July 28, 2020

သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ထိန်းချုပ်ခြင်း (၂)

‌အောင်ဆန်း (စိုက်ပျိုး‌ရေး)

        လိမ္မော်တွင် နိုက်ထရိုဂျင်ဓာတ် လွန်ကဲစွာ အသုံးပြုခြင်းသည် အပင်၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကြောင့် အခွံထူစေခြင်းနှင့် အသီးအဝါရောင်သို့ ပြောင်းလဲမှုအချိန် ကြာမြင့်စေပါသည်။ ဟင်းသီးဟင်းရွက်များတွင် နိုက်ထရိုဂျင် ဓာတ်ချို့တဲ့ပါက အပင်၏ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ ကယ်လ်စီယမ်ဓာတ်ချို့တဲ့ပါက ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ခရမ်းချဉ်သီး ထိပ်ပုပ်နာဖြစ်စေပြီး ပန်းသီးအခွံပေါ်တွင် အချိုင့်ဖြစ်ပေါ်စေပါသည်။ ဘိုရွန်ဓာတ်ချို့တဲ့ပါက သင်္ဘောသီးတွင် အဖုအတုံးအခဲလေးများဖြစ်ခြင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းမုန်လာတွင် ပင်စည်ခေါင်းပွဖြစ်ခြင်း၊ မုန်လာဥတွင် အက်ကွဲခြင်းများ ဖြစ်ပေါ်စေပါသည်။ 

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မဆွတ်ခူးမီ ဆုံးရှုံးနေမှုများကို အထက်ပါဆုံးရှုံးမှုဖြစ်ပေါ် စေသော ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုတရားခံများကို ဖြစ်ပေါ်စေသော အကြောင်းရင်း တစ်ချက်ချင်းအလိုက် ဂရုတစိုက်ပြုစု၍ ထိန်းသိမ်းကြရန်ဖြစ်ပါသည်။

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ အမြစ်စား ဥစားသီးနှံများသည် ရေဓာတ် ၆၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းထိ ပါဝင်နေရာ ၄င်းရေဓာတ်ကြောင့် သီးနှံများ ဆွတ်ခူးပြီးချိန်နောက်ပိုင်းတွင် အသက်ရှူခြင်း၊ ရှင်သန်ခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အမြစ်စား ဥစားသီးနှံများ၏ ဆွတ်ခူးပြီးနောက် သက်တမ်းသည် ၄င်းတို့အတွင်း သိုလှောင်ထားသော အစာများနှင့် ရေဓာတ် အသုံးပြုမှုနှုန်း၊ ဆုံးရှုံးမှုနှုန်းပေါ် တွင် မူတည်နေပါသည်။ ရင့်ရော်ခြင်း၊ သက်တမ်းကုန်ဆုံးခြင်းများကို ကြိုးကိုင်ထားသော ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုများသည် ရပ်တံ့မနေပါ။ ဆက်လက်ဖြစ်ပေါ် နေပါသည်။ ထိုဖြစ်စဉ်များမှာ အသက်ရှူခြင်း၊ အငွေ့ပျံခြင်းနှင့် အီသလင်းဓာတ်ထုတ်လွှတ်ခြင်းတို့ ဖြစ်ပါသည်။ 

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုအရ ဆွတ်ခူးချိန်တွင် ပြီးပြည့်စုံသော ရင့်မှည့်မှု (အရွယ်ရောက်မှု)၊ ဆွတ်ခူးပုံနည်းလမ်း၊ ဆွတ်ခူးရမည့်အချိန် မှန်ကန်မှုတို့သည် အရေးပါသည်။ ၄င်းအချက်တို့သည် ဆွတ်ခူးပြီးချိန်နောက်ပိုင်း သီးနှံအရည်အသွေးအပေါ် တွင် များစွာလွှမ်းမိုးထားပါသည်။ အထက်ပါအချက်တို့သည် ဆွတ်ခူးပြီးနောက် အရည်အသွေးကောင်းမွန်မှု၊ ဆက်လက်ဖြစ်ပါ်လာမည့် ချို့ယွင်းချက် အကျိုးဆက်များကို ခံနိုင်ရည် ရှိမှု မရှိမှုများကိုပါ အာမခံချက်ပေးနေမည့် အချက်များဖြစ်ပါသည်။

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုအရ အစောပိုင်းတွင် အသက်ရှူနှုန်း မြန်ဆန်ကြသည်။ တဖြည်းဖြည်း အရွယ်ရောက်ကြီးထွားလာသောအခါ အသက်ရှူနှုန်း လျော့ကျသွားသည်။ ရိတ်သိမ်းဆွတ်ခူးပြီးသောအခါ အရွယ်ရောက်ပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် အသက်ရှူနှုန်းနှေး၍ နုနယ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့မှာ အသက်ရှူနှုန်းမြန်သည်။ ပို၍ပျက်စီးလွယ်သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ အရွယ်ရောက်ခြင်း၊ ရင့်မှည့်ခြင်း၊ ရင့်ရော်ခြင်း (အိုမင်းခြင်း)အဆင့်များ ဖြစ်ပေါ်ပြောင်းလဲပါသည်။ ရင့်မှည့်ခြင်းသည် အရွယ်ရောက်ခြင်း၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ရင့်မှည့်ခြင်းသည် ရင့်ရော်ခြင်းအစဖြစ်သည်။ ရင့်ရော်ခြင်းသည် အိုမင်းခြင်း၏ အစအဆုံးဖြစ်ပါသည်။ အိုမင်းပြီးလျှင် သေဆုံး၍ နိဂုံးချုပ်သွားပါ သည်။

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတွင် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ အသက်ရှူနှုန်းမြန်သောအုပ်စုနှင့် အသက်ရှူနှုန်းမမြန်သောအုပ်စုဟု ရှိသည်။ အသက်ရှူနှုန်းမြန်သောအုပ်စုတွင် ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ သင်္ဘောသီး၊ သစ်တော်သီး၊ ခရမ်းချဉ် စသည်တို့ အကျုံးဝင်သည်။ အသက်ရှူနှုန်း မမြန်သောအုပ်စုတွင် လိမ္မော်၊  သခွား၊ ခရမ်း၊ စပျစ်၊ သံပရာ၊ ကျွဲကော၊ နာနတ်၊ စတော်ဘယ်ရီ စသည်တို့ ပါဝင်သည်။

ဓာတ်ပုံ - Focused Collection

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့၏ ဖြစ်စဉ်ပြောင်းလဲမှုအရ အသက်ရှူခြင်းသည် အပင်ထဲမှ ကာဗိုဟိုက်ဒရိတ်နှင့် လေထဲရှိ အောက်စီဂျင်တို့ပေါင်းစပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနှင့် စွမ်းအင်အဖြစ် ဓာတ်ပြိုကွဲသွားခြင်း ဖြစ်သည်။ တဖန် အပင်များအသက်ရှူခြင်းတွင် လေရှိအသက်ရှူခြင်း၊ လေမဲ့အသက်ရှူခြင်း ဖြစ်စဉ်များရှိသည်။ လေရှိအသက်ရှူခြင်းဖြစ်စဉ်တွင် အပင်များရှိ ဂလူးကိုးစ်နှင့် လေထဲမှ အောက်ဆီဂျင်တို့ပေါင်းစပ်ပြီး  ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနှင့် အပူစွမ်းအင်တို့အဖြစ် ဓာတ်ပြိုကွဲသွားခြင်း ဖြစ်သည်။ လေမဲ့အသက်ရှူခြင်းဖြစ်စဉ်တွင် အပင်ရှိ ဂလူးကိုးစ်များမှ အီသနော၊ ရေနှင့် အပူစွမ်းအင်အဖြစ် ဓာတ်ပြိုကွဲသွားခြင်းဖြစ်သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ အသက်ရှူမြန်ခြင်း၊ မမြန်ခြင်း၊ လေရှိအသက်ရှူခြင်း၊ လေမဲ့အသက်ရှူခြင်းများကို ကြိုတင်သိရှိထားခြင်းအားဖြင့် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံးမှုကို ကြိုတင်ပြင်ဆင်တားဆီးရန် စီမံနိုင်မည် ဖြစ်ပါသည်။ 
 
        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် အပူချိန်၊ လေထုအတွင်းရှိ အောက်စီဂျင်ပြင်းအားပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပြင်းအားပမာဏ၊ အီသလင်းပြင်းအားပမာဏတို့သည် အပင်များ ဇီဝကမ္မပြောင်းလဲမှု ဖြစ်စဉ်ကို ကြိုးကိုင်ထားသည်။ အပူချိန် ၁ဝ ဒီဂရီစင်တီဂရိတ် တိုးလာတိုင်း ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များသည် နှစ်ဆမှ သုံးဆအထိ မြန်လာသည်ကို တွေ့ရသည်။ ပြင်ပအပူချိန်များလေ၊ အသက်ရှူနှုန်းမြန်လေဖြစ်သည်။ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ် တိုးလာသည်နှင့်အမျှ အသက်ရှူနှုန်းမြန်ဆန်လာပြီး ၄င်းထက်ကျော်လွန်လာလျှင် တစ်သျှူးများ၊ ဆဲလ်များသေသွားကာ ပျက်စီးခြင်းဘဝရောက်သွားသည်။ ဤအချက်များကိုလည်း သတိပြုရမည်ဖြစ်သည်။ လေထုထဲတွင် အောက်စီဂျင် ၂ဝ ဒသမ ၉ ရာခိုင်နှုန်းထက် လျော့နည်းလာပါက အသက်ရှူနှုန်းနှေးလာသည်။ လေထုထဲတွင် အောက်စီဂျင် ၂ ရာခိုင်နှုန်းထက် လျော့နည်းလာပါက လေမဲ့အသက်ရှူခြင်းဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်များစေ၍ သီးနှံများ အချဉ်ပေါက်ပျက်စီးမှုဖြစ်ပေါ်လာပါသည်။

        သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များတွင် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ အီသလင်းဓာတ်သည် ရုတ်တရက် အသက်ရှူနှုန်းကို ဖြစ်ပေါ်စေပါသည်။ အီသလင်းဓာတ်သည် အပင်အတွင်း သဘာဝအတိုင်း အသီးများမှည့်စေသော ဟော်မုန်းအဖြစ် တည်ရှိနေခြင်းဖြစ်သည်။ အပင်အတွင်းတွင် အီသလင်းဓာတ်သည် ဆယ်သန်းပုံတစ်ပုံသာ ပါဝင်ပါသည်။ အပင်တွင် အီသလင်းဓာတ်ရှိခြင်းသည် လိုလားအပ်သော ဖြစ်စဉ်များဖြစ်သလို မလိုလားအပ်သော ဖြစ်စဉ်များလည်း ဖြစ်ပေါ်လေ့ရှိသည်။ မလိုလားအပ်သော ဖြစ်စဉ်များမှာ လိမ္မော်၊ သံပရာ၊ ကျွဲကောသီးတို့၏ အခွံများတွင် အစိမ်းကွက်များဖြစ်ပေါ်စေခြင်း၊ ဟင်းသီးဟင်းရွက်များကို အဝါရောင်ဖြစ်စေခြင်း၊ ပန်းပွင့်များတွင် ပွင့်ချပ်များကြွေကျခြင်း၊ ပန်းပွင့်ရာမှ ငုံသွားစေခြင်း၊ ငုံရာမှ ရုတ်တရက် ပွင့်သွားစေခြင်း၊ သီးနှံများ၏ သက်တမ်းတိုစေခြင်းများ ဖြစ်ပါသည်။ အီသလင်းဓာတ်ကြောင့် ဆုံးရှုံးမှုမှ ကာကွယ်ရန်မှာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပတ်ဝန်းကျင်ရှိ အီသလင်းဓာတ်များကို တစ်နည်းနည်းဖြင့် ဖယ်ရှားပစ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ 

        သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကို သိုလှောင်ခန်းအတွင်းရှိ အပူချိန်က ကြီးစွာလွှမ်းမိုးထားပါသည်။ အခန်းအပူချိန် သုည ဒီဂရီစင်တီဂရိတ်မှ (-၂) ဒီဂရီစင်တီဂရိတ်ထား၍ သိုလှောင်ပါက ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို နှောင့်နှေးစေပါသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ အသက်ရှူခြင်းနှင့် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို လျှော့ချနိုင်လေလေ သက်တမ်းကို ပိုမိုဆွဲဆန့်နိုင်လေလေဖြစ်သည်။ အပူချိန်နိမ့်ခြင်းသည် သီးနှံများကို ပျက်စီးစေသော အဏုဇီဝပိုးမွှားများ၊ ကြီးထွားနှုန်းကို သိသိသာသာလျော့ကျစေပါသည်။ လုံလောက်စွာ အပူချိန်နိမ့်ခြင်းသည် သီးနှံများပျက်စီးစေမည့် ပိုးမွှား၊ ရောဂါ သက်ရှိများရှင်သန်ပွားများ၊ ကြီးထွားမှုကို ဟန့်တားစေပါသည်။

        အပူချိန်လျှော့ချခြင်းသည် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ အီသလင်းဓာတ်ထုတ်လွှတ်မှုသာမက တစ်သျှူးများ၏ အီသလင်းဓာတ်အပေါ် တုံ့ပြန်မှုကိုပါ ထိန်းချုပ်ထားနိုင်သည်။ အပူချိန်နိမ့်ခြင်းသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ရင့်မှည့်မှုစတင်ရန်အတွက် လိုအပ်သော အီသလင်းဓာတ်ပမာဏကို ကြာရှည်စွာ ထုတ်ပေးနိုင်စွမ်းရှိသည်။ သစ်သီးဝလံများ ရင့်မှည့်ရန် အသင့်တော်ဆုံးအပူချိန်မှာ ၂ဝ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အကောင်းဆုံးအရည်အသွေးကို ဖန်တီးနိုင်ပါသည်။

        လေထု၏ စိုထိုင်းဆသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မပြောင်းလဲဖြစ်စဉ်အရ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည်။ စိုထိုင်းဆမြင့်နေပါက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မှိုရောဂါဖြစ်စေပြီး အသီး၊ အရွက်များ ပုပ်ရိသွားစေပါသည်။ (ဥပမာ - ကျွဲကော၊ သံပရာ၊ လိမ္မော်၊ ပန်းသီး) လေထု၏ စိုထိုင်းဆ ၉ဝ ရာခိုင်နှုန်း ရှိသောအခါ မှိုများ၏ ကြီးထွားပြန့်ပွားမှုရပ်တန့်သွားစေသည်။  လေထု၏ စိုထိုင်းဆ ၉ဝ ရာခိုင်နှုန်းရှိအောင် ဖန်တီးထားခြင်းသည် ဟင်းသီးဟင်းရွက်များ အထွက်ပိုမိုကောင်းမွန်ပြီး အချို့သော အမြစ်စားသီးနှံ၊ ဥစားသီးနှံများတွင်မူ ရေငွေ့ပျံနှုန်းများစေသည်။ ကြက်သွန်နီနှင့် သခွားမျိုးနွယ်များသည် စိုထိုင်းဆအနိမ့်ကို ကြိုက်နှစ်သက်ကြသည်။ သိုလှောင်ချိန်တွင် ၆၅ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းသော စိုထိုင်းဆသာလိုအပ်သည်။ အာလူးကို လေထုစိုထိုင်းဆအမြင့်တွင် သိုလှောင်ထားခြင်းသည် စိုထိုင်းဆအနိမ့်တွင် သိုလှောင်ထားခြင်းထက်ပို၍ တာရှည်ခံပြီး အရည်အသွေးကိုလည်း ထိန်းသိမ်းထားနိုင်သည်။ စိုထိုင်းဆအမြင့်တွင် ပန်းသီးကို သိုလှောင်ထားပါက ပန်းသီး၏ အတွင်းပိုင်း ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကြောင့် အသီးအတွင်းသားများ ကြေမွပျက်စီးခြင်း ဖြစ်ပေါ်စေပါသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကြောင့် လေလွင့်ပျက်စီး ဆုံးရှုံးမှုမဖြစ်စေရန်အတွက် စိုထိုင်းဆအနိမ့်အမြင့်ကို သီးနှံအလိုက် ချိန်ဆထိန်းသိမ်းကာကွယ်ရန် စီမံရန်ဖြစ်ပါသည်။

        သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ သိုလှောင်မှုသည် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်စီဂျင်တို့က ထိန်းချုပ်ထားပါသည်။ သိုလှောင်အခန်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မြှင့်တင်ပေးခြင်းသည် သီးနှံများမှ အီသလင်းထုတ်လွှတ်မှုနှင့် အီသလင်းဓာတ်လှုပ်ရှားမှုကို လျော့စေပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို မြှင့်တင်၍ အောက်စီဂျင်ပမာဏကို လျှော့ချပါက သီးနှံများ၏သက်တမ်းကို ပိုရှည်စေပါသည်။ အပူချိန် ၅ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ထားသော ပန်းသီး၏ အသက်ရှူနှုန်းကို ၅ဝ ရာခိုင်နှုန်းထိ လျှော့ချပါက ကြာရှည်ခံမှုသက်တမ်းကို ပိုရှည်စေပါသည်။ လေထုထဲတွင် အောက်စီဂျင်ဓာတ်ပါဝင်မှုကို ၂ ရာခိုင်နှုန်းထိ လျှော့ချလိုက်ပါက ပန်းသီးများထိခိုက်ဒဏ်ရာရ၍ ပုပ်ရိပျက်စီးသွားစေပါသည်။ အာလူးများကို ကာဗွန်ဒိုက်အောက်ဆိုဒ် ၁၅ ရာခိုင်နှုန်းဖြင့် ထိန်းထားပါက အပင်ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ အလင်းရောင်ကြောင့် အာလူးများ အစိမ်းရောင်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်။ 

        သို့ပါ၍ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးရခြင်းများကို အထက်ပါနည်းလမ်းများအတိုင်း ကာကွယ်ထိန်းသိမ်းကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၁)

No comments:

Popular Posts