July 29, 2020

ကျွဲနို့၏ ကောင်းခြင်းငါးဖြာ အံ့သြစရာ

မောင်အောင်(မွေး/ကု) 

        လူတိုင်း နွားနို့ကို နှစ်ခြိုက်စွာ သောက်သုံးဖူးကြသော်လည်း ကျွဲနို့ကို သောက်သုံးဖူးသူရှားပါမည်။ ယေဘုယျအားဖြင့် ကျွဲနို့သည် နွားနို့ထက် ပို၍ စိမ့်သည်။ ပို၍ အရသာရှိသည်။ ကျွဲနို့သောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။ အထူးသဖြင့် အရိုးများ ကြံ့ခိုင်သန်စွမ်းစေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးဖိအားလျော့ကျစေသဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုမှ လျော့ကျစေသည်။ သို့ဖြစ်၍ ကျွဲနို့မှာ သောက်သုံးသင့်သည့် နို့တစ်မျိုးပင်ဖြစ်သည်။

        ကျွဲနို့တွင် အသားဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင်အေနှင့် အခြားအရေးကြီးသည့် အာဟာရဓာတ်များစွာ ပါဝင်သည်။ အထူးသဖြင့် နွားနို့မှာထက် အဆီဓာတ်ပိုမိုပါရှိသည်။ နို့သောက်သုံးခြင်းကြောင့် ကျန်းမာရေး ပိုမိုကောင်းမွန်စေသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

        ကျွဲနို့တွင် သာမန်အားဖြင့် နွားနို့ မှာထက် အဆီဓာတ်ပိုမိုများပြားစွာ ပါဝင်သော်လည်း ကျွဲနို့တွင် ကိုလက်စထရော (Cholesterol) ပါဝင်မှုနည်းပါးသည်။ ကိုလက်စထရောများပြားစွာ စားသုံးပါက နှလုံးသွေးကြောကျဉ်းခြင်းနှင့် အဆီပိတ်ခြင်းအပါအဝင် နှလုံးရောဂါများဖြစ်ပွားစေနိုင်သည်။ ကျွဲနို့သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်မှလိုအပ်သည့် အဆီနှင့် အာဟာရဓာတ်များပြည့်ဝစွာရရှိစေပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလည်း  လျော့ပါးစေမည်ဖြစ်သည်။

ဓာတ်ပုံ - wordpress.com


        ကျွဲနို့တွင် နွားနို့မှာထက် အသားဓာတ် (Protein) ၁ဝ ရာခိုင်နှုန်း ပိုမိုပါဝင်သည်။ ကျွဲနို့တွင်ပါဝင်သည့် အသားဓာတ်သည် ပြည့်ဝအသားဓာတ် (Complete Protein) ဖြစ်သဖြင့် ခန္ဓာကိုယ်ပြန်လည်ပြည့်ဝရေးနှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် များစွာအရေးပါသည်။ အထူးသဖြင့် ကလေးငယ်များ အရွယ်ရောက်စ မြီးကောင်ပေါက်များ၊ အရွယ်ရောက်ပြီးသူများအပါအဝင် အသက်အရွယ်အားလုံးအတွက် ကြီးထွားဖွံ့ဖြိုးစေပါသည်။

        ကျွဲနို့တွင် ဗီတာမင်အေနှင့် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်သည်။ ဤဗီတာမင်သက်စောင့်ဓာတ်နှစ်မျိုးသည် ရောဂါခံနိုင်စွမ်းအား (ကိုယ်ခံစွမ်းအား)ကို မြှင့် တင်ပေးသည်။ အရွယ်နုပျိုစေသည်။ အဆိပ်အတောက်နှင့် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမည့် ဓာတ်ပစ္စည်းများကို ချေဖျက်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ဗီတာမင်စီသည် ခန္ဓာကိုယ်အတွက် ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးသည်။ သွေးဖြူဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။ ၄င်းအပြင် ကျွဲနို့တွင် ပါဝင်သည့် သွပ် (Zinc)နှင့် အခြားသတ္တုဓာတ်များသည်လည်း ခန္ဓာကိုယ်အိုမင်းမှုကို လျော့နည်းစေသည့်အပြင် ကိုယ်ခံစွမ်းအား နှစ်ဆမြင့်မားစေသည်။

ဓာတ်ပုံ - pinimg.com

        ကျွဲနို့တွင်ပါဝင်သည့် သံဓာတ်သည် သွေးနီဥထုတ်လုပ်မှုကို ကောင်းမွန်စေသည်။ သွေးအားနည်းရောဂါဖြစ်ပွားမှုမှ ကာကွယ်စေနိုင်သည်။ သွေးအားကောင်းမွန်ခြင်း၊ သွေးလည်ပတ်မှု မှန်ကန်ကောင်းမွန်ပါက ကိုယ်ခန္ဓာ၏အစွန်အဖျားပိုင်းများ၊ ခြေလက်များသို့ သွေးရောက်ရှိမှု၊ အောက်ဆီဂျင်ဓာတ်ရောက်ရှိမှု မှန်ကန်ပြီး ၄င်းအစိတ်အပိုင်းများ ကောင်းစွာအလုပ်လုပ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျွဲနို့သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်မှ လိုအပ်သည့် သံဓာတ်အပြည့်အဝရရှိပြီး သွေးလည်ပတ်မှု ကောင်းမွန်မည်ဖြစ်သည်။ 

        ကျွဲနို့၊ နွားနို့ အပါအဝင် နို့အားလုံးသည် သတ္တဝါများ၏ အရိုးကြံ့ခိုင်မှုနှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသည့် အာဟာရဓာတ်များ ပါဝင်သည်။ အထူးသဖြင့် ကျွဲနို့တွင် နွားနို့မှာထက် ကယ်လ်ဆီယမ်ဓာတ် ပိုမိုပါဝင်သဖြင့် အရိုးများကျွတ်ဆတ်မှု၊ မာကြောမှု၊ အရိုးပွမှုများကို တားဆီးပေးသည်။

        သို့ဖြစ်၍ ကျွဲနို့သည် အခြားနို့များထက် အဆီနှင့် အာဟာရဓာတ်များ ပိုမိုပါဝင်သည်။ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးကြံ့ခိုင်စေခြင်း၊  အအေးမိခြင်းနှင့် ရောဂါဘယများ စွဲကပ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။ ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း၊ အရိုးများကြံ့ခိုင်သန်စွမ်းပြီး သွေးလည်ပတ်မှု ကောင်းမွန်စေခြင်းတို့ကြောင့် ကောင်းခြင်းငါးဖြာနှင့် ပြည့်ဝသည့် ကျွဲနို့ကို တစ်နေ့တစ်ခွက် သောက်သုံးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၆)

No comments:

Popular Posts