July 23, 2020

ခါးနာခြင်းမှ ကင်းဝေးစေရန်

ဒေါက်တာမြင့်သန်းထွန်း

        ခါးနာခြင်းဖြစ်စေနိုင်သော အကြောင်းအရင်းများစွာ ရှိပါသည်။ ခုန်ချလိုက်မိခြင်း၊ အနှိပ်ခံခြင်း၊ အချိုးခံရခြင်း၊ မတော်တဆထိခိုက်မိခြင်း၊ ပြင်းထန်သောအလေးအပင်မခြင်းနှင့် ပစ္စည်းရုတ်တရက်ကုန်းကောက်မိခြင်းနှင့် အမြင့်ပေါ်မှ ပြုတ်ကျခြင်း စသည်တို့ကြောင့် ခါးနာတတ်ပါသည်။ ခါးနာခြင်းသည် ခါးဆစ်ရိုးနှစ်ခုကြားတွင်ရှိသော ခုခံထားသည့် အရွတ်ဝါရှာကလေး ကျွံသွား၍ဖြစ်ပါသည်။ ထိုအရွတ်ဝါရှာကလေးကျွံသွားပြီး အာရုံကြောကို သွားထောက်တတ်ပါသည်။ ထို့ကြောင့် ခါးမှစပြီး နာလာပါသည်။ ၄င်းမှတစ်ဆင့် တင်ပါးခွက်၊ ပေါင်၊ ခြေသလုံးအပြင်ဘက် အတွင်းဘက်တွင် ထုံကျဉ်နေပြီး နောက်ပိုင်းတွင် ခြေမကော့၍ မရသည်အထိ ဖြစ်လာနိုင်ပါသည်။

ကိုယ်ဝန်ဆောင်များခါးနာခြင်း

        ခါးနာခြင်းသည် ခန္ဓာကိုယ်ရှေ့ပိုင်းတွင် ဝန်ထုပ်ဝန်ပိုးများလာခြင်းကြောင့် ခါး၏ နောက်ကျောမှ ကြွက်သားများ ဒဏ်မခံနိုင်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမကြီး၊ ဝမ်းဗိုက်ထဲတွင်ရှိသောသွေးကြောနှင့် ခါးတွင်ရှိသောသွေးကြောများသည် အဆက်အသွယ်ရှိပြီး တစ်နေရာတွင် သွေးကြောများက ပိနေခြင်းကြောင့် ခါးနာတတ်သည်။

        ကိုယ်ဝန်ဆောင်ထားသော အလေးချိန်နှင့် ရေမွှာအလေးချိန်သည် ဗိုက်ထဲတွင်ရှိသောသွေးကြောကို သွားပိနေခြင်းကြောင့် ခါးကိုထိခိုက်ပြီး ခါးနာတတ်ပါသည်။ ကိုယ်ဝန်ဆောင်များတွင် ခါးနာခြင်းသည် ဖြစ်လေ့ဖြစ်ထရှိပါသည်။ လိမ်းဆေး၊ သောက်ဆေးများဖြင့် သက်သာစေနိုင်ပါသည်။

အဝလွန်ကဲခြင်းနှင့် ခါးနာခြင်း

        အဝလွန်ကဲခြင်းကြောင့် ခါးနာရောဂါဖြစ်တတ်ပါသည်။ ဝလာခြင်းကြောင့် ဝမ်းဗိုက်ရွှဲလာပြီး ခါးနာခြင်းမှ ကင်းဝေးစေရန် ရှေ့သို့ဆွဲအားများလာ၍ ခါးသည် ဒဏ်မခံနိုင်ဘဲ နာလာတတ်ပါသည်။ ဗိုက်ရွှဲလာခြင်းကြောင့် ခါးသည် ကုန်းသွားတတ်ပါသည်။ ခါးကုန်းသည်နှင့် တစ်ပြိုင်နက် ခါးနာခြင်းကို ခံစားရနိုင်ပါသည်။

        ထို့ကြောင့် အဝလွန်ကဲသူများအနေဖြင့် ဝမ်းဗိုက်အဆီချရပါမည်။ အဆီများသောအစားအစာများကို ရှောင်ကြဉ်ရပါမည်။ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပြုလုပ်ရပါမည်။

ဓာတ်ပုံ - အင်တာနက်


ခါးနာခြင်းကို ကုသခြင်း

        ခါးနာခြင်းကို နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြသကုသရန် လိုအပ်ပါသည်။ ကောင်းမွန်စွာ အနားယူခြင်း၊ ခွဲစိတ်ကုသခြင်း၊ ခါးနာပျောက်ဆေးများ သောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ခါးကို အားဖြင့်နှိပ်ခြင်း မပြုသင့်ပါ။

ခါးနာခြင်းကို ကာကွယ်ခြင်း

        ခါးနာခြင်းကို လူတိုင်းတစ်ချိန်ချိန်တွင် ခံစားရနိုင်ပါသည်။ ခါးနာခြင်းသည် တစ်ကြိမ်နာပြီးပါက နောက်ထပ်ဖြစ်နိုင်ပါသည်။ ချော်ကျခြင်း၊ ခါးဆစ်ရိုးလျှံခြင်းနှင့် ကြွက်သားနာခြင်းတို့ကြောင့်လည်း ခါးနာတတ်ပါသည်။ ထို့ကြောင့် ခါးနာခြင်းမဖြစ်စေရန် အလေးအပင်မခြင်းကို ရှောင်ကြဉ်ရပါမည်။ ခါးကို ထိခိုက်မှုမရှိစေရန် ကာကွယ်ရပါမည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၈)

No comments:

Popular Posts