July 7, 2020

စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျရေးအတွက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၏အခန်းကဏ္ဍ

အောင်ဆန်း(စိုက်ပျိုးရေး) 

ပိုးသတ်ဆေးသည် ကုန်ကျစရိတ်အများဆုံး ဖြစ်ပါသည်။ ပိုးသတ်ဆေးကို သုံးရာတွင် အနည်းဆုံးပမာဏသာ သုံးသင့်ပါသည်။ အဓိကအချက်မှာ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းကို လက်တွေ့ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်ပါသည်။


မြန်မာနိုင်ငံတွင် စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားသည့် ဂယက်ထနေသည်မှာ သုံးလေးနှစ်မျှတိုင်ခဲ့ပြီ။ အရှေ့တောင်အာရှနိုင်ငံများတွင် စပါးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အများဆုံး ဖြစ်နေသည်။ ထို့အတူ နောက်ဆက်တွဲဆိုးကျိုးမှာ ဆန်စပါးစျေးအမြင့်ဆုံး ဖြစ်နေသည်ကို တွေ့ရပေသည်။ 

စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် ခေါင်ခိုက်နေသဖြင့် ပြည်တွင်းဆန်စပါးစျေးနှုန်း အမြင့်သို့ရောက်နေသည်။ တောင်သူလယ်သမားကြီးများက စျေးအနိမ့်နှင့် မလွတ်နိုင်ဖြစ်နေသည်။ ပြည်ပပို့ကုန်သမား ကုန်သည်ကြီးများကလည်း ပြည်တွင်းစျေးထက် ပြည်ပစျေးနှုန်းက နိမ့်နေသဖြင့် တောင်သူလယ်သမားကြီးများထံမှ အမြင့်စျေးနှင့် မဝယ်နိုင်ကြ။ ကုန်သည်ဝယ်လက်များက မဝယ်လျှင် ပြည်တွင်းဆန်စပါးစျေး ထိုးကျသွားရသည်။ ဆန်စပါးစျေး တက်လိုက်၊ ကျလိုက်ဖြစ်နေသည်။ ဆန်စပါးလောကတွင် မုန့်လုံးစက္ကူကပ် ဂျာအေးသူ့အမေရိုက်သည့် ဇာတ်လမ်း ဖြစ်နေရသည်။

အကြောင်းရင်းများ

ဤသို့ဆိုလျှင် ဆန်စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် ဘာကြောင့် မြင့်တက်နေရသလဲ။ ဆန်းစစ်ကြည့်ရန် လိုအပ်သည်။ အကြောင်းရင်းများမှာ စပါးစိုက်ပျိုးနည်းစနစ်အလိုက် ဆောင်ရွက်ရသည့်အဆင့်တွေ များသဖြင့် လုပ်အားခများ မလိုအပ်ဘဲ ကုန်ကျနေခြင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့စျေးနှုန်းများ ကြီးမားနေခြင်း၊ လုပ်သားရှားပါးသဖြင့် လုပ်အားခများ စျေးမြင့်နေခြင်း၊ သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အပင်အားတိုးဆေးများ စျေးနှုန်းမတန်တဆ စျေးကြီးမြင့်နေခြင်း (အိမ်နီးချင်းနိုင်ငံများထက် နှစ်ဆသုံးဆ ကြီး မြင့်)များက တရားခံဖြစ်နေသည်။

ဤသို့ စပါးတစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်ရခြင်း အကြောင်းရင်းတရားခံများစွာအနက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အပင်ရွက်ဖျန်းအားတိုးဆေးရည်များ အခန်းကဏ္ဍကို ဆွေးနွေးလိုပါသည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အရွက်ဖျန်း အပင်အားတိုးဆေးများ၏ စျေးနှုန်းမြင့်မားမှုကြောင့် စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုအပေါ် အကျိုးသက်ရောက်မှုမှာ အလွန်များပြားသည်ကို တွေ့ရသည်။ စုစုပေါင်းစပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ်၏ ထက်ဝက်နီးပါးခန့် နေရာယူထားသည်ကို တွေ့ရသည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းအပင်အားတိုးဆေးများ၏ သုံးစွဲရသည့်ပမာဏ၊ သုံးစွဲရသည့် အကြိမ်ကို လျှော့ချနိုင်လျှင်ပင် စပါးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်ကို အတန်အသင့် လျှော့ချနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ - tradestrategy.org


ဖြေရှင်းနည်းများ

တစ်ဧကစပါး တန် ၈ဝ မှ တန် ၁ဝဝ ထွက်ရန် ယူရီးယားမြေသြဇာကို မိုးရာသီ ၅၆ ကီလိုဝင် နှစ်အိတ်၊ နွေစပါးတွင် ၅ဝ ကီလိုဝင်နှစ်အိတ်ခွဲ  ပျမ်းမျှအသုံးပြုရန် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထောက်ခံပေးထားသည်။ တစ်နိုင်ငံလုံးအတွက် ပျမ်းမျှထောက်ခံပေးထားခြင်း ဖြစ်သည်။ ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝအလျောက် ဒေသအလိုက် လိုအပ်ချက်ကွာခြားမှုတော့ ရှိနိုင်ပါသည်။

မြေဆီလွှာပညာရှင်များက ယူရီးယားမြေသြဇာကို စပါးတွင် လိုမှကျွေးပါဟု ထောက်ပြထားပါသည်။ ဤသို့ဆိုလျှင် စပါးပင်က နိုက်ထရိုဂျင်ဓာတ်လိုသည် မလိုသည်ကို မည်သို့အကဲဖြတ်ရမည်နည်း။ ဂျပန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများတွင် အသုံးပြုလျက်ရှိသော စပါးအရွက်အရောင် တိုင်းကတ် (Leaf Colour Chart = LCC) ညွှန်းကိန်းဖြင့် တိုင်းတာသည့်စနစ်ကို အသုံးပြုရန် တိုက်တွန်းလိုပါသည်။

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI)မှ ထုတ်ဝေထားသော ရောင်စဉ်လေးမျိုး ပါဝင်သည့် စပါးရွက်အရောင်တိုင်းကတ်တွင် ညွန်းကိန်း (၂)၊ (၃)၊ (၄)၊ (၅) ပါဝင်ပါသည်။ စာရေးသူတို့ ခရိုင်အဆင့်/တိုင်းအဆင့်တွင် တာဝန်ယူခဲ့ရစဉ် (၁၉၉ဝ- ၁၉၉၁ မှ ၂ဝဝ၆) ခုနှစ်များတွင် ၄င်းစပါးအရွက် အရောင်တိုင်းကတ် အသုံးပြုသည့်စနစ်ကို ကွင်းထဲတွင် လက်တွေ့အသုံးပြုခဲ့ရဖူးပါသည်။ ထိုစဉ်က အထွေထွေမန်နေဂျာ (မြေအသုံးချရေး) ဒေါက်တာညီညီ တာဝန်ယူသွတ်သွင်းလာသောနည်းပညာ ဖြစ်ပါသည်။ အရောင်တိုင်းကတ်များလည်း ပြည်နယ်နှင့် တိုင်း၊ မြို့နယ်များသို့ တော်တော်များများ အခမဲ့ဖြန့်ဝေအသုံးချစေခဲ့ပါသည်။ ထိရောက်၍ အကျိုးလည်းရှိခဲ့သည်ကို တွေ့ခဲ့ရသည်။ ယခုသော် နည်းပညာပြုန်းတီး (Distortion) သွားပြီး ကွင်းထဲတွင် မတွေ့ရတော့ပါ။ အလွန်နှမြောစရာ ကောင်းလှပါသည်။

စပါးခင်း၏အရွက်အရောင်ကို အရွက်အရောင်တိုင်းကတ်ဖြင့် နည်းစနစ်အတိုင်း တိုင်းတာ၍ ညွှန်းကိန်းအရ ရရှိလာသောရလဒ်အပေါ် မူတည်ပြီး နိုက်ထရိုဂျင်ဓာတ်မြေသြဇာသုံးစွဲရန် လို မလို ကို အဆုံးအဖြတ်ပေးပါသည်။ မလိုလျှင် သုံးစွဲရန် မလိုသေးပါ။ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ ‘‘ကြဲ ကြဲ ကြဲ၊ ပက် ပက် ပက်’’ဟူသော ဒုံးစနစ်ဖြင့် အသုံးပြုနေကြ၍ လေလွင့်ဆုံးရှုံးမှုများ ကုန်ကျစရိတ်ပိုများ၍ အကျိုးမရှိ ဖြစ်နေသည်ကို ပြုပြင်ပြောင်းလဲ အစားထိုးရန် ဖြစ်ပါသည်။

စပါးအရွက်အရောင်တိုင်းကတ်တွင် နိုက်ထရိုဂျင်ဓာတ် တည်ရှိမှုကို ကိုယ်စားပြုရန် နံပါတ်(၂)၊ (၃)၊ (၄)၊ (၅) အစိမ်းရောင်လေးမျိုးဖြင့် ဖွဲ့စည်းထားပါသည်။ နံပါတ် (၂)သည် စိမ်းဝါရောင်ဖြစ်၍ နိုက်ထရိုဂျင်နည်းသည်ကို ညွန်းဆိုပါသည်။ နံပါတ် (၅)သည် အစိမ်းရင့်ရောင်ဖြစ်၍ နိုက်ထရိုဂျင်များသည်ကို ညွှန်ပြပါသည်။

ဓာတ်ပုံ - myanmarinsider.com

တိုင်းတာနည်း

စပါးစိုက်ခင်း၊ ကြဲခင်း၊ တိုက်ရိုက်အတန်းလိုက် မျိုးစေ့ချစိုက်ခင်းတို့တွင် စပါးအရွက်အရောင်တိုင်းကတ်ကို အသုံးပြုနိုင်ပါသည်။ စိုက်ခင်းတွင် စိုက်ပျိုးပြီး နှစ်ပတ်သားမှစ၍လည်းကောင်း၊ ကြဲခင်းနှင့် တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းတွင် စိုက်ပျိုးပြီး သုံးပတ်သားမှစ၍လည်းကောင်း တိုင်းတာနိုင်ပါသည်။ တိုင်းတာရာတွင် နံနက် ၈ နာရီမှ ၁ဝ နာရီအတွင်းနှင့် ညနေ ၂ နာရီမှ ၄ နာရီအတွင်း တိုင်းတာရမည်ဖြစ်သည်။ နံနက်စောစောတွင် မတိုင်းတာရပါ။ တိုင်းတာနေစဉ် နေကာမျက်မှန် မတပ်ဆင်ရန် သတိပြုရန်လိုပါသည်။ တိုင်းတာချိန်တွင် နေရောင်လာရာသို့ မျက်နှာမူ၍ တိုင်းတာခြင်းမပြုလုပ်မိရန် လိုပါသည်။ တိုင်းတာသောအခါ စပါးအရွက်တိုင်းကတ်နှင့် စပါးရွက်ကို ထိကပ်မနေစေရန် သတိပြုပါ။ 

တိုင်းတာသည့်အခါ စပါးစိုက်ခင်းထဲမှ အပင်အကွာအဝေးမျှတ ညီညာပြီး ဖွံ့ဖြိုးမှုညီညာသော၊ ပုံမှန်ဖြစ်သော စပါးပင် ၁ဝ ပင်ကို ရွေးချယ်၍ တိုင်းတာရမည်ဖြစ်သည်။ စိုက်ခင်းတစ်ခင်းအတွက် ထောင့်လေးနေရာ၊ အလယ်တစ်နေရာ စုစုပေါင်း ငါးနေရာတွင် တိုင်းတာမှတ်သားပြီး ပျမ်းမျှညွှန်းကိန်းကို ယူရမည်ဖြစ်ပါသည်။ တိုင်းတာရရှိသည့် ညွှန်းကိန်းအရ စပါးရွက်အစိမ်းအရောင်သည် စိုက်ခင်းတွင် အမှတ်စဉ်(၄)အရောင်ထက်ဖျော့နေပါက နိုက်ထရိုဂျင်ဓာတ်မြေသြဇာထည့်ရန် လိုပါသည်။ တိုင်းတာရရှိသည့် ညွှန်းကိန်းသည် ကြဲခင်းနှင့် တိုက်ရိုက်မျိုးစေ့ချစိုက်ခင်း ဖြစ်နေပါက အမှတ်စဉ်(၃)ထက်  အရောင်ဖျော့နေလျှင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာထည့်ရန် လိုပါသည်။ သတ်မှတ်အရောင်တိုင်းကတ်ညွှန်းကိန်းများထက် ပို၍စိမ်းနေပါက နိုက်ထရိုဂျင်ဓာတ်မြေသြဇာထည့်ရန် လုံးဝမလိုသေးပါ။ စပါးအရွက်အရောင်တိုင်းကတ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ် တိုင်းတာ၍ရရှိသော ညွှန်းကိန်းများအရ မိမိစပါးအား နိုက်ထရိုဂျင်ဓာတ်မြေသြဇာ လို၊ မလို ဆုံးဖြတ်နေရန်သာ ဖြစ်ပါသည်။ ဤနည်းဖြင့် စပါးတစ်ဧက ယူရီးယားဓာတ်မြေသြဇာ ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါသည်။ 

မြေသြဇာလျှော့ချနည်း

တီစူပါမြေသြဇာ (ဖော့စဖိတ်) မြေသြဇာလျှော့ချရန် နည်းလမ်းမှာ အရိုးမှုန့်မြေသြဇာကို အစားထိုး သုံးစွဲရန်ဖြစ်ပါသည်။ စျေးနှုန်းသက်သာပါသည်။ ဖော့စဖိတ်ဓာတ်သည် မြေစေးမြေများတွင် အလူမီနီယမ်၊ ဇင့်တို့မှ ထိန်းချုပ်ခံရသဖြင့် မြေတွင်းရှိသော်လည်း အပင်အမြစ်က စားသုံးမရသည့် အခြေအနေသို့ ရောက်သွားစေပါ သည်။ မြေချဉ်ငန်ကိန်းနိမ့်၍ မြေချဉ်နေလျှင်လည်း ဖော့စဖရပ်ဓာတ် ထိန်းချုပ်ခံရမှု ကြုံရတတ်ပါသည်။ သို့ပါ၍ ဖော့စဖိတ်မြေသြဇာကို လက်လွတ်စပယ်အသုံးမပြုဘဲ မြေဆီလွာဓာတ်ခွဲစစ်ဆေးပြီး လိုအပ်မှသာ အသုံးပြုသင့်သည်။ မြေတွင်းအကြောင်းအမျိုးမျိုးကြောင့် ထိန်းချုပ်ခံရပြီး လမ်းစပျောက်နေသော ဖော့စဖရပ်ဓာတ်များကို မြေချဉ်ငန်ကိန်း တက်လာအောင် ပြုပြင်ခြင်း၊ သဘာဝနှင့် ဇီဝမြေသြဇာများအသုံးပြု၍ ဆွဲထုတ်ခြင်းများဖြင့် ဆောင်ရွက်သင့်သည်။ ဤသို့နည်းဖြင့် ဖော့စဖိတ်မြေသြဇာသုံးစွဲမှုကို ချင့်ချိန်လျှော့ချနိုင်ပါသည်။

ပိုတက်ရှ်မြေသြဇာ (ပိုတက်စီယမ်ဓာတ်) အသုံးပြုမှုလျှော့ချရန် နည်းလမ်းမှာ ပိုတက်မြေသြဇာအစား ပိုတက်စီယမ်နိုက်ထရိတ် (KNO3) (ယမ်းစိမ်း)ကို တစ်ဧက သုံးကြိမ် အရည်ဖျော်ဖျန်းပေးပါက ပျမ်းမျှ ၃ဝဝဝ ကျပ်သာ ကုန်ကျမည်ဖြစ်ပါသည်။ အလွန်တွက်ခြေကိုက်သော နည်းပညာ ဖြစ်ပါသည်။ နောက်တစ်နည်းမှာ တစ်ဧက စက်ဖွဲပြာလှည်း ၁ဝ စီးခန့်ချလျှင်လည်း ပိုတက်စီယမ်ဓာတ်လုံလောက်စွာ ရရှိနိုင်ပါသည်။ ပိုတက်စီယမ်ဓာတ်အလွယ်ကူဆုံးထည့်ပေးသော နည်းလမ်းမှာ စပါးခွံများ စပါးမှော်များကို ဖြန့်ချ၍ ထယ်ထိုးမြှုပ်ပေးခြင်း၊ စပါးရိုးပြတ်များကို မီးမရှို့ဘဲ ထယ်ထိုးမြှုပ်၍ ရေသွင်းနှပ်ထားခြင်း နည်းလမ်းများဖြစ်ပါသည်။ 

အကယ်၍ ဓာတ်စုံကွန်ပေါင်း မြေသြဇာအသုံးပြုမည်ဆိုပါက မြေဆီလွာဓာတ်ခွဲစမ်းသပ်စနစ်ဖြင့် စစ်ဆေး၍ လိုအပ်သည့် ပမာဏသာ သုံးစွဲခြင်းဖြင့် မလိုအပ်ဘဲသုံးစွဲခြင်းကို လျှော့ချသင့်ပါသည်။ 

ပိုးသတ်ဆေးသည် ကုန်ကျစရိတ်အများဆုံး ဖြစ်ပါသည်။ ပိုးသတ်ဆေးကို သုံးစွဲရာတွင် အနည်းဆုံးပမာဏသာ သုံးသင့်ပါသည်။ အဓိကအချက်မှာ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းကို လက်တွေ့ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်ပါသည်။ ဘက်စုံစနစ်တွင် ချုံနွယ်ရှင်းလင်း မီးရှို့ခြင်းသည် ရိုးရှင်းသော်လည်း များစွာထိရောက်သည့်နည်းလမ်း ဖြစ်ပါသည်။ ဇီဝနည်းဖြင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းသည် ယခုအခါ ခေတ်စားလာပြီဖြစ်ပါသည်။ မိတ်ဆွေပိုးများ မွေးမြူခြင်း၊ မိတ်ဆွေပိုးများ မပြုန်းတီးအောင် ကာကွယ်ခြင်းများ ဦးစားပေးလုပ်သင့်ပါသည်။ ဇီဝပိုးသတ်ဆေးများ ဦးစားပေးသုံးသင့်သည်။ ဓားခုတ်ကောင်၊ ပင့်ကူ၊ နကျယ်၊ ကင်း မိတ်ဆွေပိုးများသည် မြန်မာ့လယ်ယာမြေများတွင် သဘာဝအလျောက်ပွားများ ရပ်တည်လျက် ရှိပါသည်။ ၄င်းတို့ရှင်သန်ကြီးထွား ပွားများစေနိုင်သော ဂေဟစနစ်များကို ဖန်တီးတည်ထောင်ပေးရန် လိုအပ်ပါသည်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၂)

No comments:

Popular Posts