ဒေါက်တာနေဝင်း
ကမ္ဘာတစ်ဝန်းရှိ လူတို့ စားသုံးရန်အတွက် ထုတ်လုပ်သည့် အသားအားလုံး၏ ၆၃ ရာခိုင်နှုန်းမှာ ဆိတ်သားဖြစ်ပါသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းအား အပူပိုင်းဒေသများတွင် အများဆုံးမွေးမြူကြပြီး ဆိတ်ကောင်ရေပမာဏ၏ ရာခိုင်နှုန်း ၉ဝ ဖြစ်သော ခန့်မှန်းခြေဆိတ်ကောင်ရေပေါင်း ၅ဝ၄ သန်းအား အာရှဒေသတွင် ၅၆ ရာခိုင်နှုန်း၊ အာဖရိကဒေသတွင် ၃၃ ရာခိုင်နှုန်း၊ တောင်အမေရိကတိုက်အလယ်ပိုင်းနှင့် ကာရေဘီယမ်ဒေသတွင် ၇ ရာခိုင်နှုန်းခန့် မွေးမြူထားရှိပါသည်။
ကမ္ဘာအရပ်ရပ်တွင် မွေးမြူထားသော ဆိတ်မျိုးပေါင်း ၁၁၅၆ မျိုးရှိ၍ ပမာဏအများဆုံး ဆိတ်များကို အာရှနှင့် အာဖရိကဒေသများတွင် မွေးမြူထားရှိကြ၍ ကမ္ဘာ့စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့၏ ၂ဝ၁၂ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်တွင် ဆိတ်ကောင်ရေ သန်းပေါင်း ၉၅၇ ဒသမ ၄ဝ သန်းခန့် မွေးမြူထားရှိကြောင်း သိရသည်။ ယခုအခါတွင် ကမ္ဘာ့ဆိတ်မွေးမြူရေးလုပ်ငန်းမှာ လွန်ခဲ့ သော ၁ဝ နှစ်ကာလအတွင်း အခြား အသားစားတိရစ္ဆာန်မွေးမြူရေးများနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၃ဝခန့် တိုးပွားမွေးမြူလာကြောင်း တွေ့ရှိရပါသည်။
ဆိတ်သား၏ အသားတွင် ပါဝင်သော မော်လီကျူးများ တည်ဆောက်ပုံအရ ကြက်သားနှင့် အမဲသားတို့ထက် အစာကြေနိုင်မှု ပိုရှိပြီး အစာကြေချက်နိုင်မှု ၉၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။ ထို့အပြင် ဆိတ်သားတွင် ကိုလက်စထရောဓာတ်နှင့် မကောင်းသောအဆီဓာတ်များပါဝင်မှု ရာခိုင်နှုန်းနည်းသည်ကိုလည်း တွေ့ရပါ သည်။ ဆိတ်သားတွင်ပါဝင်သော အရိုးအသားပါဝင်မှု အချိုးအစားအားကြည့်ပါက ပျမ်းမျှ (၄ ဒသမ ၇ : ၁)မှ (၃ ဒသမ ၁ : ၁)အတွင်း ရှိပါသည်။
ဆိတ်တစ်ကောင်လုံး၏ အစိတ်အပိုင်းအလိုက် အသားပါဝင်မှု ပျမ်းမျှရာခိုင်နှုန်းအား ကြည့်ပါက ရှေ့လက်တွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊ လည်ပင်းတွင် ၉ ဒသမ ၃ ရာခိုင်နှုန်း၊ ကျောရိုးအပေါ်ဘက်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ကျောရိုးအောက်ဘက်တွင် ၂၅ ဒသမ ၈ ရာခိုင်နှုန်း၊ နောက်ဘက် ခြေထောက်တွင် ၂၈ ဒသမ ၄ ရာခိုင်နှုန်း ရှိပါသည်။
ဆိတ်သားတွင်ပါဝင်သော အာဟာရဓာတ်များအဖြစ် ရေဓာတ် ၇၅ ဒသမ ၄၂ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ဒသမ ၅၅ ရာခိုင်နှုန်း၊ အသားဓာတ် ၁၉ ဒသမ ၉၅ ရာခိုင်နှုန်း၊ သတ္တုဓာတ်ဆား ၁ ဒသမ ဝ၆ ရာခိုင်နှုန်းပါဝင်၍ ချက်ပြုတ်ပြီး ဆိတ်သားတစ်အောင်စတွင် အင်အားဓာတ် ၁၂၂၊ အဆီဓာတ် ၂ ဒသမ ၆ ဂရမ်၊ အသားဓာတ် ၂၃ ဂရမ်၊ ကိုလက်စထရော ၆၃ ဒသမ ၈ မီလီဂရမ်၊ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်တို့ ပါဝင်သည်။
![]() |
ဓာတ်ပုံ - အင်တာနက် |
ဆိတ်တစ်ကောင်တွင်ရှိသည့် အသား၊ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ သရက်ရွက်နှင့် ဦးနှောက်တို့တွင် ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ သံဓာတ်၊ မင်းဂနီဓာတ်တို့ပါဝင်ပြီး လူတို့၏ နှလုံးအား ကျန်းမာစေသည့် ဆိုဒီယမ်ဓာတ်ဆားပါဝင်မှုမှာ အသား ၁ဝဝ ဂရမ်လျှင် ၈၂ မီလီဂရမ်သာ ပါဝင်ပြီး ကိုလက်စထရောဓာတ် ပါဝင်မှုမှာ အသား ၁ဝဝ ဂရမ်လျှင် ၁၁ ဂရမ်သာပါဝင်ကြောင်း တွေ့ရပါသည်။ ထို့ပြင် လူတို့တွင် ဖြစ်တတ်သည့် သွေးအားနည်းမှုရောဂါကို ကာကွယ်ပေးသည့် သွေးနီဥများ ဖြစ်ပေါ်စေသည့် ဗီတာမင်ဘီ ၁၂ နှင့် နီယာစင်ဓာတ်တို့လည်း ပါဝင်ပါသည်။
ဆိတ်သား၏ နူးညံ့မှုနှင့် အနံ့မှာ သိုးသားထက် ပိုမိုကောင်းမွန်၍ ဆိတ်တို့၏ အသက်အရွယ်၊ အထီးအမ၊ မျိုးရိုးဗီဇတို့အပေါ် မူတည်၍ ဆိတ်သား၏ အရည်အသွေးမှာ ကွဲပြားခြားနားသွားပါသည်။ ဆိတ်သားအပါအဝင် အသားအားလုံး၏ အရည်အသွေးအား လွှမ်းမိုးထားသည့်အချက်မှာ အသားထဲတွင် ပါဝင်သည့် ရေဓာတ်ပင်ဖြစ်ပါသည်။ အသားများအားလုံးတွင် ခန့်မှန်းခြေ ရေဓာတ်ပါဝင်မှုမှာ ၇၅ ရာခိုင်နှုန်း ဖြစ်ပါသည်။
ထို့ကြောင့် အသားများစားသုံးရန် တိရစ္ဆာန်များအား သတ်ဖြတ်ရာတွင် တိရစ္ဆာန်သေဆုံးပြီးနောက် အအေးခံခြင်း၊ အေးခဲခြင်းများ ပြုလုပ်ပါက အသားထဲရှိ ရေဓာတ်များက အသားအတွင်းရှိ ငရဲမီးနှင့် ဓာတ်ဆားအနိမ့်အမြင့် ပမာဏ (PH) ကိုပြောင်းလဲစေသည့်အတွက် အသား၏အရည်အသွေး ပြောင်းလဲသွားစေပါသည်။
ဆိတ်သားများကို အရည်အသွေးမပျက်စေရန် ချက်ပြုတ်စားသောက်ရာတွင် အပူချိန်နိမ့်နိမ့်ဖြင့် ကြာရှည်စွာ ချက်ပြုတ်ရန်လိုအပ်သည့်အတွက် အပူချိန် ၁ဝဝ ဒီဂရီ စင်တီဂရိတ်အောက်ထား၍ ချက်ပြုတ်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုတို့၏ ကျန်းမာရေးနှင့် သင့်တော်၍ အခြားအသားများထက် အထောက်အကူပြုနိုင်သည့် ဆိတ်သားစားသုံးခြင်းမှ ရရှိနိုင်သည့် အာဟာရဓာတ်များနှင့် စားသုံးပုံ စားသုံးနည်းများအား သိရှိနိုင်ပါရန် စုစည်းရေးသား တင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၀)
No comments:
Post a Comment