July 14, 2020

တစ်ယောက်တစ်ဝက် (ဒို့ကျေးရွာဟာသ)

စိုးတင့်(စာကြည့်တိုက်)

        အလွန်ရိုးသားသည့် ဒေါ်မှုံသည် မကွေးမြို့၊ မြသလွန်ဘုရားပွဲတော်သို့ တစ်ခေါက်မျှ မရောက်ဖူးသဖြင့် မြသလွန်ဘုရားဖူးသွားရန် ဆိုက်ကားစောင့်နေစဉ် ဆိုက်ကားနင်းသမားတစ်ယောက် ရောက်လာပြီး -

        ‘‘အဒေါ် ဆိုက်ကားစီးမှာလား တောင်စျေးကြီးနဲ့ မြသလွန် ဘယ်ပို့ပေးရမလဲ’’ဟုမေးရာ ဒေါ်မှုံက ခပ်တည်တည်ဖြင့် -

        ‘‘မြသလွန်ဘုရားလိုက်ပို့’’ဟုပြောပြီး ဆိုက်ကားပေါ် တက်ထိုင်လိုက်သဖြင့် ဆိုက်ကားသမားလည်း လေကလေးချွန်ပြီး နင်းလာရာ မြသလွန်ဘုရားအနီး ဆိုက်ကားယာဉ်များ ရပ်နားရာရောက်၍ ဆိုက်ကားသမားက -

        ‘‘အဒေါ် ဆင်းလို့ရပြီ’’ ဟု ပြောလေသည်။

        ဒေါ်မှုံက ‘‘ဆိုက်ကားခ ဘယ်လောက်တောင်းလဲ’’ဟု မေးသည်။

        ဆိုက်ကားနင်းသူက ‘‘လူတစ်ယောက် နှစ်ရာယူပါတယ်’’ဟု ရှင်းပြသည်။

        ထိုအခါ ရာတန်တစ်ရွက်သာထုတ်ပေးပြီး ဒေါ်မှုံပြောလိုက်သည့်စကားကြောင့် ဆိုက်ကားဂိတ်မှ ဆိုက်ကားသမားများ တဝါးဝါး တဟားဟား ရယ်ကြရသည်။

        ‘‘ဒီမယ်မောင်ရင် နှစ်ရာလုံးတော့ မပေးနိုင်ဘူး။ ဆိုက်ကားမစီးဖူးပေမယ့် မိမှုံတို့က မအပါဘူး။ ရော့ တစ်ရာယူ။ အဒေါ်တစ်ယောက်တည်း စီးတာမဟုတ်လို့ပေါ့။ မင်းလည်းစီးတယ်၊ ငါလည်းစီးတယ်ဆိုတော့ တစ်ယောက်တစ်ဝက်ပေါ့’’ဟူသတည်း။


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)

No comments:

Popular Posts