ကိုသက်
ပြီးခဲ့တဲ့အပတ် ဒို့ကျေးရွာဂျာနယ်မှာ နို့စားနွားမွေးမြူရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်း စီမံခန့်ခွဲမှုခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားတင်ပြခဲ့ပြီး ဘာကြောင့် မေထုန်မဲ့သားစပ်လုပ်ငန်းကို ဆောင်ရွက်ရတယ်ဆိုတာနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ မေထုန်မဲ့သားစပ်လုပ်ငန်းမှာ လိုအပ်ချက်နှစ်ရပ်ရှိနေကြောင်း တင်ပြခဲ့ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ မျိုးနွားသိုးတွေကို ရွေးချယ်နိုင်ဖို့နဲ့ မျိုးနီးသားစပ်ခြင်း မဖြစ်ရအောင် သေသေ ချာချာ စီမံခန့်ခွဲဖို့ဆိုတဲ့ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အပူပိုင်းဒေသနိုင်ငံ တစ်နိုင်ငံဖြစ်ပေမယ့် နို့စားနွားမွေးမြူရေး အလွန်ထွန်းကားတဲ့ အစ္စရေးလ်နိုင်ငံမှာ အဲဒီလိုအပ်ချက်တွေ မဖြစ်ပေါ်ရအောင် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို တင်ပြသွားပါမယ်။
နို့စားနွားမျိုး ဖော်ထုတ်ခြင်း
အစ္စရေးလ်နိုင်ငံကို ၁၉၄၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်မီ အနှစ် ၂၀ လောက်ကတည်းက ဥရောပတိုက်က ဂျူးလူမျိုးတွေဟာ အဲဒီနေရာမှာ ဝင်ရောက်အခြေချနေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပသားတွေနဲ့အတူ နို့နဲ့ နို့ထွက်ပစ္စည်း စားသောက်မှုကလည်း အတူပါလာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အစ္စရေးလ်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရဲ့ ရာသီဥတုဟာ အပူပိုင်းရာသီဥတုဖြစ်ပြီး နာမည်နဲ့လိုက်အောင် ပူပြင်းလှပါတယ်။ ဒါကြောင့် ရာသီဥတုအေးမြတဲ့ သမပိုင်းဒေသ ဥရောပက ယူဆောင်လာတဲ့ နို့ထွက်နှုန်းမြင့် နို့စားနွားတွေဟာ အစ္စရေးလ်မြေမှာ ကောင်းကောင်း မရှင်သန်နိုင်ပါဘူး။ နို့ထွက်နှုန်းကလည်း ကျဆင်းသွားပါတယ်။ ဒါကြောင့် သူတို့ဟာ အစ္စရေးလ်ရဲ့ ရေမြေ ရာသီဥတုနဲ့ကိုက်ညီပြီး နို့ထွက်နှုန်းကောင်းတဲ့ နို့စားနွားမျိုးတစ်ခုကို ဖန်တီးယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါကြောင့် နယ်သာလန်နိုင်ငံက နို့ထွက်နှုန်း အလွန်ကောင်းမွန်တဲ့ နို့စားနွားမျိုးဖြစ်တဲ့ ဖရစ်ရှန်နွားမျိုးနဲ့ အစ္စရေးလ် မြေက အပူဒဏ်ခံနိုင်တဲ့ ဒမက်စကက်နွားမျိုးတွေကို ကပြားသားစပ်ပြီး အစ္စရေးလ်နို့စားနွားမျိုးတစ်မျိုးအဖြစ် ထွက်ပေါ်လာအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ကပြားဖြစ်အောင် သားစပ်ယူလိုက်ရုံနဲ့ အစ္စရေးလ်နို့စားနွားမျိုး ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ အဲဒီလို သားစပ်ပြီး ရလာတဲ့ နွားတွေရဲ့ နို့ထုတ်လုပ်မှု၊ ရာသီဒဏ် ခံနိုင်မှု စတာတွေကို သေသေချာချာ စိစစ်မှတ်တမ်းတင်ပြီး နို့ထွက်လည်းကောင်း၊ ရာသီဒဏ်လည်း ခံနိုင်တဲ့နွား တွေကို အဆင့်ဆင့်ရွေးချယ်ပြီးမှ နွားမျိုးတစ်မျိုးအဖြစ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာ စိစစ်အကဲဖြတ်မှုတွေရဲ့ အဆုံးမှာတော့ အစ္စရေလီဟော့စတိန်း ဆိုတဲ့ နွားမျိုးကို ရရှိလာတာ ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - greenwaymyanmar.com |
မေထုန်မဲ့သားစပ်လုပ်ငန်း
ကိုယ်ပိုင်နွားမျိုး ရလာပြီဆိုတဲ့နောက်တွင်လည်း ဆွေနီးမျိုးဆက်သားစပ်တာမျိုး မရှိအောင်၊ နို့ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်၊ မြှင့်တင်နိုင်အောင်နဲ့ ရာသီဥတုဒဏ်ကို ဆက်လက်ပြီး ခံနိုင်ရည်ရှိအောင် မေထုန်မဲ့သားစပ်လုပ်ငန်းကို စနစ်တကျ တည်ဆောက်ပြီး စီမံခန့်ခွဲရပါတယ်။
မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ခြင်း
အစ္စရေးလ်တွင် နွားမတွေကို မေထုန်မဲ့ သားစပ်နည်းနဲ့ သားစပ်နိုင်ဖို့ SION ဆိုတဲ့ ကုမ္ပဏီတစ်ခုတည်းက တာဝန်ယူထားပါတယ်။
မေထုန်မဲ့သားစပ်လုပ်ငန်းကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ SION ဟာ မျိုးနွားသိုးတွေရဲ့ အရည်အသွေးနဲ့ မျိုးနီးသားစပ်မဖြစ်အောင် စီမံခန့်ခွဲမှုဆိုတဲ့ အချက်နှစ်ချက်ကို အဓိကထားကိုင်တွယ်ထားပါတယ်။
အစ္စရေးလ်နိုင်ငံထဲမှာ နို့စားနွားတွေရဲ့ မျိုးဗီဇအရည်အသွေးကို လေ့လာဆန်းစစ်တဲ့ လုပ်ငန်းကို တစ်နှစ် နှစ်ကြိမ်နှုန်း လုပ်ဆောင်ပါတယ်။ SION ရဲ့ နွားသိုးတွေရော၊ မွေးမြူရေးသမားတွေ ပိုင်ဆိုင်တဲ့ နို့စားနွားမတွေပါ အဲဒီ လေ့လာဆန်းစစ်မှုမှာ ပါဝင်ပါတယ်။ နို့ထွက်နှုန်း၊ ရာသီဒဏ်ခံနိုင်မှု၊ အစာကနေ နို့အဖြစ် ပြောင်းလဲနှုန်း၊ ရောဂါကင်းစင်မှု စသည်ဖြင့် တိုင်းတာစစ်ဆေးတဲ့ စံသတ်မှတ်ချက်တွေကို Israli Selection Index ဆိုပြီး ကြိုတင်ပြုစုထားပါတယ်။
SION ဟာ တစ်နှစ်ကို နွားသိုးအကောင် ၅၀ ခန့် ဝင်ရောက် စစ်ဆေးခံပါတယ်။ အဲဒီနွားသိုးတွေရဲ့ မျိုးရည်ကို ထုတ်ယူပြီး တစ်နိုင်ငံလုံးမှာ အကောင်းဆုံးဆိုတဲ့ နွားမတွေကို မေထုန်မဲ့နည်းနဲ့ သားစပ်နိုင်ပါတယ်။ မေထုန်မဲ့သားစပ်ပြီး မွေးလာတဲ့နွားလေးကို အထူးကြပ်မတ် ဂရုစိုက်မွေးမြူပြီး မျိုးနွားသိုးအဖြစ် ပြန်လည်စမ်းသပ်စစ်ဆေးဖို့ ဖြစ်ပါတယ်။
အဲဒီလို ပြန်လည်ဝယ်ယူထားတဲ့ နွားငယ်လေးကို “က” လို့ အမည်ပေးထားတယ် ဆိုပါစို့။ “က” အသက် ၁၄ လသားမှာ မျိုးရည်စတင်ထုတ်ယူပါတယ်။ နောက်ထပ်နှစ်လအတွင်းမှာ တစ်ပတ်ကို နှစ်ကြိမ်နှုန်း ဆက်လက် စုဆောင်းရယူပါတယ်။ ရလာတဲ့မျိုးရည်တွေကို နွားမအကောင် ၁၀၀၀ မှာ မေထုန်မဲ့နည်းနဲ့ သားစပ်ပေးပါတယ်။ အဲဒီလို သားစပ်လို့ ရလာတဲ့ နွားကလေးအကောင် ၁၀၀၀ (“က” ရဲ့ သားသမီးတွေ)ထဲက နွားမလေးတွေ ကို “ခ” တွေလို့ အမည်ပေးကြပါစို့။
“ခ”နွားမလေးတွေကို နို့စားနွားမကြီးတွေဖြစ်လာအောင် ဆက်လက်မွေးမြူပြီး နို့ထွက်နှုန်း ကောင်း၊ မကောင်း ဆက်လက် လေ့လာပါတယ်။ “က” ဆီက မျိုးရည် စထုတ်တဲ့ အချိန်က စပြီး ရေတွက်ရင် ငါးနှစ်အကြာမှာ နွားထီးလေး “က” ရဲ့ သမီးတွေဖြစ်တဲ့ “ခ” နွားမလေးတွေဟာ နို့ထွက် တကယ်ကောင်း မကောင်း သိရပါပြီ။
အဲဒီငါးနှစ်တာကာလအတွင်း မှာ နွားသိုး “က” ထံက မျိုးရည်တွေကို တစ်ပတ် နှစ်ကြိမ်နှုန်း ထုတ်ယူပြီး စုဆောင်းထားပါတယ်။ ငါးနှစ်ပြည့်လို့ သူ့ရဲ့ သမီး “ခ” တွေဟာ နို့ထွက်ကောင်းမွန်တယ်၊ ကျန်းမာရေးကောင်းတယ်၊ ရာသီဒဏ်ကို ခံနိုင်တယ် စသည်ဖြင့် အရည်အသွေးတွေ ပြည့်စုံကောင်းမွန်မှ “က” ကို မျိုးနွားသိုးအဖြစ် သတ်မှတ်ပါတယ်။ အဲဒီလို မျိုးအဖြစ် အသုံးပြုဖို့ သင့်လျော်တယ်လို့ အသိအမှတ်ပြုပြီးမှသာလျှင် ငါးနှစ်အတွင်း စုဆောင်းသိုလှောင်ထားတဲ့ မျိုးရည်တွေကို နွားခြံတွေက နွားမတွေမှာ မေထုန်မဲ့သားစပ်နည်းနဲ့ သားစပ်ဖို့ ခွင့်ပြုပါတယ်။
တကယ်လို့ “က” ရဲ့ သမီး နို့စားနွားမ “ခ” တွေဟာ နို့ထုတ်လုပ်မှု မကောင်းဘူးလို့ အဖြေထွက်ရင် “က” ကို SION ရဲ့ မျိုးနွားသိုးစာရင်းထဲ အဝင်မခံတော့ဘဲ ဖယ်ရှားပစ်ပါတယ်။ ငါးနှစ်အတွင်း ထုတ်ယူထားတဲ့ သူ့ရဲ့မျိုးရည်တွေကိုလည်း မေထုန်မဲ့သားစပ်လုပ်ငန်းမှာ အသုံးမပြုတော့ဘဲ ဖျက်ဆီးပစ်လိုက်တယ်။
မျိုးနီးသားစပ်မဖြစ်အောင် စီမံခန့်ခွဲမှု
အစ္စရေးလ်နိုင်ငံက နို့စားနွားခြံ ၉၀၀ အတွက် တစ်နှစ်ကို နွားသိုးအကောင် ၂၀ ခန့်ရဲ့ မျိုးရည်တွေကို ဖြန့်ဝေတာ ဖြစ်ပါတယ်။ SION ရဲ့ နွားသိုးတွေဟာလည်း အရည်အသွေးကောင်းတယ်ဆိုပေမယ့် မွေးမြူရေးခြံတွေကနေ ပြန်လည်ရွေးချယ်ရယူထားတဲ့ နွားသိုးတွေသာ ဖြစ်ပါတယ်။ သူတို့ဆီက မျိုးရည်ကို မေထုန်မဲ့သားစပ်နည်းနဲ့ သားစပ်မှာကလည်း မွေးမြူရေးခြံတွေက နွားမတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေရာမှာမဟုတ် တစ်နေရာမှာ သူနဲ့ ဆွေမျိုးတော်စပ်မှု အလွန်နီးကပ်တဲ့ နွားမတွေနဲ့ သားစပ်မိတာမျိုး ကြုံရနိုင်ပါတယ်။ မျိုးနီး သားစပ်သာဖြစ်ရင် မွေးလာတဲ့ နွားမလေးတွေမှာ နို့ထွက်နှုန်းကျတာ၊ ရာသီဒဏ်မခံနိုင်တာ၊ ရောဂါထူပြောတာ စတဲ့ အားနည်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို ရှောင်လွှဲဖို့ SION က နည်းပညာရဲ့အကူအညီကို ရယူပါတယ်။
မွေးမြူရေးခြံတိုင်းမှာ နွားမတစ်ကောင်ချင်းစီရဲ့ အချက်အလက်တွေကို စက္ကူကတ်ပြားနဲ့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီ နွားမရဲ့မိခင်က ဘယ်သူ၊ ဖခင်က ဘယ်ဝါဆိုတာကအစ ပါဝင်ပါတယ်။ နွားမရဲ့ရာဇဝင်ဟာ နို့စားနွားခြံပိုင်ရှင်မှာသာမက SION ရဲ့ ကွန်ပျူတာစနစ်ထဲမှာလည်း ရှိနေတာပါ။ ကတ်ပြားပေါ်မှာ နွားမတစ်ကောင်ချင်းစီအတွက် ဘားကုဒ်တွေကပ်ထားပေးပါတယ်။
ခြံကို မေထုန်မဲ့သားစပ်ဖို့ SION က ကျွမ်းကျင်သူလာပြီဆိုရင် သားစပ်မယ့်နွားမရဲ့ ဘားကုဒ်ကို ကွန်ပျူတာဖြင့် ဖတ်လိုက်ပါတယ်။ အဲဒီလို ဖတ်လိုက်တယ် ဆိုတာနဲ့ နွားမရဲ့ ဆွေစဉ်မျိုးဆက်ကို ကွန်ပျူတာစနစ်က ရှာဖွေပါတယ်။ အဲဒီနောက် နိုက်ထရိုဂျင်အိုးထဲက မျိုးရည်ထည့်ထားတဲ့ ပလတ်စတစ်ချောင်း (Straw) ကို ထုတ်ယူပြီး သူ့အပေါ်မှာ ရေးထားတဲ့ကုဒ်ကို စက်နဲ့ထပ်ပြီး ဖတ်ယူတဲ့အခါ မေထုန်မဲ့သားစပ်မယ့် နွားမနဲ့ မျိုးရည်ပိုင်ရှင် နွားသိုးတို့ဟာ ဆွေမျိုးဘယ်လောက် တော်တယ်ဆိုတာကို တွက်ထုတ်ပေးပါတယ်။ နွားမရော၊ မျိုးနွားသိုးရောရဲ့ ရှေ့က မျိုးဆက်သုံးဆက်ကို ကွန်ပျူတာက စစ်ဆေးပြီး ဆွေမျိုးနီးစပ်မှု အညွှန်းကိန်း (Inbreeding coefficient) ကို တွက်ထုတ်ယူပါတယ်။ အညွှန်းကိန်းက ၃ ဒသမ ၁၂၅ ရာခိုင်နှုန်း အောက်နည်းနေမယ်ဆိုရင် ဆွေမျိုး အလွန်ကို ဝေးတာကြောင့် အဲဒီမျိုးရည်နဲ့ မေထုန်မဲ့ သားစပ်ပေးပါတယ်။ တကယ်လို့ အညွှန်းကိန်းက ၃ ဒသမ ၁၂၅ ရာခိုင်နှုန်း အထက်ကို ရောက်နေရင်တော့ မျိုးရည်ကို ဖယ်ရှားလိုက်ပြီး အခြားနွားသိုးတစ်ကောင်ရဲ့ မျိုးရည်ပလတ်စတစ်ချောင်းကို ထပ်မံထုတ်ယူစစ်ဆေးပါတယ်။ သတ်မှတ်ချက်နဲ့ကိုက်ညီမှုရှိမှ မေထုန်မဲ့ သားစပ်ပေးပါတယ်။
ဒါကတော့ မေထုန်မဲ့သားစပ်လုပ်ငန်းမှာ မျိုးနီးသားစပ် မဖြစ်ရအောင် အစ္စရေးလ်နိုင်ငံမှာ ဘယ်လိုစီမံကွပ်ကဲသလဲဆိုတဲ့ အတွေ့အကြုံလေးပါ။
အနှစ်ချုပ်
အဓိကကတော့ အရည်အသွေးမြင့်တဲ့ မျိုးနွားသိုးတွေ ဘယ်လိုရှာဖွေမွေးမြူပြီး မျိုးထိန်းခြင်း၊ မျိုးမြှင့်ခြင်း ဆောင်ရွက်ကြမလဲ၊ မျိုးနီးသားစပ် မဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုတဲ့ အချက်တွေက မဖြစ်မနေ စဉ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။ အစ္စရေးလ်လို ခေတ်မီနည်းပညာတွေကို အသုံးမပြုနိုင်သေးရင်တောင် တတ်နိုင်တဲ့နည်းတွေနဲ့ စပြီး ချဉ်းကပ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မေထုန်မဲ့သားစပ်နည်းနဲ့ တစ်နှစ်ကို ဘယ်နှကောင် သားစပ်တယ်၊ ဘယ်နှကောင်မွေးတယ်ဆိုတာ မျိုးလောက်ကို ဂုဏ်ယူနေရင် မြန်မာနိုင်ငံရဲ့ နို့စားနွားမွေးမြူရေးနဲ့ နို့ထုတ်လုပ်မှုက ဘယ်လိုမှ ရှေ့ရောက်ဖို့ မဖြစ်နိုင်ပါကြောင်း စေတနာကောင်းနဲ့ မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃)
No comments:
Post a Comment