ထွန်းလှိုင်(မြိုင်)
‘‘ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ ကျန်းမာနေကြောင်းကို သိရှိနိုင်ရန်အတွက် အဓိကအချက်မှာ မိမိ ကျွဲ၊ နွားများ စားမြုံ့ပြန်နေခြင်းပင်ဖြစ်သည်။ စားမြုံ့ပြန်ခြင်းသည် အစာအိမ်လေးလုံးရှိသော ကျွဲ၊ နွား၊ သိုး၊ ဆိတ် တိရစ္ဆာန်တို့၏ အစာချေခြင်းလုပ်ငန်းဖြစ်သည်’’
ကျွဲ၊ နွားများအနေဖြင့် မိုးဦးကျကာလများတွင် အစာစိမ်းများ၊ မြက်နုများ အခြားအသီးအရွက်များ အသားဓာတ်နှင့် ရေဓာတ်ပါဝင်မှုများသည့်အတွက် ၄င်းတို့၏ ခံတွင်းမှ အစာချေဖျက်ရန်အတွက် တံတွေးထွက်မှု နည်းပါးပြီး ပထမအစာအိမ်နှင့် ဒုတိယအစာအိမ်အတွင်းသို့ တံတွေးဝင်ရောက်မှု နည်းပါးသွားပါသည်။ ဤကဲ့သို့ တံတွေးများ အစာအိမ်အတွင်း နည်းပါးမှုကြောင့် အစာအိမ်အတွင်းရှိ ဓာတ်ငွေ့များသည် အမြှုပ်များနှင့် ရောနှောသွားပြီး စားမြုံ့ပြန်ရာတွင် လေချဉ်မတက်နိုင်သည့်အတွက် အစာအိမ်အတွင်း ဓာတ်ငွေ့များ များပြားလာပြီး အစာအိမ်လေဖောင်းရောဂါ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက အစာအိမ်မှာ လေများဖောင်းလာကာ ရင်ခေါင်းချိုင့်အတွင်းရှိ အဆုတ်နှင့် နှလုံးအားဖိမိပြီး အသက်မရှူနိုင်တော့ဘဲ သေဆုံးသွားတတ်ကြပါသည်။
ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ ကျန်းမာနေကြောင်းကို သိရှိနိုင်ရန်အတွက် အဓိကအချက်မှာ မိမိ ကျွဲ၊ နွားများစားမြုံပြန်နေခြင်းပင် ဖြစ်သည်။ စားမြုံ့ပြန်ခြင်းသည် အစာအိမ်လေးလုံးရှိသော ကျွဲ၊ နွား၊ သိုး၊ ဆိတ် တိရစ္ဆာန် တို့၏ အစာခြေခြင်းလုပ်ငန်း ဖြစ်သည်။ မြင်း၊ ဝက် စသည့် တိရစ္ဆာန်များသည် အစာအိမ်တစ်လုံးထဲရှိသဖြင့် စားမြုံ့မပြန်ပါ။ စားမြုံ့ပြန်သတ္တဝါများသည် အပေါ်သွားမပါရှိဘဲ အပေါ်သွားများအစား အလွန်မာသောအာခေါင် ရှိပါသည်။ စားမြုံ့ပြန်သတ္တဝါများ အစာစားရာတွင် ၄င်းအာခေါင်အမာနှင့် အောက်သွားများနှင့် ဆွဲယူခြေမွပါသည်။ စားလိုက်သော အစာအနည်းငယ်သာဝါးပြီး သွားရည်များဖြင့် အနည်းငယ် စိုစွတ်စေအောင်ပြုလုပ်၍ အစာလုံးများဖြစ်သောအခါ အစာရေမျိုမှတစ်ဆင့် ပထမအစာအိမ်ထဲသို့ ပို့လိုက်ပါသည်။
သီးနှံများနှင့် မာသောအစာများ စားသောက်ပါက ၄င်းအစာများသည် ပထမအစာအိမ်မှတစ်ဆင့် ဖြတ်သန်း၍ ဒုတိယအစာအိမ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားပါသည်။ ထို့ကြောင့် ၄င်းသတ္တဝါတို့၏ မစင်တွင် ပဲစင်းငုံစေ့လို အစေ့များ မူလအတိုင်း မကြေညက်ဘဲ ပါလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အသီးအနှံအစေ့များ ကျွေးမည်ဆိုပါက မဆုံးရှုံးစေရန် ကြိတ်ခွဲ၍ ကျွေးရမည်၊ ရေစိမ်၍ ကျွေးရပါမည်။ နွားများ၏ ပထမအစာအိမ်၏ အကျယ်အဝန်းမှာ ဂါလန် ၃ဝ ခန့်လည်းကောင်း၊ သိုး၊ ဆိတ်တို့တွင် ငါးဂါလန်ခန့် လည်းကောင်း ရှိပါသည်။ စားမြုံ့ပြန်သတ္တဝါတို့၏ ပထမအစာအိမ် နှင့် ဒုတိယအစာအိမ်တို့တွင် သန်းပေါင်းမြောက်မြားစွာ ဘက်တီးရီးယားပိုးများ၊ ပရိုတိုဇွာများ၊ တဆေးများ၊ မှိုများပါဝင်ပါသည်။
စားမြုံ့ပြန်သတ္တဝါများ အစာကျွေးမွေးရာတွင် သတိထားရမည့် အချက်အနေဖြင့် ကျွေးမွေးသည့်အစာပြောင်းလဲရန် လိုအပ်ပါသည်။ ယင်းသို့ ပြောင်းလဲကျွေးရသည်မှာ အစာအိမ်များအတွင်းရှိ ဖော်ပြခဲ့ပြီးသော အစာချေဖျက်သည့်ပိုးများအနေဖြင့် ကျွေးမွေးသည့်အစာပေါ် ပြုပြင်ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေဖြစ်စေရန် အချိန်ရက်သတ္တနှစ်ပတ်ခန့် လိုအပ်သောကြောင့် ဖြစ်သည်။ ပထမအစာအိမ်သည် အမြဲတမ်း လှုပ်ရှားလျက်ရှိသည်။ ၄င်းအတွင်းတွင် အလွှာသုံးလွှာအဖြစ် တည်ရှိပြီး အပေါ်ဆုံးအလွှာသည် ဓာတ်ငွေ့များဖြင့် ပြည့်လျက်ရှိပါသည်။ ၄င်းဓာတ်ငွေ့များဖြစ်ပေါ်မှုတွင် ပထမဦးဆုံးအနေဖြင့် မီသိန်းဓာတ်ငွေ့ များဖြစ်ပြီး အစာအိမ်အတွင်းရှိ ဘက်တီးရီးယားပိုးတို့၏ ဘဝဖြစ်စဉ် ပြောင်းလဲမှုမှ ဖြစ်ပေါ် ခြင်း ဖြစ်ပါသည်။
![]() |
ဓာတ်ပုံ - shutterstock |
အစာအိမ်၏ အောက်ဆုံးအလွှာတွင် အစာရောများ၊ ကောက်ပဲသီးနှံစေ့များနှင့် လွန်ခဲ့သောရက်က စားသုံးထားသည့် အစာကြမ်းများရှိပါသည်။ အစာအိမ်၏ အလယ်လွှာတွင်မူ လတ်လတ်ဆတ်ဆတ် စားသုံးထားသောအစားများ တည်ရှိပါသည်။ ပထမအစာအိမ်သည် နေ့အချိန်တွင် တစ်မိနစ်မှ သုံးမိနစ် တစ်ကြိမ် လှုပ်ရှားကျုံ့ပွခြင်း ပြုလုပ်၍ ၄င်းအထဲရှိအစာများအား ဒုတိယအစာအိမ်သို့ ပို့ပေးခြင်း ပြုလုပ်ပါသည်။ စားမြုံ့ပြန်သတ္တဝါများအနေဖြင့် တစ်နေ့လုံးတွင် ခြောက်နာရီခန့် အစာစားခြင်းပြုလုပ်၍ ရှစ်နာရီခန့် စားမြုံ့ပြန်ခြင်း ပြုလုပ်ပါသည်။ စားမြုံ့ပြန်ရာတွင် ပထမအစာအိမ်၏အပေါ် ဆုံးအလွှာရှိ အစာလုံးအား အစာရေမျိုမှ ပါးစပ်ထဲသို့ ပြန်လည်ထုတ်ယူပြီး ပြန်လည်ဝါးခြင်းဖြစ်သည်။ ယင်းသို့ ဝါးချေရာတွင် အစာလုံးတစ်လုံးအား အကြိမ် လေးငါးဆယ်အထိ ဝါးပြီး ပြန်လည်မျိုချပါသည်။ ဤနည်းဖြင့် ကျွဲ၊ နွားများသည် အစာချေဖျက်ခြင်းလုပ်ငန်းဆောင်ရွက်ပါသည်။ ကျွဲ၊ နွားများ စားမြုံပြန်ခြင်း၏ ရည်ရွယ်ချက်မှာ စားထားသောအစာများ ပိုမိုကြေညက်စေရန်နှင့် ယင်းကဲ့သို့ ဝါးခြင်းဖြင့် ပါးစပ်အတွင်းတွင် သွားရည်များ ပိုမိုထုတ်လုပ်ခြင်းဖြင့် ယင်းသွားရည်များအား မျိုချ၍ ပထမအစာအိမ်သို့ ရောက်ရှိသွားပါက အစာအိမ်အတွင်းရှိ ပိုးများနေနိုင်သည့် ပတ်ဝန်းကျင်အား အက်ဆစ်ဓာတ် လျော့နည်းစေရန် ပြုလုပ်ပေးခြင်းလည်း ဖြစ်သည်။ အရွယ်ရောက်သော နွားတစ်ကောင်သည် တစ်နေ့တာ စားမြုံ့ပြန်ခြင်းဖြင့် ခံတွင်းမှ တံတွေး ဂါလန် ၅ဝ အားထုတ်ပေးလေ့ရှိပါသည်။
ထိုသို့ စားမြုံ့ပြန်ခြင်းနှင့် ပထမအစာအိမ်မှ အချဉ်ဖောက်သည့် ဖြစ်စဉ်တွင် ဓာတ်ငွေ့များ ထုတ်လွှတ်ရာ၌ တစ်နာရီတွင် ဓာတ်ငွေ့ ၂ဝ ကုဗပေထုတ်လုပ်သည့်အတွက် ယင်းဓာတ်ငွေ့များအား လေချဉ်တက်ခြင်းဖြင့် အစာအိမ်အတွင်း ဓာတ်ငွေ့တည်ရှိသည့် ပမာဏအား လျော့နည်းစေပါသည်။ ထိုအခါ အစာအိမ်လေပြည့်ခြင်း ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ကျွဲ၊ နွားများ စားမြုံ့ပြန်မှ နေကောင်းခြင်းလက္ခဏာ တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လယ်ယာလုပ်ငန်းခွင် အဓိကခိုင်းနွားများ၊ နို့ထုတ်လုပ်မှုပြုလုပ်နေသော နို့စားနွားမများ၏ ကျန်းမာခြင်းဆိုင်ရာ လက္ခဏာတစ်ခုဖြစ်သော စားမြုံ့ ပြန်ဖြစ်စဉ်နှင့် နောက်ဆက်တွဲဆိုင်ရာ သတိပြုရမည့် အစာအိမ်လေဖောင်းခြင်းရောဂါကို သိရှိထားနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၄)
No comments:
Post a Comment