မြင့်ဆွေ(စိုက်ပျိုးရေး)
စပါးပင်များတွင် နီတိုဟုခေါ်သည့် အပင်များပုတိုသွားပြီး အရွက်များ နီညိုရောင်ဖြစ်သွားမှုကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စပါးစိုက်ကျေးရွာမှ တောင်သူတစ်ဦး၏ မေးမြန်းချက်များနှင့် စာရေးသူ၏ ဖြေကြားချက်များကို ဒို့ကျေးရွာတောင်သူများ ဗဟုသုတရရှိစေရန် တင်ပြလိုက်ရပါသည်။
မေး။ ဆရာခင်ဗျာ။ ကျွန်တော့်ရဲ့ လယ်ကွက်ထဲမှာ စပါးပင်တွေဟာ အပင်ပုတိုသွားပြီး အရွက်တွေဟာလည်း နီညိုရောင်တွေ ပြောင်းသွားတာကို တွေ့ရပါတယ်။ အဲဒါ ရောဂါကြောင့်လား၊ ပိုးမွှားကျရောက်လို့လား။ သိချင်ပါတယ် ဆရာ။
ဖြေ။ ဒီလိုဖြစ်တာကို မိုးများတဲ့ဒေသမှာ မြေကြီးထဲမှာရှိတဲ့ အချဉ်ဓာတ်နဲ့ အငန်ဓာတ်(PH)နိမ့်တဲ့ဒေသတွေ(မြေချဉ်တွေ)မှာ မြေကြီးထဲမှာရှိသင့်တဲ့ သံဓာတ်ပမာဏထက် ပိုများနေပါက မြေဆီလွှာပျော်ရည်ထဲမှာ သံဓာတ်တွေများစွာ ပါဝင်လို့ဖြစ်တတ်ပါတယ်။ စပါးပင်၏ အမြစ်မှ သံဓာတ်များကို အလွန်အကျွံစုပ်ယူမိရာမှ အမြစ်တွေ အဆိပ်သင့်ပြီး သံချေးရောင်ဖြစ်သွားပါတယ်။ စပါးပင်အရွက်များလည်း သံဓာတ်ကြောင့် အနီရောင်ဖြစ်သွားပြီး အပင်ကပုတိုသွားတာပါ။ အခုလို စပါးပင်နီတိုဖြစ်မှုဟာ သံဓာတ်အဆိပ်အတောက် သင့်တယ်လို့ တထစ်ချပြော၍မရပါ။ စပါးပင်တွေ မြစ်ဖုဖြစ်စေသော နီမတုတ်ဖြစ်စေ၊ မြစ်ပုပ်ဖြစ်စေသော နီမတုတ် (နီမတုတ်သည် သန်ကောင်မျိုးဖြစ်၍ တိရစ္ဆာန်များမှာ မှီခိုနေတတ်ပါတယ်။ သစ်ပင်အမြစ်များမှာတွယ်ကပ်နေလျှင် ဤသို့ရောဂါဖြစ်စေပါတယ်။ အပ်ချည်ကြိုးကဲ့သို့ ရစ်ခွေနေပါတယ်။ နီမတုတ်နှိမ်နင်းရာတွင် နီမတီဆိုက်ဆေးဖြင့် နှိမ်နင်းရပါတယ်။) တိုက်ခိုက်ခံရပါကလည်း နီတိုလက္ခဏာ တွေ့ရတတ်ပါတယ်။ ထို့ကြောင့် စစ်ဆေးမှုပြုလုပ်ရာတွင် စပါးပင်၏အမြစ်ကို လေ့လာရန် နုတ်ယူကြည့်ရပါတယ်။
နွေစပါးခင်းမှာ ရေပြတ်လျှင်လည်း စပါးပင်အမြစ်မှာ အလုံးအဖုများတွေ့ရလျှင် စပါးမြစ်ဖုနီမတုတ်ကြောင့်ဖြစ်သော နီတိုဖြစ်နိုင်ပါတယ်။ မိုးစပါးစိုက်ခင်းတွင် ရေလည်းမပြတ်သွင်းထားပြီး နီတိုလက္ခဏာဖြစ်လျှင် စပါးပင်၏အမြစ်သည် ပျော့၍ တံမြက်စည်းကဲ့သို့ ဖွာလန်ကျဲလျှင် စပါးမြစ်ပုပ်နီမတုတ်ကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်နည်း စပါးပင်၏အမြစ်သည် သံချေးရောင်၊ အနီရောင်ရှိပြီး မပျော့ဘဲ မာဆတ်ဆတ်ဖြစ်မည်။ ချိုးဖဲ့ကြည့်လျှင် တောက်ကနဲ ကျိုးပြတ်သွားမည်ဆိုပါက သံဓာတ်အဆိပ်သင့်မှုကြောင့်ဟု သုံးသပ်နိုင်ပါတယ်။
![]() |
ဓာတ်ပုံ - Radanar Ayar |
မေး။ အဲဒီလိုဖြစ်ရင် ဘယ်လိုဆောင်ရွက်သင့်ပါသလဲ ဆရာ။
ဖြေ။ စပါးခင်းမှ ရေထုတ်ပေးမှု၊ မြေချဉ်ပါက ထုံးထည့်ပေးမှု ပြုလုပ်ရပါတယ်။ ထုံးထည့်ရသည်မှာလည်း လက်တွေ့တွင် ခက်ခဲပါတယ်။ သဲဆန်မြေတွင် ထုံးပိသာ ၃ဝဝ၊ မြေစေးလျှင် ထုံးပိသာ ၆ဝဝ၊ တစ်ဧကထည့်ရမှုသည် မလွယ်ပါဘူး။ ရေထုတ်ခြင်း၊ မြေသြဇာကျွေးခြင်းကို ပြုလုပ်ကြရပါတယ်။ ယင်းကဲ့သို့သော မိုးနည်းဒေသ ပုဂံ၊ လောကနန္ဒာဘုရားအနီးရှိ လောကနန္ဒာမြစ်ရေတင် စပါးစိုက်သောလယ်များတွင် နီတိုဖြစ်မှုကို ရေထုတ်သော်လည်း မထူးခြားသည်ကို တွေ့ရမှုတွင် သမန်းပူမိခြင်းကြောင့် ဖြစ်ရသည်ကို တွေ့ရပါတယ်။
မေး။ သမန်းပူမိတယ်ဆိုတာလဲ ရှင်းပြပေးပါဦးဆရာ။
ဖြေ။ ဘာ့ကြောင့် သမန်းပူမိရသလဲဆိုတော့ မူလက သဲချည်းရှိသောနေရာတွင် လယ်စိုက်ရန် ကန်သင်းကန့်၍ မြစ်ရေတင်ရာမှ ပါလာသောနုန်းမြေကို အဓိကထည့်ပြီး ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေးများကို မြေသြဇာရရှိရန် များများထည့်ခြင်းကြောင့် ရေစပ်မှုနှင့်တွေ့ကာ သမန်းပူမိခြင်းဖြစ်ပါတယ်။
မေး။ စပါးပင်နီတိုဖြစ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုဒေသတွေ၊ ဘယ်လိုအချိန်၊ ဘယ်လိုမြေတွေမှာ ဖြစ်တတ်ပါသလဲ။
ဖြေ။ မိုးနည်းသောအညာဒေသ၊ ပခုက္ကူမြို့နယ်၊ ရေစကြို၊ ပခန်းကြီးတစ်ဝိုက်၌ ကြာရှည်ရေဝပ်သောလယ်မြေများတွင် နီတိုဖြစ်တတ်ပါတယ်။ ဤသည်မှာ လယ်မြေတွင် ရေဝပ်သောနေရာ၌ ရေပျော်သံအောက်ဆိုဒ်များကြောင့် ဖြစ်ပါတယ်။ ရေ၏အရောင်မှာ သံချေးရောင်ဖြစ်နေပြီး စပါးပင်၏ အမြစ်များသည် မဲနေတတ်ပါတယ်။ ထို့ကြောင့် နီတိုဖြစ်မှုသည် အကြောင်းအရာများစွာအပေါ်တွင် မှီတည်နေပါတယ်။ ချဉ်ငန်ဓာတ်(PH)နိမ့်သောမြေချဉ်များတွင် သံဓာတ်ပျော်ဝင်မှုများ၍ အဆိပ်အတောက်ဖြစ်ရသည်ကို မိုးများသောဒေသ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် တွေ့ရတတ်ပါတယ်။ ကုန်းမြင့်ပိုင်းယာမြေများတွင် စိုက်ခင်းရေပြတ်လျှင် မြစ်ဖုနီမတုတ်ကြောင့်ဖြစ်တတ်ပါတယ်။ ရေပျော်သံအောက်ဆိုဒ်များ ဓာတ်တိုးမှုဖြစ်၍ စပါးပင်အမြစ် အဆိပ်သင့်မှုလျှော့ချရာတွင် အကောင်းဆုံးမှာ ရေသွင်းရေထုတ် မှန်မှန်လုပ်ခြင်း၊ ရေထုတ်ပြီး ကယ်စီယမ်ဓာတ်ပါသော မြေသြဇာကျွေးခြင်း ပြုလုပ်နိုင်ပါတယ်။ ဖော့စပရပ်နှင့် ပိုတက်စီယမ်လည်း ကျွေးရပါတယ်။
မိုးများသော ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများတွင် မိုးစပါးရိတ်သိမ်းပြီးပါက နွေစပါးကို ဆက်တိုက်စပါးပြီးစပါး စိုက်ကြသဖြင့် လယ်မြေတွင် ရေမပြတ်ရှိပြီး မြေကျွံမှု၊ စိမ့်ဆွဲမှုများပြီး စပါးပင်နီတိုဖြစ်တတ်သေးပါတယ်။ မြေကို ထိုက်သင့်သလောက် အနားပေးသင့်ပါတယ်။ သို့မဟုတ် အနှံသီးနှံတစ်လှည့်၊ အခြောက်သီးနှံတစ်လှည့် စိုက်သင့်ပါတယ်။ (ဥပမာ-စပါး၊ ပဲ၊ စပါးသီးနှံပုံစံဖြင့် စိုက်ပျိုးခြင်း) မြေထဲတွင် လေဝင်လေထွက်ရှိသင့်ပါတယ်။ သဲဆန်မြေဖြစ်လျှင် ပိုတက်စီယမ်ဓာတ်မြေသြဇာ ထည့်ရပါတယ်။ ပဲတစ်သီးတစ်ကြိမ် မဖြစ်မနေစိုက်သင့်ပါတယ်။ မိုးစပါးအပြီး နွေစပါးဆက်တိုက်စိုက်ပျိုးလိုပါက ပထမစပါးရိတ်သိမ်းအပြီး ရိုးပြတ်များကို အီးအမ်ဖျော်ရည်ဖျန်းပြီး တစ်ပတ်ကြာထားပြီးမှ ထယ်ထိုးမြေလှန်၊ ထယ်စာခဲမှောက် ထား၍ လေဝင်လေထွက်မြေကြီးထဲရှိရန် ပြုလုပ်ပြီးထားရပါတယ်။ ထယ်ထိုးပြီး နှစ်ပတ်ကြာမှ နွေစပါးကို စိုက်ပျိုးလျှင် ရေထုတ်မြောင်းထားလျှင် စပါးနှစ်သီးစိုက်သော်လည်း မြေစိမ့်ကိုင်မှု သက်သာပါတယ်။
စပါးပင်တွင် ဖော့စပရပ်ဓာတ်ချို့တဲ့ပြီး ဖော့စဖိတ်ဓာတ်မြေသြဇာမသုံးလျှင်လည်း နီတိုလက္ခဏာပြပါတယ်။ အလားတူ ပိုတက်စီယမ်ဓာတ်ချို့တဲ့မှုလွန်ကဲလျှင်လည်း နီတိုပုံစံပြပါတယ်။ ထို့ကြောင့် စပါးခင်းတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အလွန်အကျွံ၊ အချိုးအဆမမှန် ထည့်မှု၊ အကြိမ်ခွဲ၍ ထည့်သင့်ချိန် မထည့်မှု၊ အကြောင်းကြောင်းသော အကြောင်းများကြောင့် စရိတ်ချွေတာပြီး ဖော့စဖိတ်နှင့် ပိုတက်စီယမ် မသုံးခြင်းများကြောင့်လည်း နီတိုလက္ခဏာဖြစ်လာကြပါတယ်။
‘‘နီတို’’ဟုခေါ်ကြသကဲ့သို့ ကျောက်ပန်းတောင်းမြို့နယ်ထဲမှ စပါးစိုက်တောင်သူများပြောကြသလို ‘‘ဝါတို’’ဟုလည်း ခေါ်ကြသေးပါတယ်။ သံဓာတ်လွန်ကဲမှုကြောင့်မဟုတ်ဘဲ ကန့်ဓာတ်(ဆာလဖာ) ချို့တဲ့သဖြင့် စပါးပင်အရွက်များ အဝါရောင်သန်းလာပြီး ချို့တဲ့မှု မဖြစ်နိုင်လျှင် နီတိုပုံစံ စပါးပင်ပုတိုသွားပါတယ်။ ဆာလဖာချို့တဲ့မှုကို ဆာလဖာအနည်းလိုဓာတ်မဖြည့်ဘဲ နိုက်ထရိုဂျင်ဓာတ်တစ်မျိုးတည်း ပါသော ယူရီးယားဓာတ်မြေသြဇာ၊ အကြိမ်ကြိမ်ကျွေးနေလျှင် နီတိုလက္ခဏာပြလာပါတယ်။ ဝါတိုဟုခေါ်ကြရာတွင် စပါးပင်အရွက်နုများ တွင် တွေ့ရပါတယ်။ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့၍ ဝါခြင်းနှင့်မတူပါ။ ဆာလဖာချို့တဲ့မှုသည် အဝါနုရောင်ဖြစ်ပါတယ်။ သဲဆန်၍ မြေသြဇာထည့်သောမြေမျိုးတွင် ဆာလဖာချို့တဲ့မှု ပိုတွေ့ရတတ်ပါတယ်။ စပါးပင် ပင်ပွားနည်းလာပါတယ်။ စပါးနှံ၏ နှံစတိုလာပါတယ်။ စပါးအောင်စေ့ ဖြစ်မှုနည်း၍ စပါးအထွက်ကျဆင်းပါတယ်။ စပါးရင့်မှည့်ချိန်နောက်ကျသွားပါတယ်။ စပါးပင်နီတိုဖြစ်မှုသည် စပါးပင်မှ သံဓာတ်အလွန်အကျွံ စုပ်စားသုံးသဖြင့် အဆိပ်သင့်ခြင်းဖြစ်ရာ လေဝင် လေထွက်ညံ့သောမြေတွင် ပို၍ အဆိပ်သင့်ပါတယ်။ ရေဝပ်မြေ၊ ရေသွင်းရေထုတ် မပြုလုပ်သောမြေတွင် လေဝင်လေထွက်ညံ့၍ စပါးပင်မှ အစာစားသုံးမှု၊ လေရှူမှုကျဆင်းပြီး အာဟာရချို့တဲ့ကာ မကျန်းမမာဖြစ်ရခြင်းဖြစ်သဖြင့် နီတိုသည် အနည်းငယ် သံဓာတ်၊ ကန့်ဓာတ်ချို့တဲ့ခြင်းနှင့် နီမတုတ်ကြောင့်ဖြစ်လျှင် ပိုတက်စီယမ် ဓာတ်မြေသြဇာ၊ စက်ဖွဲပြာ တို့သည် ကုသမှုမဟုတ်ဘဲ ဟန့်တားထိန်း ချုပ်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၂)
No comments:
Post a Comment