July 17, 2020

ကျောင်းဖွင့်ချိန်နှင့် ကိုဗစ်ကာကွယ်ရေး

ခင်မောင်ဌေး(ပညာရေး)
        "ကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးလိုက်နာရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် ဖွင့်လှစ်တော့မည်ဖြစ်ရာ မိဘများအနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ အထူးသဖြင့် မိမိတို့၏ သား၊ သမီးငယ်များအား ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာပေးရန် ဖြစ်သည်။ ကျောင်းကြို/ပို့ရာတွင်လည်းကောင်း၊ ကျောင်းကားစီးရာတွင်လည်း စည်းကမ်းလိုက်နာကြဖို့ လိုသည်။"
 

ဓာတ်ပုံ - ခင်မောင်ဌေး (ပညာရေး)

        ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် (Pandemic) သတ်မှတ်ခဲ့သည်။

        ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ကြောင့် အသက်ဆုံးရှုံးမှုများစွာ ကြုံခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တော်ပြန်များမှ စတင်ကူးစက်ခံရကာ ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ (၂ : ၃၀) နာရီထိ (၃၁၈) ဦး (ဇူလိုင် ၁၆ ရက်နေ့ ည ၈ နာရီထိ ၃၃၉ ဦး) ရှိနေပြီဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတသူရဲကောင်းများ၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ကြောင့် ယနေ့အထိ သေဆုံးမှုခြောက်ဦးသာရှိ၍ အများအပြား ကျန်းမာလာခဲ့သည်ကို တွေ့ရသည်။

        နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပညာရေးတာဝန်ရှိသူများ၏ Video Conferencing တွင် ကျောင်းများ ဆက်လက်ပိတ်ထားရန်မသင့်ကြောင်း၊ ကျောင်းသားဆရာလိုအပ်ချက်၊ စာသင်ခန်းလိုအပ်ချက်များ တွက်ချက်ကာ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

        သို့ဖြင့် ၂၀၂၀ ဇူလိုင်လ ၂၁ ရက်နေ့ မှစ၍ အခြေခံပညာကျောင်းများတွင် အထက်တန်းဆင့်မှစတင် ဖွင့်လှစ်ရန် ကြေညာခဲ့သည်။ စင်စစ် ကျောင်းတစ်ကျောင်းဖွင့်လှစ်ရန် အခက်အခဲများစွာ ရှိနေပါသည်။ အထူးသဖြင့် Physical Distancing အရ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား စီစဉ်ထားရန်ဖြစ်သည်။ သို့ဖြစ်ရာ စာသင်ခန်းတစ်ခန်းလျှင် ယခင်ကကဲ့သို့ ကျောင်းသား ၅၀၊ ၆၀ ထည့်၍ မရတော့ပေ။ တစ်ခန်းလျှင် ကျောင်းသား၊ ​ကျောင်းသူ ၂၀ ခန့်သာ ဝင်ဆံ့တော့မည်ဖြစ်ရာ စာသင်ခန်းများ ပို၍ လိုအပ်သည်။ ထိုနည်းတူ ဆရာ/ဆရာမ လိုအပ်ချက်လည်း မြင့်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ ယင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ဘွဲ့ရများ၊ ဂုဏ်ထူးတန်း၊ မဟာဘွဲ့များနှင့် ပါရဂူဘွဲ့ရများကို အတန်းအဆင့်အသီးသီးတွင် ခန့်ထားရန် စီစဉ်လျက်ရှိသည်။

        အခြေခံပညာကျောင်းများနည်းတူ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးများ၏ ခွင့်ပြုချက်ရယူကာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ယခုဖွင့်လှစ်ခြင်းသည် စမ်းသပ်ဖွင့်လှစ်ခြင်းသာဖြစ်သည်။ ချမှတ်သည့် စည်းကမ်းများနှင့်အညီ ဖွင့်လှစ်၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမရှိခြင်း၊ သင်ကြားမှု၊ သင်ယူခြင်းများ အဆင်ပြေချောမောသည်နှင့်အမျှ အလယ်တန်း၊ မူလတန်း စသဖြင့် ဆက်လက်ဖွင့်လှစ်ရန် လျာထားပြီးဖြစ်သည်။ သတ်မှတ်ချက်များနှင့် ညီမညီ လိုက်လံစစ်ဆေးမည်ဖြစ်ပြီး မညီပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ ထို့ပြင် ရောဂါကူးစက်မှုရှိလျှင် ယင်း ကျောင်းအား ဖွင့်လှစ်ခွင့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရပေသည်။

        ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ၏ နှာခေါင်းစည်း (Mask)၊ မျက်နှာကာ (Face Shield) များအပြင် အပူချိန်တိုင်း သာမိုမီတာများပါ ပေးအပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ ဖွင့်လှစ်မည့် ကျောင်းများအနေဖြင့် လက်ဆေးရည် (Hand Gel) များ စီစဉ်ခြင်း၊ အပူချိန် တိုင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခြင်းများကို စီစဉ်ရန်လိုသည်။

        ထို့ပြင် မိဘဆရာအသင်း (ခေါ်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ပူးပေါင်းကာ ကျောင်းသားမိဘများ၏ ကျန်းမာရေးအသိပညာပေးအတွက် အထူးလုပ်ဆောင်ရန် လိုအပ်လှပါသည်။

        ဆိုလိုသည်မှာ ကျောင်းတွင် Physical Distancing အရ ခြောက်ပေကွာ စာသင်ကြားရသကဲ့သို့ ကျောင်းသို့ လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပြင်ပတွင် Social Distancing အရ ခပ်ခွာခွာ နေထိုင်သွားလာကြရန် အရေးကြီးသည်။ ကျောင်းတွင် ခြောက်ပေကွာ နေထိုင်သင်ကြားကာ ကျောင်းပြင်ပတွင် သူငယ်ချင်းများစုဝေး၍သော် လည်းကောင်း၊ ကုပ်ပိုးဖက်၍သော်လည်းကောင်း သွားလာခြင်းမျိုးကို ရှောင်ကြဉ်ရန် အသိပညာပေးရမည်ဖြစ်သည်။

        ကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးလိုက်နာရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် ဖွင့်လှစ်တော့မည်ဖြစ်ရာ မိဘများအနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ အထူးသဖြင့် မိမိတို့၏ သား၊ သမီးငယ်များအား ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာပေးရန် ဖြစ်သည်။ ကျောင်းကြို/ပို့ရာတွင်လည်းကောင်း၊ ကျောင်းကားစီးရာတွင်လည်း စည်းကမ်းလိုက်နာကြဖို့ လိုသည်။ ကျောင်းရောက်လျှင်လည်း ကျောင်းမှ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသာယာသော ပညာသင်ကြားမှုကို ရရှိနိုင်မည်ဖြစ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄)

No comments:

Popular Posts