ပေါက်ပေါက်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားနေပါလျက်နဲ့ အိပ်စက်ချိန်၊ စားသောက်ချိန်တွေလည်း မှန်ကန်ပါလျက်နဲ့ တစ်ခါတလေမှာ ထမင်းစားပြီးနောက် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းနဲ့ လေပွခြင်းတွေကို ခံစားရတတ်ပါတယ်။ ဘာကြောင့်များပါလိမ့်နော်။ အောက်ဖော်ပြပါအကြောင်းရင်း (၃)မျိုးက အဲဒီလိုဝေဒနာတွေကို ဖြစ်စေနိုင်တာကြောင့် အစားအစာစားတဲ့အခါ သတိပြု ရှောင်ကြဉ်နိုင်ကြပါရန် သတိပေးအကြံပြုလိုက်ရပါတယ် -
ကစီဓာတ်နဲ့ ပရိုတင်းတွေကို တစ်ပြိုင်နက်တည်း အများကြီးစားမိခြင်း
ကစီဓာတ်ကြွယ်ဝသော ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဆန်၊ အာလူးတွေက ကျန်းမာရေးနဲ့ ညီညွတ်စေသလို၊ ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများ ဖြစ်ကြတဲ့ ငါး၊ ကြက်သား၊ အမဲသား၊ ကြက်ဥ၊ ဘဲဥတို့ကလည်း ကျန်းမာရေးအတွက် မရှိမဖြစ်အရာတွေပါပဲ။ ပါးစပ်ထဲမှ စားသွင်းမျိုချလိုက်တဲ့ အစားအစာတွေဟာ အစာအိမ်ထဲသို့ ရောက်သွားတဲ့အခါမှာ ကစီဓာတ်တွေက သကြားဓာတ်အဖြစ် အစာအိမ်ထဲမှာ ကောင်းစွာ ကျော်ဖြတ်နိုင်သော်လည်း ဆက်လက်၍ ၄င်းကစီဓာတ်တွေက ပရိုတင်းဓာတ်နဲ့အတူ ရောနှော၍ အူသိမ်၊ အူမတွေထဲကို ရောက်ရှိလာတဲ့အခါမှာတော့ အူသိမ်၊ အူမတွေက ၄င်းအရောအနှောဓာတ်နှစ်မျိုးကို အချိန်တော်တော်ကြာသည့်တိုင်အောင် ချေဖျက်ပေးနိုင်စွမ်း မရှိပါဘူး။ ထိုအခါ ကစီဓာတ်တွေက အချဉ်ဖောက်သွားပြီးတော့ ဂက်စ်အဖြစ် အထက်သို့ ပြန်လည်ဆန်တက်လာကာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေပွခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ရေခဲရေသောက်၍ ထမင်းစားခြင်း
ထမင်းစားတဲ့အခါ ရေခဲရေမသောက်ဘဲ ရေနွေး သို့မဟုတ် ရိုးရိုးရေကိုသာ သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ရေခဲရေက သွေးကြောတွေကို တင်းကျပ်ဖျစ်ညှစ်လိုက်တာကြောင့် အစာချေဖျက်နိုင်စွမ်းအားကို အဟန့်အတားဖြစ်စေပါတယ်။ အစားအစာထဲမှာပါရှိတဲ့ အာဟာရဓာတ်တွေကိုလည်း ခန္ဓာကိုယ်က ကောင်းစွာ မစုပ်ယူနိုင်တော့ပေ။ ဒါ့ပြင် အစားအစထဲရှိ ဆီ(အဆီ)တွေကို ရေခဲရေက ပျစ်ခဲခဲဖြစ်စေတာကြောင့် အစာချေဖျက်နိုင်ဖို့အတွက် အစာအိမ်နဲ့ အူတွေက လွန်စွာ ပင်ပန်းလာပါတယ်။
ဂျပန်လူမျိုးတွေက ထမင်းမစားခင်မှာ ရေနွေးဖြူ သို့မဟုတ် ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း)ကို ဦးစွာ တစ်ငုံသောက်လေ့ရှိတာကြောင့် လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဂျပန်လူမျိုးတွေဟာ ထမင်းစားပြီးနောက် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေပွခြင်းဝေဒနာတို့ကို ခံစားရလေ့မရှိကြောင်း တွေ့ရှိရပါတယ်။
![]() |
ဓာတ်ပုံ - onlymyhealth.com |
ထမင်းစားနေစဉ် ရေများများသောက်ခြင်း
သောက်ရေသန့်ဟာ လူသားများအတွက် မရှိမဖြစ်အရာပါ။ ဒါ့ပြင် ထမင်းစားနေစဉ် ထမင်းမနင်စေရန်နှင့် ကြို့မထိုးစေရန်တို့အတွက် သောက်ရေက များစွာအထောက်အကူပေးပါတယ်။
သို့သော် ထမင်းစားနေစဉ်မှာ ရေများများ မသောက်သင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဗိုက်ထဲသို့ အစာတွေ ရောက်သွားတဲ့အခါမှာ၊ အစာအိမ်ထဲမှ ဟိုက်ဒရိုကလိုရစ်အက်ဆစ်က သူ့အလိုအလျောက် စိမ့်ထွက်လာပြီး အစားအစာတွေကို အစိပ်စိပ်အမွှာအမွှာဖြစ်အောင် ချေဖျက်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ထမင်းမစားခင် တစ်နာရီခန့်အလို သို့မဟုတ် ထမင်းစားပြီးနောက် တစ်နာရီခန့်အကြာမှသာ သောက်ရေများများသောက်ပါ။ ထမင်းစားနေစဉ်မှာတော့ ရေတစ်ဖန်ခွက်ပမာဏကိုသာ တစ်ကျိုက်ချင်း သောက်ပေးပါ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၉)
No comments:
Post a Comment