August 12, 2020

ကျွဲ နွားများအတွက် သတိထားစရာ သည်းကြီးရင်ကားရောဂါ

မောင်အောင်(မွေး/ကု) 

ဦးကြီးရွှေမောင်။    အေးကွာ ဒို့ရွာတွေလည်း မြို့နဲ့ဆက်သွယ်ဖို့ လမ်းတွေ ကောင်းလာတာတော့မှန်ပါရဲ့။ လူတွေလည်း အကြားအမြင်ဗဟုသုတတွေတော့ တိုးလာပါရဲ့။ ဒို့ငယ်ငယ်တုန်းကဆို ရွာမှာ ဓာတ်စက်တစ်လုံးပဲရှိတာ။ ဒါတောင်သူကြီးဦးသီးအိမ်မှာပဲရှိတာ။ သူကြီးအိမ်က ဦးဖိုးစိန်တို့၊ ရွှေမန်းတင်မောင်တို့၊ စိန်အောင်မင်းတို့ ဇာတ်ထုပ်တွေများဖွင့်ရင် ငါတို့မှာ အလုပ်လုပ်ရင်းနားထောင်၊ ညဘက်များဖွင့်လို့ကတော့ အိပ်တောင်မအိပ်ဘဲ နားထောင်ခဲ့ရတာကွ။

အရီးမှည့်။ ရှင်ကလည်း ရှင်ငယ်ငယ်ကတည်းက အကြောင်းတွေ လွမ်းနေတာကိုး။ ကျုပ်ကတော့ ရွှေမန်းတင်မောင်ရဲ့ မယ်တော်မာယာဖွားတောေမူခန်းကို အကြိုက်ဆုံးပဲ။ မယ်တော်မာယာ ကပ္ပိလဝတ်ပြည်ကိုပြန်ပြီး သားတော်လေးဖွားမြင်ဖို့ ဘိုးဘိုးကြီးပြောတဲ့ အင်ကြင်းတောအကြောင်းက ပြန်သာ မပြောတတ်တာ၊ ခုချိန်ထိလွမ်းနေတုန်း။

ကိုသောင်းထွန်း။ ဦးကြီးက အဲဒီလိုသာပြောနေတာပါ။ နောက်ပိုင်း တွံတေးသိန်းတန်ရဲ့ ထွေးညိုတို့၊ ကိုကြီးသာဒင်တို့လည်း ဦးကြီးကြိုက်တာပဲ မဟုတ်လား။ နောက်ပြီး တွံတေးသိန်းတန်နဲ့ ချိုပြုံးတို့ ‘ကိုသိန်းတန် စိုးသင်္ဘောပေါ် တက်ခဲ့မယ်နော်’ဆိုတဲ့ စိုးမိုးမေတ္တာဇာတ်လမ်းက ကျွန်တော်တို့ လူငယ်တွေ  အကြိုက်လေ။

ကိုညွန့်တင်။    ‘‘အစ်ကိုက ဘာလူငယ်လဲ။ အသက် ၇ဝ ကျော်နေပြီ’’ 

        ကိုညွန့်တင်၏စကားကြောင့် အားလုံးဝိုင်းပြီး ရယ်လိုက်ကြသည်။ 

ကိုသောင်းထွန်း။    အခုတော့ ဟုတ်တာပေါ့ကွာ။ အဲဒီဇာတ်လမ်းပေါ်စတုန်းက ငါတို့အသက်က အစိတ်လောက်ပဲ ရှိသေးတာကိုး။

ကိုညွန့်တင်။    ဒါနဲ့ အစ်ကို၊ လယ်ထဲ ညိုမောင်တို့တဲမှာ အနာပဆုပ်ကြီးတွေပေါက်ပြီး ညိုမောင် အပြင်းဖျားနေ တယ်ကြားတယ်။ ဟိုတလောကလည်း ဒီကောင့်အိမ်က စာဥကြီးအသားတွေ တဆတ်ဆတ်တုန်ပြီး ဗြုန်းဒိုင်းဆို လဲကျပြီး သေသွားတယ် ပြောတယ်။ ဒီကောင်တွေတဲစုတော့ အကုသိုလ်ဝင်တာပါပဲဗျာ။ သူ့မိန်းမ မယ်မျှင်တစ်ယောက်တော့ တငိုငို တရီရီ ဖြစ်နေပြီ။

ဓာတ်ပုံ - despositphotos

စာရေးသူ။    ဒီကောင်တွေ အဲဒီနွား ဖျက်စားသေးလား။ မြေမြှုပ်လိုက်လား။

ကိုသောင်းထွန်း။ ဒီကောင်တွေလား မြေမြှုပ်မှာ၊  ဖျက်သမှ သိပ်ပြီးဖျက်ပေ့ါ။ ဒီအကွက်ချောင်းနေတာ။ သူတို့လည်း စားတယ်။ ရွာထဲတောင် နည်းနည်းလိုက်ပြီး ရောင်းတယ်ထင်တယ်။ 

အရီးမှည့်။    ရောင်းတာပေ့ါတော်။ အရီးမှည့် ရေယူဦးမလား။ ပံ့သကူဆိုပြီး ကျုပ်တောင်လာပြောသေးတယ်။ မင်းတို့ဦးကြီးက  ခြေလေးချောင်းသားရှောင်ထားလို့ မဝယ်ဖြစ်လိုက်တာ။

ဦးကြီးရွှေမောင်။ အေး မောင်အောင်ရ။ အဲဒီနွား ဘာဖြစ်လို့ သေတယ်လို့ထင်သလဲ။

စာရေးသူ။    နွားက အသားတွေလည်း တဆတ်ဆတ်တုန်ပြီး ရုတ်တရက်လဲကျ သေဆုံးတာဆိုတော့ ဖြစ်နိုင်တာက မြွေကိုက်လို့ဖြစ်နိုင်တယ်။ ဓာတ်လိုက်လို့ဖြစ်နိုင်တယ်။ မိုးကြိုးပစ်လို့ဖြစ်နိုင်တယ်။ ဒါပေမဲ့ မြွေကိုက်တယ်ဆိုရင် မြွေကိုက်တဲ့ဒဏ်ရာရှိရမယ်။ မိုးခြိမ်းပြီး မိုးကြိုးပစ်ရင်လည်း သူတို့သိရမယ်။ ဓာတ်လိုက်တာဆိုရင်လည်း လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျတာရှိမှ ဖြစ်နိုင်ပါတယ်။

ကိုညွန့်တင်။    ဒီကောင့်နွားသေတော့ ကျွန်တော်သွားကြည့်တယ်။ အစ်ကိုပြောတဲ့ မြွေကိုက်ဒဏ်ရာတော့ လုံးဝမရှိဘူး။ မိုးကြိုးလည်းမပစ်ဘူး။ ဓာတ်ကြိုးပြတ်ကျတာလည်း မရှိဘူး။ ကျွန်တော်ထင်တာတော့ ကူးစက်ရောဂါတစ်ခုခုဖြစ်ပြီး သေတယ်ထင်တာပဲ။ 

        ကိုညွန့်တင်ကား အတန်းပညာ ၁ဝ တန်းထိသင်ဖူး၍ အကြားအမြင်ဗဟုသုတ ရှိသည်။  သူ၏တွေးတွေးဆဆပြောလာပုံက ကျွန်တော်အဖြေပေးရတော့မည့် အခြေအနေကို ရောက်လာသည်။ 

စာရေးသူ။    ကူးစက်ရောဂါတစ်ခုခု ဖြစ်တယ်ဆိုတာတော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ သေပြီးတဲ့နောက် အဲဒီနွား ဗိုက်ဖောင်းလာလား။ အသားတွေကရော ညိုမည်းလာလား။ နောက်ပြီး ဘာထူးခြားတာရှိသေးလဲ။

ကိုညွန့်တင်။    ထူးခြားတာကတော့ မပြောနဲ့အစ်ကိုရေ။ အဲဒီနွားကြီးက သေပြီး ချက်ချင်းပဲ ဗိုက်ကြီးဖောင်း လာတယ်။ ပြီးတော့ ပါးစပ်တွေ၊ နှာခေါင်းပေါက်တွေ၊ စအိုတွေကနေ သွေးတွေထွက်လာတယ်။ သွေးတွေကလည်း မည်းမည်းကြီးဗျ။ 

စာရေးသူ။    ဒီလိုရုတ်တရက်သေပြီး ဒွါရပေါက်တွေက သွေးထွက်တာ။ လေပွရောဂါလည်း ဖြစ်တော့ဖြစ်နိုင်တယ်။ အဲဒီထွက်တဲ့ သွေးအမည်းတွေကရော ခဲသွားလား။

ကိုညွန့်တင်။    လုံးဝမခဲဘူး။ ကျွန်တော်တောင် ညိုမောင်ကို ပြောဖြစ်သေးတယ်။ ဟေ့ကောင် မင်းနွားက သိပ်မဟုတ်ဘူးလို့။ ဒီကောင်က ကျွန်တော့်ကို မင်းလာမရှုပ်နဲ့ စိတ်ညစ်ရတဲ့ကြားထဲ။ ရသလောက်တော့ ပြန်ပြီးရအောင် ပြန်လုပ်ရမှာပဲပြောတယ်။ 

ဦးကြီးရွှေမောင်။    ကဲ အဲဒီတော့ မောင်အောင် အဲဒါဘာရောဂါလဲ။ ဘာကြောင့် ဖြစ်တာလဲ ပြောစမ်းပါဦး။ ဦးကြီးရွှေမောင်က ကျွန်တော့်ဘက်လှည့်လာသည်။ 

စာရေးသူ။    ဟုတ်ပါတယ် ဦးကြီး။ အခုပြောတဲ့ အဆိုအရတော့ ညိုမောင့် စာဥကြီးက ထောင့်သန်းရောဂါဖြစ်ပြီး သေတာပါ။ အဲဒီရောဂါက ဘက်ဆီးလပ်အန်ထရေစစ်(Baccilus Anth racis)လို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဒီရောဂါပိုးက တော်ရုံပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ရောဂါပိုးတိရစ္ဆာန်ခန္ဓာကိုယ်အပြင်ဖက် ရောက်သွားရင် စပိုးဖြစ်သွားပြီး တော်ရုံ တန်ရုံ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပါတယ်။  မြေကြီးထဲမှာဆိုရင် နှစ် ၃ဝ ကနေ နှစ် ၄ဝ ထိတောင် အသက်ရှင်နိုင်တယ်။ 

ဦးကြီးရွှေမောင်။    ဒါဆို မင်းရောဂါပိုးက တစ်ကြိမ်ဖြစ်ဖူးရင် နောက်နှစ်တွေမှာ ဆက်ပြီးဖြစ်နိုင်တာပေ့ါ။ ဒီရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြလဲ။ နောက်ပြီး တိရစ္ဆာန်တစ်ကောင်နှင့် တစ်ကောင် ဘယ်လိုကူးစက်တတ်သလဲ။ 

စာရေးသူ။     ထောင့်သန်းရောဂါဖြစ်ရင် တိရစ္ဆာန်ဟာ အပူချိန်တက်မယ်။ အဖျားကြီးမယ်။ ရောဂါပြင်းထန်ရင် တက်ပြီး လဲကျသေဆုံးတတ်ပါတယ်။ တစ်ခါတလေ လည်ပင်းနှင့် ရင်ဘတ်တွေ ရောင်လာတတ်ပါတယ်။ အစာအိမ်လမ်းကြောင်း ရောဂါပိုးဝင်ပြီးဖြစ်တတ်တဲ့ ထောင့်သန်းရောဂါတွေမှာ တိရစ္ဆာန်ဟာ မအီမသာဖြစ်မယ်။ ဗိုက်နာမယ်။ တစ်ခါတလေအန်ရင် သွေးပါတတ်တယ်။ တိရစ္ဆာန်တစ်ကောင်နှင့်တစ်ကောင် ကူးစက်တာကတော့ ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်ရဲ့မစင်ထဲမှာ ထောင့်သန်းရောဂါပိုးပါနေတယ်။ အဲဒါကို စားမိရာက ရောဂါကူးစက်စေတာပါ။

ကိုသောင်းထွန်း။    ဒီထောင့်သန်းရောဂါ က ဒို့လူတွေကိုရော ကူးစက်နိုင်လား။  ဘယ်လိုကူးစက်သလဲ။ ရောဂါဖြစ်ရင်ရော ဘာတွေဖြစ်တတ်သလဲ။ 

        ကျွန်တော် တို့စကားဝိုင်းတွင် တစ်ချိန်လုံးငြိမ်၍ နားထောင်နေသော အစ်ကိုသောင်းထွန်းက မေးလာခြင်းဖြစ်သည်။ 

စာရေးသူ။    ဒီရောဂါက လူကို ကူးစက်စေပါတယ်။ အထူးသဖြင့် ကျွဲ၊ နွားတွေနှင့် အမြဲတမ်းထိတွေ့နေတဲ့ လူတွေ၊ သူတို့လက်နှင့် ခန္ဓာကိုယ်မှာ ကွဲရှရာနှင့် အနာတရဖြစ်နေရင် အဲဒီအနာကနေတစ်ဆင့် ရောဂါပိုးဝင်ရောက်ပြီး ကူးစက်တာပါ။ အဲနောက်ပြီး ရောဂါပိုးက လေထဲမှာ လွင့်နေတတ်တဲ့အတွက် ရောဂါပိုးပါတဲ့ လေကိုရှူမိရင်၊ ရောဂါဖြစ်ပြီး သေတဲ့တိရစ္ဆာန်ရဲ့အသားကို သေသေချာချာ ချက်ပြုတ်မစားရင် ရောဂါဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အထူးသဖြင့် ရောဂါဖြစ်တဲ့ ကျွဲ၊ နွား နှင့်ထိတွေ့နေတဲ့သူတွေ၊ ကျွဲ၊ နွား သားရေတို့၊ သိုးမွေးတို့ရောင်းချတဲ့သူတွေ၊ ရောဂါဖြစ်ပြီးသေတဲ့ ကျွဲ၊ နွားကို ခုတ်ထစ်ရောင်းချတဲ့သူတွေမှာ ရောဂါအဖြစ်များတာပါ။ 

ဦးကြီးရွှေမောင်။ မင်းထောင့်သန်ေရောဂါကလည်း မလွယ်ပါ့လားကွာ။ တယ်ပြီး ကူးစက်နိုင်တာကိုး။ ဒါနဲ့ နေစမ်းပါဦး။ မင်းပြောသလို လက်တွေ ခြေထောက်တွေမှာ ဒဏ်ရာရှိလို့ ရောဂါပိုးဝင်မယ်ဆိုရင် ဘာဖြစ်မလဲ။

စာရေးသူ။    အဲဒီလို လက်တွေခြေထောက်တွေမှာ ဒဏ်ရာနှင့် အနာတွေကတစ်ဆင့် ထောင့်သန်းရောဂါပိုးကောင် ကိုက်သလိုမျိုး အဖုကလေးဖြစ်လာမယ်။ ပြီးတော့ အရည်ကြည်ဖုလေးဖြစ်ပြီး ပေါက်သွားမယ်။ အနာရဲ့အလယ်မှာ မည်းနေတာကို တွေ့ရမယ်။ အနာပတ်ချာလည်မှာ ရောင်နေမယ်။ တကယ်လို့ ပဋိဇီဝဆေးနှင့် မကုသရင် ဒီအနာတွေကြောင့် ရောဂါဖြစ်ပွားသူရဲ့ ၂ဝ ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်ပါတယ်။

ဦးကြီးရွှေမောင်။ လူတောင်သေတယ်ဆိုတော့ ထောင့်သန်းရောဂါကလည်း ကြောက်စရာပါလားကွ။ အဲဒါနဲ့ အသက်ရှူလို့ကူးစက်တာနဲ့ ဗိုက်ထဲကို ထောင့်သန်းရောဂါဝင်လို့ဖြစ်တာ။ ဘာတွေဖြစ်နိုင်တယ်ဆိုတာ ပြောစမ်းပါဦး။

စာရေးသူ။    ဒီထောင့်သန်းရောဂါပိုးကို အသက်ရှူတာကနေ ကူးစက်တယ်ဆိုရင်  တုပ်ကွေးလိုမျိုး စပြီး ဖျားလို့ ရက်အတော်လေးကြာလာလျှင် အသက်ရှူကြပ်ပြီး ရှော့ခ်ရတတ်တယ်။ မေ့သွားတတ်တယ်။ အဲဒီလိုပြင်းထန်တဲ့လက္ခဏာပေါ်ပြီးရင်တော့ တစ်ရက်မှ နှစ်ရက်အတွင်း သေဖို့များပါတယ်။ အဲ နောက်တစ်ခါ ထောင့်သန်းရောဂါပိုးပါတဲ့ အသားကို စားမိလို့ ဗိုက်ထဲကို ထောင့်သန်းရောဂါပိုး ရောက်သွားရင်တော့ အစာစားပျက်မယ်။ မှိုင်တွေမယ်။ မအီမသာဖြစ်မယ်။ ဖျားမယ်။ အန်မယ်။ ဗိုက်နာမယ်။ သွေးအန်မယ်။ ဝမ်းလျှောမယ်။ ဘာကုသမှုမှ မလုပ်လို့ကတော့ ဒီရောဂါဖြစ်တဲ့သူရဲ့ ၆ဝ ရာခိုင်နှုန်းက အသက်ဆုံးရှုံးဖို့က သေချာသလောက်ပါပဲ။

ဦးကြီးရွှေမောင်။ မင်းထောင့်သန်းရောဂါကလည်း တယ်ပြီး ဆိုးသကိုးကွ။ မောင်ညွန့်တင်တို့က ညိုမောင်တို့တဲသွားပြီး သတိပေး။ ဒီကောင်တွေ ပေ့ါမနေဘဲ ဆေးရုံကို အမြန်သွားကြဖို့။ အဲ ပြီးတော့ မောင်အောင်ကို ဆက်ပြီးမေးရဦးမယ်။ ဒီလောက် တိရစ္ဆာန်တွေအတွက်လည်း ဒုက္ခပေး၊ လူတွေကိုလည်း သေစေနိုင်တဲ့ ထောင့်သန်းရောဂါကို တို့တတွေ ဘယ်လိုကာကွယ်ကြမလဲ။ အထူးသဖြင့်တော့ ကျွဲ၊ နွား တိရစ္ဆာန်တွေအတွက်ပေါ့ကွာ။

ဓာတ်ပုံ - iaea.org

စာရေးသူ။    ကျွဲ၊ နွားတိရစ္ဆာန်တွေအတွက်ကတော့ ကျွန်တော်တို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်လုပ်ထားတဲ့ ထောင့်သန်းရောဂါကာကွယ်ဆေး နှစ်စဉ်ထိုးနှံဖို့ပါ။ အသက်ခြောက်လအထက် အရွယ်ရောက်ပြီး ကျွဲ၊ နွားတစ်ကောင်ကို တစ်စီစီ တစ်နှစ်တစ်ကြိမ်ထိုးပေးဖို့လိုပါတယ်။  ကာကွယ်ဆေးထိုးပြီး တစ်ပတ်ကြာလျှင် ရောဂါခံနိုင်ရည်စွမ်းအား ရရှိပါတယ်။ သိုးဆိတ်အတွက်ကတော့ အရွယ်ရောက်ပြီး လေးလအထက် သိုးဆိတ်တစ်ကောင်ကို ကာကွယ်ဆေး သုည ဒသမ ၅ စီစီ အသားဆေး တစ်နှစ်တစ်ကြိမ်ထိုးဖို့ပါ။ ကာကွယ်ဆေးထိုးပြီး ၂၃ ပတ် ရောဂါခံနိုင်ရည်စွမ်းအား ရရှိနိုင်ပါတယ်။ ဆေးတစ်ကြိမ် ထိုးပြီးရင်တော့ နှစ်တိုင်း  တစ်နှစ် တစ်ကြိမ် ဆေးထိုးဖို့လိုပါတယ်။ 

ဦးကြီးရွှေမောင်။ ကဲ မင်းပြောသလိုဖြင့် တိရစ္ဆာန်အတွက်တော့ တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးရမယ်ဆိုတာ သဘောပေါက်ပါပြီ။ ဒို့လူတွေအတွက်ရော ကာကွယ်ဆေးရှိလား။ ကာကွယ်ဆေးထိုးဖို့လိုသလား။ အဲ နောက်ပြီး ထောင့်သန်းရောဂါထပ်ပြီး မပြန့်ပွားအောင် ဖြစ်လာလျှင် ဒို့တွေ ဘာလုပ်သင့်သလဲ။

စာရေးသူ။    လူတွေအတွက် ထောင့်သန်းရောဂါကာကွယ်ဆေးက ကျွန်တော်တို့နိုင်ငံမှာတော့ သုံးတာမရှိသေးပါဘူး။ သြစတြေးလျတို့ နယူးဇီလန်တို့မှာတော့ ကျွဲ၊ နွားမွေးမြူသူတွေ၊ သားရေရွေးတဲ့သူ၊ သိုးမွေးရွေးတဲ့သူ၊ သားသတ်ရုံက လူတွေထိုးတာတော့ ရှိပါတယ်။ အဲနောက်တစ်ခါတော့ ထောင့်သန်းရောဂါပိုးကို ဇီဝလက်နက်အနေနှင့် သုံးတာကြောင့် အမေရိကန်မှာ ရှေ့တန်းထွက်တဲ့ စစ်သားတွေအတွက် ကာကွယ်ဆေးထိုးတယ်လို့တော့ အင်တာနက်မှာ ဖတ်ရပါတယ်။ ဒီထောင့်သန်းရောဂါဖြစ်ပြီး ထပ်ပြီးမပြန့်ပွားအောင် ထောင့်သန်းရောဂါဖြစ်တယ်လို့ သံသယဖြစ်ရင် နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို အကြောင်းကြားရပါမယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတင်းပို့ရပါမယ်။ လိုအပ်ရင် ကျွဲ၊ နွား အသွားအလာ ထိန်းချုပ်ရပါမယ်။ ရောဂါဖြစ်တဲ့ ကျွဲ၊ နွားတွေကို နေရာက ဘယ်မှမရွှေ့ဘဲ ကျန်နေကောင်းတဲ့ ကျွဲ၊ နွားတွေကို အဲဒီတင်းကုပ်မှာ ဆက်မထားဘဲ ရွှေ့ပြောင်းရပါမယ်။ နွားခြံထဲကို သန့်ရှင်းရေး သေချာလုပ်၊ ပိုးသတ်ဆေးဖျန်းရပါမယ်။ ရောဂါ ဖြစ်တဲ့ ကျွဲ၊ နွား သေသွားရင် အဲဒီကျွဲ၊ နွားအသေကောင်ကို သူနှင့်ထိတွေ့တဲ့ ကောက်ရိုးတွေ၊ မစင်တွေပါမကျန် မီးရှို့ပစ်နိုင်ရင်တော့ အကောင်းဆုံးပါ။ မီးရှို့မပစ်နိုင်ရင်တော့ ခြောက်ပေအနက် ကျင်းတူးပြီး မြေကြီးထဲသေချာမြှုပ်၊ ခွေးတို့၊ ခွေးအတို့ပြန်ဖော်ပြီး မစားနိုင်အောင် ဆူးခက်တွေ ဆီးခက်တွေချ။ ခြံစည်းရိုးခတ်ထားဖို့ လိုပါတယ်။ အဲဒီရောဂါဖြစ်ပြီး သေတဲ့တိရစ္ဆာန်ကို ကိုင်တဲ့လူတွေလည်း လက်တွေခြေတွေ ဆပ်ပြာနှင့် သေချာဆေး ကြော သန့်သန့်ရှင်းရှင်းနေမယ်ဆိုရင်တော့ ရောဂါက ထပ်ပြီး ကူးစက်ပြန့်ပွားမှာ မဟုတ်ပါဘူး။

ဦးသောင်းထွန်း။    ဒါနဲ့နေစမ်းပါဦး။ ဒီရောဂါကို မင်းကသာ ထောင့်သန်းလို့ ပြောနေတာ။ တချို့ ကတော့ ဗြုန်းခနဲ ချက်ချင်းအသားတွေ တဆတ်ဆတ်တုန်ပြီး သေသွားလို့ အောင်နိုင်နတ်ဖမ်းစားတယ်ဆိုပြီး တောင်းပန်တာ တိုးလျှိုးတာတွေ လုပ်နေကြပါလား။

စာရေးသူ။    ဟုတ်ပါတယ်အစ်ကို။ ကျွန်တော်တို့ တိရစ္ဆာန်ဆေးပညာအရသာ ထောင့်သန်းလို့ ခေါ်ပေမယ့် တချို့ကလည်း ဒီရောဂါဖြစ်ပြီး သေရင် အသည်းတွေကြီးပြီး ရင်ဘတ်ကြီးကားလာလို့ သည်းကြီးရင်ကားလို့ခေါ်တယ်။ တချို့ကလည်း ဒွါရပေါက်တွေက သွေးမည်းတွေထွက်လာပြီး ဗိုက်ထဲမှာ အရည်တွေပြည့်နေလို့ အူပေါ်ရေလျှံလို့လည်း ပြောကြတယ်။ တချို့ကတော့ အစ်ကိုပြောသလို အောင်နိုင်နတ် ဖမ်းစားတယ်လို့ ခေါ်ကြပါ တယ်။ သူ့အရပ်ဒေသအလိုက် ခေါ်ဝေါ်ကြတာပါ။ 

ဦးကြီးရွှေမောင်။    အေး ထောင့်သန်းပဲဖြစ်ဖြစ်၊ သည်းကြီးရင်ကားပဲဖြစ်ဖြစ် ဒီရောဂါကတော့ ဒို့တောင်သူလယ်သမားတွေအတွက် တကယ်အရေးကြီးလို့ ဒို့လူတွေ မပေါ့ကြနဲ့ဟေ့။ 

        ဦးကြီးရွေမောင်၏ သတိပေးစကားက အားလုံးအတွက် အလေးထားစရာပါ။                      

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၈)

No comments:

Popular Posts