းပါးခြင်း၊ ဖြစ်ပျက်တွေ့ကြုံရသမျှ အသင့်အတင့် နှလုံးသွင်းတတ်ခြင်း၊ သူတစ်ပါးအကျိုးကို မိမိကိုယ်ကျိုးထက် ပိုမိုဆောင်ရွက်တတ်ခြင်း၊ အလုပ်ကို ကြီးသည်ငယ်သည်မဟူ၊ ဘယ်အလုပ်မဆို ရိုရိုသေသေ စနစ်တကျနှင့် အကောင်းဆုံးဖြစ်အောင် အားထုတ်လေ့ရှိခြင်း စသည်အချက်များဟာ အထက်ပါ ဆရာသမားပုဂ္ဂိုလ်များရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာနေခြင်းတို့ရဲ့အကြောင်းရင်းများ ဖြစ်ကြပုံရပါတယ်။ ယခုဆောင်းပါးမှာ စာရေးသူအဓိကထား၍ တင်ပြချင်တဲ့ အကြောင်းအရာက သက်ကြီးစကား သက်ငယ်ကြားဆိုသလို မိမိထက် အသက် ၂ဝ ကျော်မျှ ကြီးရင့်တဲ့ပုဂ္ဂိုလ်များရဲ့ အဆုံးအမများထဲမှ ကောင်းနိုးရာရာတစ်ချက်ဖြစ်တဲ့ ‘‘မနက်တိုင်းကို နံနက်ခင်းအသစ်အနေနဲ့ မှတ်ယူပါ’’ဆိုတဲ့ သဘောထားမျှဝေချက်ဖြစ်ပါတယ်။ စာဖတ်သူက စာရေးသူထက် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မျှဝေတဲ့ သဘောပါပဲ။

        ပညာရှင်အချို့ ပြောဖူးပါတယ်။ တကယ်တမ်းမှာ ဘဝဆိုတာ နေထိုင်ရသမျှကား သုံးရက်တည်းပါပဲတဲ့။ မနေ့ကရယ်၊ ယနေ့ရယ်၊ မနက်ဖြန်ရယ်။

        ဟုတ်တယ် ကာလသုံးပါးပဲ နေရတာလေ။

        အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ရယ် လောကမှာ လူတွေနေထိုင်ဖြတ်သန်းနေကြတာ သေသေချာချာကြည့်လိုက်တော့ ဒီသုံးရပ်ပါပဲ။

        အတိတ်ကာလ (သို့မဟုတ်) မနေ့ကအချိန်ဟာ ကုန်ဆုံးလွန်မြောက်သွားခဲ့ပြီ။ လူမှန်းသိတတ်စအရွယ်မှ မနေ့ကအထိ အတိတ်ဖြစ် အားလုံးဟာ ကိုယ်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြီးခဲ့ပြီးပြီ။ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ဖြစ်ရပ်တွေဟာ အစစ်အမှန်သဘောကတော့ ပြန်မရနိုင်တော့ပါပြီ။ တွေးနေလည်း အပိုပါပဲ။ ဆွေးနေလည်း အပိုပါပဲ။

        အချို့လူတွေက အတိတ်ကာလ ရွှေထီးဆောင်းခဲ့တာတွေ၊ ဆင်စီးမြင်းရံနေခဲ့ရတာတွေကို တသသနဲ့ တဖွဖွ ပြောလို့မဆုံးနိုင်ပါဘူး။ အထည်ကြီးပျက်ဘဝ ကျရောက်နေတာကို စိတ်ကမလျှော့သေးပါဘူး။ သူငယ်ငယ်တုန်းက ဘယ်လိုကြီးကျယ်ခမ်းနားခဲ့တာ၊ ဘယ်ရွေ့ဘယ်မျှ ကောင်းစားခဲ့တာ၊ ဘယ်သူဘယ်ဝါတွေဟာ တစ်ချိန်တစ်ခါတုန်းက သူ့ရဲ့အခြွေအရံတွေပေါ့စသည်ဖြင့် ကြွားနေတတ်တယ်။

        မနေ့ကအခြေအနေကို စွဲနေတော့ ပစ္စုပ္ပန်အခြေအနေနဲ့ အံလွဲနေတတ်တယ်။ အတိတ်က စိတ်ငယ်စရာတွေ၊ စိတ်ပျက်စရာတွေကို ပစ္စုပ္ပန်အထိ သယ်လာဖို့ မလိုသလို တစ်ချိန်က ဘဝင်မြင့်စရာ ကြီးပွားခဲ့တာ၊ မြင့်မားခဲ့တာ၊ စည်းစိမ်ခံခဲ့တာတွေကို ယခုအချိန်အထိ စားမြုံ့ပြန်နေစရာ မလိုပါဘူး။

        တစ်ကျော့ပြန် ထပ်မံပေါ်ပေါက်လာမည့် အလားတူဆင်ဆင် အောင်မြင်မှု၊ တိုးတက်မှုဆိုတာ ရှိလာရင်လည်း ပစ္စုပ္ပန်ကြိုးစားမှုကံကြောင့်သာလျှင် ဖြစ်တယ်။ အတိတ်က အပ်ကြောင်းထပ်သလို တစ်ပတ်ပြန်လည်လာတာတော့မဟုတ်ဘူးလေ။ ဆင်တူတာ အခြေအနေအသစ်တစ်ရပ်သာလျှင် ဖြစ်ပေလိမ့်မယ်။

        မနေ့ကဟာ မနေ့ကပဲ။ ဆင်းရဲမွဲတေသည်ဖြစ်စေ၊ နုံချာနိမ့်ကျခဲ့သည်ဖြစ်စေ မနေ့က အခြေအနေကို စိတ်ထဲစွဲမထားပါနဲ့။ အတိတ်သည် ပြည်ဖုံးကားချခဲ့ပြီ။

        ဒီနေ့ဟာ အရေးကြီးဆုံးပဲ။ ဂါးသာ (Goethe)ဆိုတဲ့ အနောက်တိုင်းစာဆိုတစ်ဦးက ရေးဖွဲ့ခဲ့ဖူးတယ်။ ‘‘သည်ကနေ့ထက် ပိုပြီး အဖိုးတန်သော အရာမရှိပါ’’တဲ့။

        အမှန်ပါပဲ။ ယနေ့သည် တန်ဖိုးအရှိဆုံး၊ အကျိုးအကြီးမားဆုံးအခြေအနေကို မိမိလက်ဝယ် ပိုင်ပိုင်နိုင်နိုင် ဖန်တီးနိုင်ဆုံး ပစ္စုပ္ပန်ကာလအချိန်ဖြစ်ပါတယ်။

        တန်ဖိုးအရှိဆုံးအလုပ်နဲ့ အသုံးချရမယ်။ ယနေ့ကို အကျိုးအရှိဆုံး အပြုအမူများနဲ့ ဖန်တီးရပေမယ်။ မိမိကိုယ်ကို ကောင်းအောင်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကို ကောင်းအောင်သော်လည်းကောင်း၊ လောကကို ဖွံ့ဖြိုးသာယာ ငြိမ်းချမ်းအောင်သော်လည်းကောင်း ယနေ့ မိမိစီမံဆောင်ရွက်နိုင်တယ်။ လုပ်ကိုင်နိုင်ပါတယ်။

        ဒီကနေ့ နံနက်ဟာ အင်မတန်ကြည်နူးတက်ကြွစရာ၊ လန်းဆန်းပျော်ရွှင်စရာ ကောင်းတယ်။ ယခင်က မရှိဘူးသေးတဲ့ကောင်းကျိုးတွေကို အသစ်ယူဆောင်လာမယ့် နေ့ကောင်း၊ အခါကောင်းဖြစ်တယ်ဆိုတာ အပြည့်အဝယုံကြည်ပါ။ ဒီအချက်ဟာ အကောင်းမြင်အတွေးပေ့ါ။

ဓာတ်ပုံ - .kellyservices.co.uk

        အကောင်းမြင်အတွေးရှိခြင်းရဲ့ ကောင်းကျိုးတရားများကိုတော့ ဒီဆောင်းပါးမှာ ရေတွက်မပြတော့ပါ။ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ စိတ်ချမ်းသာခြင်း၊ အရာရာအောင်မြင်ခြင်း၊ လူချစ်လူခင်ပေါများခြင်း စသည်တို့ ဖြစ်ပါတယ်။ အပြုသဘောအမြင်(Positive Attitude)ဟာ အောင်မြင်ကြီးပွားသူတို့အတွက် အခြေခံမရှိမဖြစ် လိုအပ်ချက်တစ်ခုပဲပေ့ါ။

        ယနေ့ဟာ နေ့ကောင်းနေ့မြတ်၊ ရက်ကောင်းရက်မြတ်၊ မင်္ဂလာအချိန်အခါ ဖြစ်တယ်။ နေ့သစ်တစ်ခုရဲ့အစ နံနက်ခင်းအချိန်မှစပြီး ငါဟာ မင်္ဂလာရှိတဲ့အပြောအဆို၊ အပြုအမူတွေကိုပဲ သေသေချာချာပြောဆိုပြုမူမယ်လို့ စဉ်းစားကြံဆရမယ်။ မိမိအတွင်းသဘောမှာရှိတဲ့ စိတ်ခွန်အား (Will Power) တွေကို မသိစိတ်က ဖောက်ထုတ်အသုံးချရာ ရောက်တဲ့အတွက် အံ့သြရလောက်အောင် ထိရောက်ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပညာရှင်တွေ၊ ဆေးပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်ပေါင်းများစွာတို့က ‘‘နေ့တိုင်းနေ့တိုင်းကို နေ့သစ်တစ်နေ့လို့ မှတ်ယူပြီး စိတ်သစ်လူသစ်နဲ့ တက်ကြွလန်းဆန်းစွာ ဖြတ်သန်းပါ’’လို့ ဆိုမိန့်ခဲ့ကြတာဖြစ်ပါတယ်။

        နံနက်ခင်းအသစ်တစ်ခု၊ နေမင်းကြီး အသစ်တစ်စင်း၊ မိမိအတွက် တိုးတက်မည့် နေ့သစ်တစ်နေ့။ နံနက်တိုင်းကို မင်္ဂလာနံနက်ခင်းအဖြစ် ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ စတင်လိုက်ပါ။ မိမိကိုယ်ကိုယ်ပါ။ အိပ်ရာထ၊ ဘုရားရှိခိုး၊ မျက်နှာသစ်၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ သစ်သီး ကပ်လှူပြီးရင် မိမိကိုယ်ကိုယ် မှန်ထဲကြည့်ပြီး အပြုံးမျက်နှာပါလား။ တွေ့ရဲ့လား။ ဘယ်လောက် ကျက်သရေရှိလိုက်ပါသလဲ။

        ယနေ့ဟာ နေ့သစ်တစ်ခုပဲ။ သေသေချာချာ ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်မယ့်နေ့၊ မနေ့ကထက် သာလွန်ကောင်းမွန်အောင် လုပ်ဆောင်မယ်။ သာယာလှပတဲ့ အနာဂတ်နေ့ရက်တွေကို တည်ဆောက်မယ်။

        နက်ဖြန်ဆိုတာ ဘာဖြစ်လာမယ်။ ဘာဖြစ်လာမလဲ။ ရှည်ရှည်ဝေးဝေး သိပ်တွေးနေစရာမလိုပါ။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သေသေချာချာအာရုံစိုက်ပြီး အကောင်းဆုံးအရည်အသွေးနဲ့ ဆောင်ရွက်ရမှာ။ ယနေ့လုပ်ဆောင်ချက်က မိမိပါပဲ။ ယနေ့ဆောင်ရွက်ချက်က အကောင်းဆုံး၊ နက်ဖြန်အတွက် ဘာမှတွေးပူနေစရာမလိုဘူး။ ထိုက်တန်တဲ့ နက်ဖြန်တွေ ရောက်လာမှာပဲ။ အတိတ်က အမှားတွေ၊ မအောင်မြင်ခဲ့မှု၊ ကျရှုံးမှုတွေကို နောင်တရ စိတ်မကောင်းဖြစ်မနေနဲ့။ အတိတ်က တသသတွေးနေတာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို အဓိပ္ပာယ်မဲ့စွာ ထမ်းနေခြင်းပါပဲ။

        ယနေ့ကို နေရကျိုးနပ်အောင် ကြိုးစားပါ။ နက်ဖြန်ဆိုတာ ရောက်မလာသေးပါ။ နက်ဖြန်ဟာ မရေရာပါ။ ဒါကိုတွေးပြီး ကြောက်ရွံ့ပူပန်စရာလည်း မလိုပါ။ 

        ယနေ့သာ လန်းဆန်းတက်ကြွစွာ အကောင်းဆုံးဖြတ်သန်းမယ်။ တန်ဖိုးအရှိဆုံးအချိန်။

        လီယိုတော်စတွိုင်းဆိုတဲ့ ရရုားစာရေးဆရာကြီးက ပြသနာသုံးရပ်ဆိုတဲ့ သူရဲ့ဝတ္ထုထဲမှာ သေသေချာချာရေးခဲ့ပါတယ်။ အရေးကြီးဆုံးအချိန်ဆိုတာ ယခပစ္စုပ္ပန်ပါပဲတဲ့။ ပစ္စုပ္ပန်တည့်တည့်မှာ ကုသိုလ်၊ သုစရိုက်တွေ ပွားများအောင် လုပ်ဆောင်ရမယ်။ အတ္တသမ္မာ ပဏီဓိစမင်္ဂလာ၊ မိမိကိုယ်ကိုကောင်းစွာ စောင့်ထိန်းခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ ယနေ့ပြောဆိုပြုမူရမယ်။

        ယနေ့၊ နေ့သစ်တစ်နေ့ကို နံနက်ခင်းမှစ၍ ညအိပ်ချိန်ရောက်တဲ့အထိ ကြိုးကြိုးစားစားနဲ့ လှလှပပ လုပ်ဆောင်လိုက်ရင် အောင်မြင်မှု၊ အဆင်ပြေမှု၊ ပျော်ရွှင်မှုတွေဟာ နောက်က မလွဲမသွေလိုက်လာပေလိမ့်မယ်။

        ‘‘မနက်တိုင်း မနက်တိုင်းကို နေ့သစ်အဖြစ် စတင်လိုက်စမ်းပါ’’ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေ၊ အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေ၊ အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပျော်ရွှင်တဲ့ ပုဂ္ဂိုလ်တွေ သူတို့ဟာ သူတို့ဘဝတစ်လျှောက်ကို ဒီလိုနည်းနဲ့ ဖြတ်သန်းနေကြတာဖြစ်တယ်ဆိုတာ မျှဝေလိုက်ပါရစေ။

        တိုးတက်အောင်မြင် ပျော်ရွှင်ငြိမ်းချမ်းကြပါစေ။ ချစ်လို့ပြောတာမှတ်ပါ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၉)

No comments:

Popular Posts