July 31, 2020

ဇက်ကြောတက်ခြင်းဝေဒနာ သက်သာစေရန်

 ဒေါက်တာမြင့်သန်းထွန်း 

        ဇက်ကြောတက်ခြင်းဝေဒနာကို အသက်အရွယ် အနည်းငယ်ကြီးလာသည်နှင့်အမျှ ခံစားရနိုင်ပါသည်။ ယောကျ်ား၊ မိန်းမ နှစ်ဦးစလုံး ဖြစ်နိုင်ပါသည်။ မတ်တပ်ရပ်မှု မမှန်ကန်ခြင်း၊ ကိုယ်ဟန်အနေအထားမမှန်ခြင်း၊ မိမိနှင့် မသင့်တော်သော စားပွဲနှင့် ထိုင်ခုံတွင် ထိုင်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခေါင်းအုံးပုံစံကျစွာ မသုံးခြင်း၊ ပခုံးအေးခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်းနှင့် သွေးဖိအားတက်ခြင်း စသည်တို့ ကြောင့်ဖြစ်တတ်ပါသည်။ ဇက်ကြောတက်ခြင်းသည် နေထိုင်ပုံစနစ်ကို ပြုပြင် ပြောင်းလဲပါက သက်သာပျောက်ကင်းနိုင်ပါသည်။

ဇက်ကြောတက်ခြင်းဝေဒနာ ဖြစ်စေသောအချက်များ

        မျက်စိအမြင်အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သွေးဖိအားတက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ကိုယ်ခန္ဓာအနေအထား မှားယွင်းခြင်း၊ ခန္ဓာကိုယ်အချိုးအစားမမှန်ခြင်း၊ လည်ပင်းရိုးဆစ်ကျွံခြင်း၊ လည်ပင်းရိုး ကျီးပေါင်းတက်ခြင်း၊ ရာသီသွေးဆုံးခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့် အာရုံကြောများ ပျက်စီးခြင်းတို့ကြောင့် ဇက်ကြောတက်တတ်ပါသည်။

ဓာတ်ပုံ - efisioterapia.net



ဇက်ကြောတက်ခြင်းကို သက်သာစေရန်

  • စိတ်ဖိစီးမှုများပါက ဇက်ကြောတက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် စိတ်အပန်းဖြေမှုများကို ပြုလုပ်ပြီး စိတ်ဖီးစီးမှုကို လျှော့ချထားရပါမည်။ စိတ်ရွှင်လန်းချမ်းမြေ့စေရန် သီချင်းဆိုခြင်း၊ တီးမှုတ်ကခုန်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် အခြားပျော်ရွှင်မှုများကို ဖန်တီးခြင်းများ ပြုလုပ်ရပါမည်။
  • ဇက်ကြောတက်ခြင်း သက်သာစေရန် အိပ်ရေးဝဝ အိပ်စက်ရပါမည်။ ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ရပါမည်။ မိမိနှင့် သင့်လျော်သော ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု ပြုလုပ်ခြင်းဖြင့် ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်နိုင်ပါသည်။
  • ဇက်ကြောတက်ခြင်းကို ဖြစ်စေသော ရောဂါများတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ အသည်းရောင်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါနှင့် သည်းခြေကျောက်တည်ခြင်းများ ပါဝင်သောကြောင့် ထိုရောဂါများကို ဆောလျင်စွာသိရှိပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ထိရောက်စွာကုသရန် လိုအပ်ပါသည်။ သွေးဖိအားမှန်မှန်ချိန်ခြင်း၊ သွေးချို၊ ဆီးချိုအတွက် သွေးဖောက်စစ်ဆေးခြင်း၊ အီးစီဂျီဆွဲခြင်း၊ အယ်ထရာဆောင်းရိုက်ခြင်း စသည်တို့ကို စစ်ဆေးထားရန် လိုအပ်ပါသည်။
  • ဇက်ကြောတက်ခြင်းကို ကာကွယ်ရန် ပုံမှန်မဟုတ်သော ကိုယ်ဟန်အနေအထားတွင် ကြာရှည်စွာနေခြင်းကို ရှောင်ကြဉ်ရပါမည်။ အလုပ်ကို ကြာရှည်စွာ ဆက်တိုက်ပြုလုပ်ခြင်း၊ ကားကို အချိန်ကြာရှည်စွာ မောင်းနှင်ခြင်းတို့ကြောင့် ဇက်ကြောတက်တတ်သဖြင့် မကြာခဏ အနာ်ပေးရန် လိုအပ်ပါသည်။
  • ဇက်ကြောတက်ခြင်းသက်သာစေရန် ကိုယ်ဟန်အနေအထားသည် အရေးကြီးသကဲ့သို့ အိပ်ရာခေါင်းအုံးအမြင့်သည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။ အနည်းငယ်မာသော ခေါင်းအုံးနှင့် မွေ့ရာကိုသာ သုံးရပါမည်။ သုံးလက်မမှ လေးလက်မခန့်မြင့်သော သစ်လုံးပုံသဏ္ဌာန်ခေါင်းအုံသည် အကောင်းဆုံး ဖြစ်ပါသည်။ ဇက်ကြောတက်စေသောအချက်များတွင် ခေါင်းအုံးမြင့်မြင့်အုံးပြီး စာဖတ်စဉ် အိပ်ပျော်တတ်သောအချက်လည်း ပါဝင်၍ သတိထားရပါမည်။
  • အလွန်အေးသောအခန်းတွင် ကြာရှည်စွာနေထိုင်ခြင်းသည် ဇက်ကြောတက်စေ၍ ဂရုစိုက်ရပါမည်။ ပခုံးနှင့် ဇက်ကြောများကို အအေးမိခြင်းနှင့် သွေးလည်ပတ်မှု မကောင်းခြင်းကြောင့်လည်း ဇက်ကြောတက်တတ်၍ လက်နှင့် ပခုံးကို လေ့ကျင့်ခန်းဆောင်ရွက်ရပါမည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၄)

No comments:

Popular Posts