ထွန်းလှိုင် (မြိုင်)
နွားမွေးမြူရေးလုပ်ငန်းတွင် နို့စားနွားမွေးမြူရေးသည် စီးပွားရေးတွက်ခြေကိုက်သော လုပ်ငန်းတစ်ခုဖြစ်သည်။ နို့စားနွားမွေးမြူရာတွင် နွားမများကို တစ်နှစ်တစ်သားနှုန်း သားမွေးနိုင်စေရန် ဆောင်ရွက်ပေးရသည်။ နွားမများအား သားစပ်ရာတွင် သားမအောင်ခြင်းများလည်းရှိနိုင်သည်။ နွားမများ မျိုးမအောင်မြင်ခြင်းအကြောင်းနှင့် သားစပ်ရာတွင် သတိထားသင့်သည့်အချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ နွားမွေးမြူရေးခြံပိုင်ရှင် ဦးစောလှက ဆရာထွန်းလှိုင်(မြိုင်) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ငြိမ်း)ထံ မေးမြန်းထားရှိမှုများကို မွေးမြူရေးလုပ်ငန်းရှင်များ သိရှိအကျိုးရနိုင်စေရန် ဖော်ပြလိုက်ပါသည်။
မေး။ နွားမွေးမြူရေးမှာ ထုတ်လုပ်မှုအမြင့်ဆုံးရရှိအောင် ဘယ်လိုအချက်တွေ လိုအပ်ပါသလဲဆရာ။
ဖြေ။ နွားမွေးမြူရေးမှာ ထုတ်လုပ်မှုအမြင့်ဆုံးရရှိအောင် မျိုးဗီဇကောင်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရာသီဥတု၊ ရေမြေသဘာဝ၊ စီမံခန့်ခွဲမှုစတဲ့ ပတ်ဝန်းကျင်အခြေအနေကောင်းတွေရှိဖို့လည်း လိုအပ်ပါတယ်။ မျိုးဗီဇကောင်းအောင် ဆောင်ရွက်မပေးနိုင်ရင် အမြင့်ဆုံးအထိ ထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး။ ထုတ်လုပ်မှုကောင်းစေဖို့ မျိုးဗီဇတိုးတက်ရေးအတွက် မျိုးမြှင့်တင်သားစပ်ခြင်းကို ဆောင်ရွက်ပေးနိုင်ပါတယ်။
မေး။ နွားသိုးတစ်ကောင်ရဲ့ မျိုးဗီဇအမြင့်ဆုံးရရှိဖို့ နဲ့ နွားမတွေမျိုးအောင်ဖို့ ဘယ်လိုအချက်တွေ ဆောင် ရွက်ရမလဲဆရာ။
ဖြေ။ မေထုန်မဲ့နည်းနဲ့သားစပ်ရာမှာပဲဖြစ်ဖြစ်၊ သဘာဝသားစပ်ခြင်းပဲဖြစ်ဖြစ် သားစပ်မျိုးနွားသိုးတွေ ရရှိဖို့ နွားထီးငယ်များ မွေးထုတ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ နွားသိုးတစ်ကောင်ကို သဘာဝသားစပ်ရင် တစ်နှစ်ကို နွားမကောင်ရေ ၅ဝ အတွင်းသာ စပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီထက်ပို သားစပ်ပါက နွားသိုးရဲ့ မျိုးဗီဇအမြင့်ကို နွားမတွေအားလုံး မရရှိနိုင်တော့တဲ့အတွက် မျိုးအောင်မြင်မှုလည်း ကျဆင်းသွားနိုင်ပါတယ်။ နွားသိုးတစ်ကောင်ကို သဘာဝသားစပ်ဖို့ သုံးနှစ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။
မေး။ ကျွန်တော့်နွားမတစ်ကောင် သားစပ်တာ သုံး လေး ကြိမ်ရှိပြီ။ သားမအောင်လို့ ဆရာရှင်းပြပါဦး။
ဖြေ။ သားမအောင်တဲ့အချက်တွေကတော့ အများကြီးဗျ။ အဓိကကတော့ သားလျှောရောဂါ (Brucellosis)ကြောင့် သားအိမ်ပျက်စီးစေပြီး၊ သားအောင်၊ သားမွေးခြင်း မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက်က မြိုင်လာသော်လည်း မျိုးဥမအောင်မြင်ခြင်း၊ မျိုးဥပြွန်ပိတ်နေခြင်း၊ သုက်ပိုးများဟာ မျိုးဥများနဲ့ မထိတွေ့နိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မေး။ ဆရာ အခုပြောတဲ့အချက်တွေက သာမန်တော့ မသိနိုင်ဘူးဆရာ။ စမ်းသပ်ကြည့်မှသိရမှာ။ ကျွန်တော်တို့ မွေးမြူရေးသမားတွေ သိနိုင်တဲ့အခြားအချက်တွေလည်း သိပါရစေ။
ဖြေ။ ဟုတ်ပါတယ် ကိုစောလှ၊ သားလျှောရောဂါပိုး ရှိ/မရှိစမ်းသပ်မှ သိနိုင်မှာပါ။ ကျန်တဲ့အချက်တွေ ကတော့ နွားမတွေဟာ ၂၁ ရက်တစ်ကြိမ် သားတောင်းတယ်(မြိုင်လာခြင်း)၊ ဒီတစ်ပတ် မြိုင်လာတယ်။ နောက်တစ်ပတ်ကျ မလာတော့ဘူး။ နောက်တစ်ခါ မြိုင်လာပြန်ရော၊ မြိုင်မမှန်လို့ရှိရင်လည်း မျိုးမရဘူး။ နွားမပိန်လွန်းခြင်း၊ အလွန်အမင်းဝခြင်း၊ သားအိမ်ထဲမှာ ရောဂါပိုးဝင်ရင် သုက်ပိုးများ သေစေနိုင်ခြင်းကြောင့်ဖြစ်တယ်။
မေး။ သားမရတဲ့နွားမတွေ ခဏခဏ သားတောင်းအောင်၊ တစ်ကြိမ်နဲ့ သားစပ်ရအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။
ဖြေ။ ကျွန်တော် စောစောကပြောတဲ့ သားလျှောရောဂါကတော့ စမ်းသပ်ကြည့်မှသိရမယ်။ သားလျှော ရောဂါရှိနေရင် သားမတင်နဲ့၊ ရောင်းလိုက်တာ အကောင်းဆုံးပဲ။ သားအိမ်ရောင်ရောဂါတွေကတော့ ဆေးကုပေးရမယ်။ ၂၁ ရက်တစ်ခါ ပုံမှန်လာရင်တော့ သားစပ်တဲ့အချိန် နွားသိုးနဲ့ဖြစ်စေ၊ မေထုန်မဲ့သားစပ်၍ဖြစ်စေ၊ သားစပ်ရန် အကောင်းဆုံးအချိန်ကတော့ မနက်မြိုင်လာရင် ညနေစပ်၊ ညနေပိုင်းမြိုင်လာရင် မနက်ပေါ့ဗျာ။
မေး။ မျိုးမအောင်ရခြင်းကို တော်တော်လေးသိသွားပါပြီ။ သားစပ်တဲ့အခါ သတိထားရမယ့်အချက်တွေ ရှင်းပြပါဦး။
ဖြေ။ သားစပ်တဲ့ နွားမတွေ အရွယ်ရောက်ချိန် သိထားရမယ်။ နို့စားမျိုးဆိုရင် အသက်တစ်နှစ်ကျော်မှာ မြိုင်လာတယ်။ ပျမ်းမျှ နှစ်နှစ်မှာ သားစပ်ရမယ်။ မြန်မာနွားဆိုရင်တော့ နှစ်နှစ်ခွဲ သုံးနှစ်ရှိမှ အရွယ်ရောက်ပြီး သားစပ်ရမယ်။ နွားမများ သားစပ်ရာမှာ နွားမတွေရဲ့ မြိုင်နှင့် မြိုင်သဘောသဘာဝ၊ မြိုင်လာသည့် လက္ခဏာ၊ သားတင်ရမယ့်အချိန်တို့ကို သိထားရမယ်။
![]() |
ဓာတ်ပုံ - mashable.com |
မေး။ ဇီးမရှိသေးတဲ့ နွားမတစ်ကောင်ရဲ့ ပုံမှန်မြိုင်ပေါ်ချိန်ကို သိပါရစေဆရာ။
ဖြေ။ ဇီးမရှိတဲ့ နွားမတစ်ကောင်ဟာ ပုံမှန်မြိုင် သံသရာလည်ပတ်နေပါက အစောဆုံး ၁၈ ရက်နေ့ နောက်အကျဆုံး ၂၄ ရက်၊ ပျမ်းမျှ ၂၁ ရက်ပြည့်တိုင်း မြိုင်ပေါ်တာကို တွေ့ရပါတယ်။ နွားမများမြိုင်ပေါ်ရင် ဂနာမငြိမ်ဖြစ်မယ်။ စားကျက်မှာ တခြားနွားတွေနဲ့အတူ ရောနှောမနေဘဲ သီးခြားနေမယ်။ မြိုင်ပေါ်ချိန်ကာလဟာ ၁၈ နာရီမှ နာရီ ၂ဝ အထိ ကြာနေမယ်။ အချို့နွားမတွေက မြိုင်ပေါ်ချိန်မှာ နွားသိုးတွေကို ဆွဲဆောင်နိုင်ဖို့ အော်မြည်နေတာ တွေ့ရမှာဖြစ်ပါတယ်။
မေး။ ဆရာပြောတဲ့ မြိုင်လက္ခဏာတွေ သိပါရစေ။
ဖြေ။ နွားမတန်ဆာဟာ အနီဖျော့ရောင်ရှိနေမယ်။ အနည်းငယ်ရောင်ပြီး စိုစွတ်နူးညံ့နေတယ်။ တန်ဆာမှ အရောင်မရှိတဲ့ ရေကဲ့သို့ အချွဲရည်များကျမယ်။ နောက်ပိုင်း အဝါရောင်ပြောင်းပြီး အနည်းငယ်ခဲလာမယ်။ နောက်ဆုံးတွင် အဖြူရောင် အကျိအချွဲ အခဲများကျလာမယ်။ အစာမစားဘူး၊ နို့ထွက်နှုန်းကျမယ်။ အော်မယ်၊ အငြိမ်မနေဘူး။ အနီးရှိ နွားတစ်ကောင်အပေါ် ကျော်ခွနေခြင်း၊ မေးတင်နေခြင်း ပြုလုပ်မယ်။ အမြီးမြှောက်နေခြင်း၊ ကျောကို လက်နှစ်ဖက်ဖြင့် ဖိကြည့်ရင် ကျောကော့ပြီး ငြိမ်နေမယ်၊ နားရွက်ထောင်နေမယ်၊ အဲဒီအချက်တွေ မြိုင်လက္ခဏာတွေပဲဗျာ။
မေး။ ကျွဲတွေကကော နွားတွေလိုပဲလားဆရာ။
ဖြေ။ ကျွဲများရဲ့ မြိုင်ကာလမှာ မသိသာပါ။ မြိုင်လက္ခဏာကိုလည်း သေချာစွာမပြတတ်ပါ။ အများအားဖြင့် ညအချိန်တွေမှာ မြိုင်ပေါ်လေ့ရှိပါတယ်။ မြိုင်ကာလမှာ တိုတောင်းပါတယ်။ ဒါ့ကြောင့် ကျွဲများကို နို့မညှစ်မီ၊ ညအိပ်ရာမဝင်မီတွေမှာ သေချာစွာကြည့်ရပါမယ်။ ကျွဲ၊ နွားများ မြိုင်ပေါ် မပေါ် သားမစပ်ခင် စစ်ဆေးရပါမယ်။ အမှန်တကယ် မြိုင်မပေါ်ဘဲနဲ့ သားစပ်ပါက သားအိမ်တွင် ရောဂါပိုးဝင်ရောက်နိုင်တယ်။ ရောဂါပိုးရှိနေပါက သားမအောင်မြင်နိုင်ပါဘူး။ ဇီးရှိစဉ် သားစပ်မိပါက သားလျှောတတ်တာကို သတိထားရပါမယ်။ သားစပ်ချိန်စောလွန်းလျှင် သုက်ပိုးဟာ မျိုးဥမရောက်မီ ပျက်စီးသွားနိုင်ပါတယ်။ သားစပ်ချိန်နောက်ကျလျှင်လည်း မျိုးဥသည် သုက်ပိုးမရောက်မီ ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် သားစပ်ချိန်စောလွန်းခြင်း၊ နောက်ကျခြင်းတို့ဟာ မျိုးအောင်မြင်မှုအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
မေး။ ဒါဆို ဆရာပြောသလို နံနက်မြိုင်လာရင် ညနေ သားစပ်၊ ညနေမြိုင်လာရင် နံနက်သားစပ်၊ သားအောင်ဖို့ များတယ်ပေါ့နော်။
ဖြေ။ ဒါပေါ့ကိုစောလှရယ်၊ အဓိကတော့ သားစပ်မယ့် နွားရဲ့အသက်အပိုင်းအခြား၊ မြိုင်လက္ခဏာ၊ သားစပ်မယ့်အချိန်ကို သိထားပြီး ကျန်းမာရေးကောင်းတဲ့ နွားမဆိုရင်အောင်ဖို့ ရာခိုင်နှုန်းပြည့်ပေါ့ဗျာ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၂)
No comments:
Post a Comment