August 11, 2020

သားသားမီးမီး ကျန်းမာရေး မေမေ့နို့ချိုတိုက်ကျွေးပေး

ပေါက်ပေါက်

        ရင်သွေးငယ်များ ဘက်စုံကျန်းမာကြံ့ခိုင်စေရေးအတွက် မိခင်နို့ရည်ဟာ ဘယ်လောက်တောင် အရေးပါတယ်ဆိုတာကို ကမ္ဘာ့နိုင်ငံအသီးသီးမှ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများက ကျန်းမာရေးအသိဖြင့် နှိုးဆော်လျက်ရှိပြီး နိုင်ငံတိုင်းမှ မိခင်များကလည်း သိနှင့်ထားကြပြီးဖြစ်ပါတယ်။ ထူးခြားချက်အနေဖြင့် ဂရိနိုင်ငံ၌ လူမြင်ကွင်းမှာ ကလေးငယ်များကို နို့ချိုတိုက်ကျွေးခြင်းအား ရှေးနှစ်ပေါင်းများစွာကတည်းက တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဂရိနိုင်ငံမှာ ကလေးငယ်များကို မိခင်နို့ချိုတိုက်ကျွေးနှုန်းဟာ အလွန်နိမ့်ကျလျက်ရှိပါတယ်။ သို့သော် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှာတော့ ဂရိနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက နို့ချိုတိုက်ကျွေးရေး သီတင်းပတ်အခမ်းအနားကို ပါဝင်ဆင်နွှဲကြရန်အတွက် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာရဲ့တစ်ခုသောတနင်္ဂနွေနေ့မှာတော့ ဂရိနိုင်ငံရှိမြို့ပေါင်း ၅ဝကျော်မှ မိခင်များက ‘ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးသော သီတင်းပတ်’ကို အားတက်သရော ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ထိုအခမ်းအနားမှာ မိခင်ပေါင်း ၆ဝဝ ကျော်ခန့်ဟာ လူမြင်ကွင်းမှာ နို့ချိုတိုက်ကျွေးခဲ့ကြပါတယ်။ 

        ကျန်းမာကြံ့ခိုင်တဲ့ ရင်သွေးငယ်ဖြစ်ဖို့အတွက် အမိဝမ်းတွင်းသန္ဓေသားဘဝကတည်းကပင် ပြည့်စုံလုံလောက်တဲ့ အာဟာရတွေကို ရရှိနေရမှာ ဖြစ်သလို၊ အမိဝမ်းတွင်းမှ ကျွတ်လာပြီး ခြောက်လပြည့်တဲ့အထိ အာဟာရဓာတ်ပြည့်ဝတဲ့နို့ချိုကို တိုက်ကျွေးနိုင်မှသာ ထိုကလေးငယ်လူလားမြောက်တဲ့အထိ ကိုယ်ခံအားကောင်း၍ ရောဂါကင်းဝေးနေမှာဖြစ်ပါတယ်။ မွေးပြီးစတစ်ရက်အတွင်း မဖြစ်စလောက်ထွက်ရှိလာသော နို့ဦးရည်ဟာ အနည်းငယ်ပျစ်ပြီး ဝါကျင့်ကျင့်အရောင် ဖြစ်ပါတယ်။ ထိုနို့ဦးရည်က ကလေးငယ်အစာချေဖျက်မှုနှင့် ဖွံ့ဖြိုးကြီးထွားမှုအတွက် လွန်စွာအရေးပါလှပါတယ်။ မိခင်နို့ရည်မှာ ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ ပရိုတင်းနှင့် အဆီဓာတ်တို့ အချိုးကျ မျှတစွာပါဝင်နေကြတာကြောင့် မွေးခါစကလေးများအတွက် မိခင်နို့ရည်သည်သာ အကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး အာဟာရဖြစ်ပါတယ်။

        ကလေးငယ် အသက်ခြောက်လအထိ မိခင်နို့ချိုရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးခြင်းဖြင့် နို့ရည်ထဲမှာပါတဲ့ သဘာဝပဋိဇီဝပစ္စည်းများကြောင့် ပြင်ပကူးစက်ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများကို ခုခံကာကွယ်နိုင်ပြီး ပန်းနာရင်ကျပ်ခြင်းနှင့် ဓာတ်မတည့်မှုဖြစ်ခြင်းတို့ နည်းပါးစေခြင်း၊ နားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနှင့် ဝမ်းလျှောဝမ်းပျက်ခြင်းတို့ မဖြစ်စေနိုင်တော့ခြင်း၊ ကလေးငယ်တွင် ဉာဏ်ရည်မြင့်မားခြင်း၊ မိခင်နှင့် အမြဲထိတွေ့ဆက်ဆံနေရတာကြောင့် လုံခြုံနွေးထွေးမှုကို ခံစားရခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် ကလေးငယ်မှာ အဝလွန်ခြင်းနှင့် ဆီးချိုဖြစ်ခြင်းကို ထိန်းချုပ်ပေးနိုင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

ဓာတ်ပုံ - telegraph.co.uk

နို့တိုက်မိခင်အတွက် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

        ကိုယ်ခန္ဓာရှိ အဆီပိုများကို လောင်ကျွမ်းစေခြင်း၊ သားအိမ်ကို ပိုမိုလျင်မြန်စွာ ကျုံ့စေနိုင်၍ အလိုအလျောက် သားဆက်ခြားပြီးသားဖြစ်သွားခြင်း၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အရိုးပါး၊ အရိုးပွရောဂါဖြစ်ခြင်းမှ လျှော့ချပေးနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ထို့ပြင် အချိန်အခါမရွေး နေရာမရွေး အလွယ်တကူ နို့ချိုတိုက်ကျွေးနိုင်တာကြောင့် မိခင်မှာ အလုပ်မရှုပ်စေတော့ဘဲ အချိန်ပိုထွက်လာခြင်း၊ နို့မှုန့်ဖိုး အကုန်အကျ သက်သာစေခြင်း စတဲ့ ကောင်းကျိုးရလဒ်တွေ ခံစားရနိုင်ပါတယ်။

        အကယ်၍ မိခင်မှာ ခုခံအားကျဆင်းရောဂါ၊ အဆုတ်ရောဂါ၊ ရောဂါတစ်မျိုးမျိုးကြောင့် ပဋိဇီဝဆေးဝါးများ သုံးစွဲနေရလျှင်သော်လည်းကောင်း၊ ကင်ဆာရောဂါကြောင့် ဓာတုကုထုံးခံယူနေရလျှင်သော်လည်းကောင်း၊ မူးယစ်ဆေးဝါး တစ်ခုခုစွဲနေလျှင်သော်လည်းကောင်း၊ ကလေးငယ်များမှာ ရှားပါးစွာဖြစ်တတ်သော မိခင်နို့ရည်နှင့် ဓာတ်မတည့်ရောဂါပါလာလျှင်သော်လည်းကောင်း ထိုထူးခြားဖြစ်စဉ်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ နို့ချိုတိုက်ကျွေးပေးရမှာပါ။ သို့သော် မိခင်မှာ ရိုးရိုးသာမန် အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်းမျှနဲ့တော့ နို့တိုက်ခြင်းကို မရပ်နားသင့်ပါဘူး။ မိခင်နို့ရည်ကိုညှစ်ထုတ်၍ ရေခဲသေတ္တာထဲမှာ နှစ်ရက်တိတိ သိုလှောင်သိမ်းဆည်းထားခြင်းက အာဟာရမပြယ်၊ အာနိသင်မပြယ်စေနိုင်တာကြောင့်လည်း အလုပ်လုပ်သော နို့တိုက်မိခင်များအတွက် အဆင်ပြေပါတယ်။ သို့သော် အေးခဲထားသော မိခင်နို့ကို အသုံးပြုမည်ဆိုပါက မူလအာဟာရတန်ဖိုးတွေ မဆုံးရှုံးရလေအောင် ပြန်လည်အပူပေးနွှေးခြင်း မပြုသင့်ဘဲ ရိုးရိုးအရည်ပျော်လာအောင်သာ အချိန်ပေးစောင့်ဆိုင်း၍ ရင်သွေးငယ်ကို တိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။

        မိခင်နို့ချိုတိုက်ကျွေးတဲ့အခါ လက်ကို ပါးစပ်ဖြင့်စုပ်ခြင်း၊ ငိုသံပေးခြင်း၊ နို့စို့သကဲ့သို့ ပါးစပ်တပြင်ပြင်လုပ်ခြင်းတွေက ကလေးငယ်နို့ဆာနေတဲ့ လက္ခဏာများပါ။ တစ်နေ့လျှင် အနည်းဆုံး ရှစ်ကြိမ်မှ ၁၂ ကြိမ်ခန့်အထိ နို့ချိုတိုက်ကျွေးရမှာဖြစ်ပြီး နို့တစ်ကြိမ်တိုက်ကျွေးချိန်ဟာ အနည်းဆုံး ၁ဝ မိနစ်မှ ၁၂ မိနစ်အထိ ကြာမြင့်ရမှာပါ။

        နို့ချိုတိုက်ကျွေးနေစဉ်မှာ ရင်သွေးလေးကို ဂရုတစိုက်ဖြင့် တယုတယ ကိုင်တွယ်ပွတ်သပ်ပေးသင့်ပါတယ်။ ဒါမှသာ ချစ်ခြင်းမေတ္တာကြောင့် မိခင်နို့လိုက်ကာ နို့ထွက်အားကောင်းလာစေမှာပါ။ နို့ချိုတိုက်ကျွေးနေစဉ်မှာ မိခင်၏ကိုယ်ဟန်အနေအထားနှင့် ရင်သွေးကိုထွေးပွေ့ရမည့်ပုံစံ မှန်ကန်မှသာလျှင် မိခင်ရော ကလေးပါ သက်သောင့်သက်သာ အနေအထားဖြစ်စေပြီး၊ သားသမီးတို့ နို့ဝစေမှာဖြစ်ပါတယ်။

နို့ချိုတိုက်ကျွေးစဉ် ရင်သွေးကို ထွေးပွေ့ရမည့် ပုံစံ

        ကလေးငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မိခင်ဘက်ဆီသို့ တစောင်းအနေအထားဖြင့် ရှိစေရန် ကလေးခြေထောက်များကို မိခင်ဖက်ဆီသို့လှည့်ကာ ပွေ့ပိုက်ထားပေးရပါမယ်။ ကလေးငယ်သက်သောင့်သက်သာဖြစ်စေဖို့နှင့် အားစိုက်၍ မစုပ်ယူစေဖို့ ပေါင်ပေါ်တွင် ကလေးကို ခေါင်းအုံးခု၍တင်ကာ ထွေးပွေ့ထားပေးပါ။ 

နို့ချိုတိုက်ကျွေးရမည့်ပုံစံ

        လက်မနှင့် လက်ညှိုးကို ဃ ပုံသဏ္ဌာန်ကွေးညွတ်စေပြီး လက်မကို သားမြတ်၏အပေါ်မှာ ထားပေးပါ။ ကျန်လက်လေးချောင်းကိုလည်း အောက်ဘက်မှထား၍ နို့သီး၏ နောက်ဘက်မှ ဖြည်းညင်းစွာညှစ်ပြီး ကလေးပါးစပ်ဝတွင်တေ့ကာ ကလေးနှင့် မိခင်နို့ကို တစ်တန်းတည်းအနေအထားဖြင့် နီးကပ်စွာရှိနေစေရမှာပါ။ ကလေးငယ်ပါးစပ်ကို ကျယ်ကျယ်ဟစေရန်အတွက် ကလေး၏နှုတ်ခမ်းကို မိခင်နို့သီးခေါင်းဖြင့် ဖြည်းညှင်းစွာ တို့ထိပေးဖို့လိုပါတယ်။ ဒါမှသာ နို့ကောင်းကောင်းစို့နိုင်မှာ ဖြစ်ပါတယ်။ 

        ကလေးငယ်က နို့စို့နေရင်း အခြားတစ်ဖက်သို့ လှည့်သွားလျှင်ဖြစ်စေ၊ ပါးစပ်ထဲမှ နို့သီးခေါင်း လွတ်ကျသွားလျှင်ဖြစ်စေ ကလေးပါးကို ညင်သာစွာပွတ်သပ်လိုက်ပါက အလိုအလျောက် တုံ့ပြန်လာပြီး ဆက်လက်၍ နို့စို့လာမှာ ဖြစ်ပါတယ်။ မိခင်နို့သီးဟာ ကလေးငယ်၏လျှာပေါ်တွင် ရှိနေစေရမှာ ဖြစ်သလို၊ ကလေးငယ်၏ သွားဖုံးဟာလည်း သားမြတ်ထိပ်ရှိ အမည်းဝိုင်းအပေါ်တွင် ရှိနေစေရမှာပါ။ ဒါမှသာ နို့သီးခေါင်းထွက်မကျတော့ဘဲ နို့ကို ကောင်းကောင်းစုပ်ယူနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်၏ ပါးတစ်ဖက်ကို သားမြတ်နှင့် အလွန်နီးကပ်စေရန် ဖိထားပေးဖို့လိုပါတယ်။ အရေးကြီးဆုံးအချက်မှာ နို့ချိုတိုက်ကျွေးစဉ် ကလေးနှာခေါင်းကို မဖိမိစေရန်အတွက် ကလေးငယ်ကို ပင့်မထားပေးရမှာ ဖြစ်ပါတယ်။

        နို့ချိုတိုက်ကျွေးတဲ့အခါမှာ ကလေးငယ်သောက်နိုင်သလောက်သာ တိုက်ကျွေးပါ။ ကလေးငယ်ကို နို့တိုက်တဲ့အခါ ရင်သားနှစ်ဖက်စလုံးကို ဘက်မျှအောင်တိုက်ကျွေးပေးရမှာဖြစ်ပါတယ်။ ဒါမှသာ မိခင်မှာ နို့ချောင်းပိတ်ဆို့ခြင်း၊ နို့ရည်မလိုက်ခြင်း၊ ရင်သားတစ်ဖက်ပိုကြီးခြင်း သို့မဟုတ် ပိုသေးခြင်းမျိုး မဖြစ်စေတော့ပါဘူး။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)

No comments:

Popular Posts