ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေသည့် ရေသတ္တဝါများအနက် သွေးနွေးနို့တိုက်သတ္တဝါမျိုးစိတ်သည် လင်းပိုင်၊ ဝေလငါးနှင့် ရေဝက်ဟူ၍ သုံးမျိုးရှိသည်ကို သိရှိရပါသည်။ ၎င်းတို့သည် အများအားဖြင့် ရေငန်ဒေသ ပင်လယ်သမုဒ္ဒရာများတွင် နေထိုင်ကျက်စားလေ့ ရှိကြပါသည။ မြန်မာနိုင်ငံတွင် နှုတ်သီးရှည်လင်းပိုင်၊ ဧရာ၀တီလင်းပိုင်၊ ဘို့ပါလင်းပိုင်၊ အပူပိုင်းအစက်ပါလင်းပိုင်၊ ပုလင်းနှုတ်သီးလင်းပိုင်ဟူ၍ ရှိကြပါသည်။
လင်းပိုင်များမှာ စုစုပေါင်းမျိုးစိတ် ၄၀ ခန့်၊ မျိုးစု ၁၇ စုခန့်ရှိသည်ဟု သိရပါသည်။ လင်းပိုင်၏အရွယ်အစားမှာ ၁ ဒသမ ၂ မီတာ(လေးပေ) ခန့်နှင့် ၄၀ ကီလိုမီတာ (ပေါင် ၉၀)မှစ၍ ၉ ဒသမ ၅ မီတာ(ပေ ၃၀) နှင့် ၁၀ တန်အထိ အမျိုးမျိုးကွဲပြားခြားနားကြပြီး တစ်ကမ္ဘာလုံးတွင် တွေ့ရှိရပါသည်။ လင်းပိုင်များမှာ ငါးငယ်များနှင့် ပြည်ကြီးငါးများကိုအစာအဖြစ် စားသုံးလေ့ရှိကြပါသည်။ Family မျိုးရင်း Delphinidae သည် Order မျိုးစဉ် Cetacean တွင် အကြီးမားဆုံးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၀ သန်းခန့်တွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ လင်းပိုင်များသည် ဉာဏ်ရည်ထက်မြက်သော သတ္တဝါများတွင် ပါဝင်ကြပြီး လူတို့နှင့် ရောနှောနေထိုင်တတ်ခြင်းနှင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် လူတို့၏ပတ်ဝန်းကျင်တွင် ထင်ရှားသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသော လင်းပိုင်များထဲမှ ဧရာ၀တီလင်းပိုင်များအကြောင်းကို တင်ပြပါမည်။
ကမ္ဘာပေါ်ရှိရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များအားလုံးကို “ဧရာ၀တီလင်းပိုင်”ဟုခေါ်တွင်ကြပြီး သတ္တဗေဒအခေါ်မှာ Orcaella Brevirostris ဟု သိရပါသည်။ ဧရာ၀တီလင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်သည်။ ဧရာ၀တီလင်းပိုင်များကို ဧရာ၀တီမြစ်ထဲမှ စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင်အားလုံးကို စတင်တွေ့ရှိသူက “ဧရာ၀တီလင်းပိုင်”ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော မျိုးစိတ်သစ်တစ်ခုအနေဖြင့် ကမ္ဘာတွင်မှတ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။ Orcaella Brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များမှာ ကမ္ဘာပေါ်ရှိရေချိုလင်းပိုင်များအနက်မှ ရှားပါးမျိုးနွယ်ဝင် မျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးတွင် ဧရာ၀တီမြစ်အပါအဝင် အာရှတိုက်ရှိရာ နေရာရှစ်နေရာတွင်သာ တွေ့ရှိရသည့် ရှားပါးမျိုးစိတ်ဖြစ်ပါသည်။
ဧရာ၀တီမြစ်အတွင်း တွေ့ရှိခဲ့သည့် လင်းပိုင်ကို မြစ်ဝက် (River Pig)ဟု ဖော်ပြထားကြောင်း ပျူလူမျိုးများနှင့်ပတ်သက်သော သမိုင်းမှတ်တမ်းတွင် ကောက်နုတ်တင်ပြထားပါသည်။ ယင်းအချက်ကြောင့် ဧရာ၀တီလင်းပိုင်များမှာ ပျူလူမျိုးများရှိခဲ့သည့် လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်တည်းက ဧရာ၀တီမြစ်အတွင်း ရှိနေခဲ့ကြောင်း သိရှိနိုင်ခဲ့သည်။ ဧရာ၀တီလင်းပိုင်များသည် ဧရာ၀တီမြစ်ဖြတ်သန်းစီးဆင်းရာ ကချင်၊ စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီး တစ်ဝိုက်တွင် ကျက်စားကြကြောင်း သိရှိရပါသည်။ ဧရာ၀တီလင်းပိုင်များကို မြန်မာနိုင်ငံတွင်သာမက အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မဲခေါင်မြစ်အတွင်း၌လည်း တွေ့မြင်နိုင်ပါသည်။ ကမ္ဘာကျော်ရေချိုလင်းပိုင်များ ကျက်စားသည့်နေရာအဖြစ် ထင်ရှားသည့် ဧရာ၀တီမြစ်၏ မင်းကွန်းနှင့် ကျောက်မြောင်းအကြား အစိတ်အပိုင်းအတွင်း နေထိုင်ကျက်စားကြသည်။
ဧရာ၀တီလင်းပိုင်၏ အရွယ်အစားမှာ အရှည် ၁ ဒသမ ၂ မှ ၂ ဒသမ ၇ မီတာအထိရှိပြီး အခြားရေချိုလင်းပိုင်များကဲ့သို့ ရှည်သောနှုတ်သီးရိုးတံမပါရှိဘဲ ဦးခေါင်းဝိုင်းဝိုင်းလုံးလုံးသဏ္ဍာန်ရှိသည်။ ကျောပြင်နှင့် နံဘေးအပြာရောင် သို့မဟုတ် မွဲပြာရောင်ဖြစ်ကာ ဝမ်းဗိုက်ပိုင်းတစ်လျှောက်လုံးသည် အရောင်ဖျော့၍ အဖြူရောင်သမ်းသည်။ ရင်ပိုင်းရေယက်နှစ်ခုမှာ လှော်တက်ပုံရှိပြီး ကျောဘက်ရေယက်မှာ လုံးဝိုင်းပါသည်။
ဧရာ၀တီလင်းပိုင်သည် ၁၄လကြာအောင် သန္ဓေဆောင်ပြီး တစ်ကြိမ်လျှင် တစ်ကောင်သာ သားမွေးသည်။ ၁၀ ကောင်ထက်နည်းသော အုပ်စုငယ်ဖြင့် တွေ့ရတတ်သည်။ အသံပြု၍ အသံလှိုင်းတုံ့ပြန်မှုကို အာရုံခံခြင်းဖြ င့် အစာဖြစ်သော ငါး၊ ပုစွန်များကို ဖမ်းဆီးစားသုံးသည်။ ရေပေါ်သို့ ခုန်ပျံလေ့မရှိဘဲ အသက်ရှူသည့်အခါ ဦးခေါင်းပိုင်းဖော်ပြပြီးမှ တဖြည်းဖြည်းနှင့် နောက်ကျောဘက် ရေယက်တို့ ပေါ်လာလေ့ရှိသည်။ ခန္ဓာကိုယ်ကို အနည်းငယ်ဖော်၍ ဖြည်းဖြည်းရေကူးကြသည်။ ရေငုပ်လျှင် စက္ကန့် ၃၀ မှ ၆၀ ထိ ကြာတတ်ပြီး ကြောက်လန့်ပါက ၁၂ မိနစ်ခန့် ကြောက်အားလန့်အားဖြ င့် ရေငုပ်နိုင်ကြသည်။ သက်တမ်းအားဖြင့် အနှစ် ၃၀ ခန့်အထိ အသက်ရှင်နေထိုင်ကြပြီး သက်တမ်းခုနစ်နှစ်နှင့် ကိုးနှစ်အကြား မျိုးပွားဖို့ အရွယ်ရောက်ကြပါသည်။
လင်းပိုင်များမှာ အလွန်ထူးခြားသော စရိုက်လက္ခဏာများ ရှိကြပါသည်။ လင်းပိုင်များမှာ ရေလုပ်သားများနှင့်အတူတူ ငါးရှာပေးလေ့ရှိသောကြောင့် ချစ်စဖွယ် အမူအကျင့်များကိုလည်း ပိုင်ဆိုင်ထားကြပါသည်။ ရေနေ နို့တိုက်သွေးနွေးသတ္တဝါဖြစ်ကြသဖြင့် ရေအောက်တွင် အချိန်ကြာမြင့်စွာ နေလေ့မရှိကြဘဲ ရေပေါ်သို့ ခေါင်းဖော်ကာ လေရှူတတ်ကြသောကြောင့် လင်းပိုင်တို့ သွားလာကျက်စားရာနေရာများကို မြစ်ကမ်းပေါ်မှ လူများက မြင်နိုင်သိနိုင်ကြသည်။ လင်းပိုင်များသည် အသက်ရှူကာ ရေပေါ်တွင်ခေါင်းဖော်၍ ရေမှုတ်တတ်ကြသဖြင့် ရေလုပ်သားများမှာ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်လင်းပိုင်များကို အဝေးမှပင် တွေ့မြင်နိုင်ကာ မှတ်မိနေကြပါသည်။
ယင်းလင်းပိုင်အုပ်စုထဲမှ ခေါင်းဆောင်ဟု ယူဆရသည့် လင်းပိုင်သည် ရေပေါ်သို့ဖော်၍ အမြီးကို ထောင်ပြလိုက်ခြင်းသည် ငါးဖမ်းရန်အချက်ပေးခြင်းဖြစ်သည်။ ရေအောက်တွင် ငါးများစုမိလျှင် လင်းပိုင်သည် အမြီးကို ရေပေါ်တွင် မတ်နေအောင် ထောင်ပြကာ ဘယ်ညာယိမ်းပြမည်ဖြစ်ပြီး ထိုအချိန်တွင် ရေလုပ်သားများက ကွန်ပစ်ရသည်။ ကွန်အတွင်းမိသွားသည့်ငါးများကို လင်းပိုင်များစားလေ့ မရှိကြဘဲ ပိုက်ကွန်အပြင်တွင် ပြေးလွှားနေကြသည့် ငါးများကိုသာ ဖမ်းယူစားသောက်တတ်ကြသည်။ ပိုက်ကွန်နှုတ်ခမ်းအပြင်မှ ငါးများသည် လင်းပိုင်အတွက် ပိုက်ကွန်အတွင်းမှ ငါးများသည် ရေလုပ်သားများအတွက်ဟု သဘောတူညီထားသည့်အလား
ထူးခြားလှပေသည်။
![]() |
ဓာတ်ပုံ - irrawaddy.com |
ဧရာ၀တီလင်းပိုင်တို့၏ ရေလုပ်သားများနှင့် ငါးရှာကြပုံများကို ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ဂျပန်နိုင်ငံ NHK သတင်းဌာနမှ လာရောက်ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သဖြ င့် နိုင်ငံတကာမှလင်းပိုင်ချစ်သူများ၊ လေ့လာစောင့်ကြည့်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။
တစ်ချိန်က အကောင်ရေများစွာရှိခဲ့ကြသည့် ဧရာ၀တီလင်းပိုင်များသည် ၂၀၁၄ ခုနှစ် စစ်တမ်းများအရ ကောင်ရေ ၇၀ ဝန်းကျင်သာ ရှိတော့သည်။ လင်းပိုင်များမှာ မျှောပိုက်ကြီးများတွင် မတော်တဆငြိတွယ်သေဆုံးရခြင်း၊ ရှော့ခ်တိုက်ငါးဖမ်းခြင်း စသည်တို့ကြောင့်လည်း လင်းပိုင်များ ရှင်သန်မျိုးပွားရေးကို ခြိမ်းခြောက်လျက်ရှိသည်။ တစ်ဖက်မှာလည်း ဧရာ၀တီလင်းပိုင်များ တဖြည်းဖြည်းလျော့နည်းလာသည်ကို ပညာရှင်များ သတိပြုမိပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးကို ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ကြပါသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)နှင့် ပူးပေါင်းလျက် ဧရာ၀တီလင်းပိုင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်း၏ ရည်ရွယ်ချက်မှာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဧရာ၀တီလင်းပိုင်များ ကောင်ရေတိုးပွားလာစေရန်နှင့် တစ်ဆက်တည်းပင် လက်ပစ်ကွန်ရေလုပ်သားများနှင့် ဧရာ၀တီလင်းပိုင်များ ပူးပေါင်းငါးဖမ်းဆီးသည့်အလေ့အထ အဓွန့်ရှည်တည်တံ့စေရန် ဖြစ်ပါသည်။
ဧရာ၀တီလင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် လင်းပိုင်များနေထိုင်ကျက်စားသည့် နယ်မြေဧရိယာတိုးပွားလာခြင်း၊ လင်းပိုင်အုပ်စုကောင်ရေပမာဏ တိုးပွားလာစေခြင်း၊ ဧရာ၀တီလင်းပိုင်များနှင့် ပူးပေါင်းငါးဖမ်းသည့် လက်ပစ်ကွန်ရေလုပ်သားများ၏ ငါးဖမ်းဧရိယာကျယ်ဝန်းလာစေခြင်း၊ ဧရာ၀တီ
လင်းပိုင်များနှင့်အတူ ငါးဖမ်းသည့်လုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသွားများမှ လာရောက်ကြည့်ရှုခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရေလုပ်သားများနှင့် ဒေသခံကျေးရွာများ ဖွံ့ဖြိုးစည်ပင်လာမည်ဖြစ်ပါသည်။ ထို့ပြင် အလွန်ဆန်းကြယ်စွာ ရေလုပ်သားများနှင့်အတူ ငါးရှာငါးဖမ်းကြသည့် ဧရာ၀တီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရန် ဆောင်ရွက်နေချိန်တွင် ဒေသခံများကလည်း ဧရာ၀တီလင်းပိုင်များအပေါ် တန်ဖိုးထားချစ်မြတ်နိုးကြရန်လည်း အရေးကြီးလှပေသည်။
ထိုကဲ့သို့ ထူးခြားမှုများ ပြည့်နှက်နေသည့် ချစ်စဖွယ် နို့တိုက်သတ္တဝါလင်းပိုင်မျိုးစိတ်တစ်ခုဖြစ်သည့် ဧရာ၀တီလင်းပိုင်များ၏ စိတ်ဝင်စားဖွယ်အကြောင်းချင်းရာများကို သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၃)
No comments:
Post a Comment