July 14, 2020

အိမ်ခြံဝင်းစိုက်ပျိုးရေးနှင့် မိသားစုကျန်းမာရေး

  ဒေါက်တာစိန်လှဗိုလ်

"အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ပတ်လုံး ခူးဆွတ်စားသုံးနိုင်တဲ့အပင်မျိုးများကို ဦးစားပေးစိုက်ပျိုးထားရန် လိုအပ်သကဲ့သို့ ရာသီအလိုက်စားသုံးရတဲ့ နှစ်ရှည်စားသုံးသီးပင်များအပြင် အိမ်ထောင်စုဝင်မိသားစုများ စားသုံးနိုင်ရန်အတွက် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်များနဲ့ အလှစိုက်ပန်းပင်များကိုလည်း တွဲဖက်စိုက်ပျိုးနိုင်ပါတယ်" 
 
အိမ်ခြံဝင်းစိုက်ပျိုးရေးလို့ဆိုရာမှာ တစ်အိမ်နဲ့ တစ်အိမ်အကြားနဲ့ လမ်းနဲ့အိမ်များအကြား ခြံစည်းရိုးများဖြင့် ခြားနားကာရံစိုက်ပျိုးထားခြင်းနဲ့ မြေကွက်လပ်၊ မြေပိုနေရာများမှာ စားသုံးသီးနှံများကို စိုက်ပျိုးစနစ်ဖြစ်ပါတယ်။ အပင်များ စိုက်ပျိုးနိုင်ရန်အတွက်မှာမူ ခြံစည်းရိုးတစ်လျှောက် မြေသားများရှိနေကာ ဝါး၊ သစ်သားစတဲ့ သင့်တော်တဲ့ခြံစည်းရိုးများ ကာရံထားတဲ့ အိမ်မျိုးဖြစ်ရန် လိုပါတယ်။ ကျေးလက်တောရွာများမှာမူ အပင်များနဲ့ ခြံစည်းရိုးကာရံထားမှုများကိုလည်း တွေ့ရပါတယ်။ ခြံစည်းရိုးကို အုတ်တံတိုင်းသဘောမျိုးခတ်ထားသော် ခြံစည်းရိုးတစ်လျှောက်မှာ အပင်စိုက်ပျိုးထားရန် မြေမရှိတဲ့အတွက် အခက်အခဲရှိနိုင်ပါတယ်။

ဓာတ်ပုံ - IDES.com

        အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ပတ်လုံး ခူးဆွတ်စားသုံးနိုင်တဲ့အပင်မျိုးများကို ဦးစားပေးစိုက်ပျိုးထားရန် လိုအပ်သကဲ့သို့ ရာသီအလိုက်စားသုံးရတဲ့ နှစ်ရှည်စားသုံးသီးပင်များအပြင် အိမ်ထောင်စုဝင်မိသားစုများ စားသုံးနိုင်ရန်အတွက် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်များနဲ့ အလှစိုက်ပန်းပင်များကိုလည်း တွဲဖက်စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်သီးနှံများတွင် သစ်သီးဝလံပင်များ၊ ဟင်းသီးဟင်းရွက်ပင်များအပြင် ဟင်းခတ်အမွှေးအကြိုင် အပင်များနဲ့ ဆေးဖက်ဝင်အပင်မျိုးများကိုလည်း စိုက်ပျိုးထားနိုင်မှာ ဖြစ်ပါတယ်။ နှစ်ရှည်စားသုံးသီးပင်များအနက် တစ်နှစ်ပတ်လုံး စားသုံးနိုင်တဲ့ အပင်မျိုးများမှာ အရွက်စား ဟင်းသီးဟင်းရွက်ပင်များအဖြစ် ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ပင်၊ ပေါက်ပန်းဖြူပင်၊ ဒန့်သလွန်ပင်နဲ့ ရဲယိုပင် စသည်တို့ကို လွယ်ကူစွာ စိုက်ပျိုးထားနိုင်ပါတယ်။ ဒန့်သလွန်ပင်၊ ပေါက်ပန်းဖြူပင်၊ ကြောင်လျှာပင်စတဲ့ ပင်စည်ထောင်မတ်ပေါက်တတ်တဲ့ အပင်များကို ခြံစည်းရိုးတွင် စည်းရိုးတိုင်အပင် (Live post) အဖြစ်ပင် ထည့်သွင်းစိုက်ပျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခြံစည်းရိုးတန်းအဖြစ် ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ပင် (အောက်မြန်မာနိုင်ငံမှာ ဆူးပုပ်ကြီးနဲ့ အထက်အညာဒေသမှာ ဆူးပုပ်ကလေးပင်မျိုးများကို စိုက်ပျိုးစားသုံးမှုများပါတယ်)၊ မန်ကျည်းပင် (စိုက်ပျိုးတဲ့အလေ့နည်းသော်လည်း စာရေးသူစိုက်ပျိုးထားပါတယ်)များကို အတန်းလိုက် စိပ်စိပ်စိုက်ပေးထားကာ အချိန်မှန်ကိုင်းဖြတ်ပုံသွင်းခြင်း၊ အညွန့်များကို ပုံမှန်ဖြတ်ယူစားသုံးခြင်းဖြင့် အမြဲလှသေသပ်နေတဲ့ ခြံစည်းရိုးအဖြစ်လည်း ရှိနေစေမှာဖြစ်ပါတယ်။ စိုက်ပျိုးထားတဲ့ အပင်တန်းများကို ပုံမှန်ကိုင်းဖြတ် ပုံသွင်းပေးထားခြင်းဖြင့် အရွက်နုများကို နှစ်ပတ်လည်ခူးဆွတ်စားသုံးနိုင်မှာ ဖြစ်ပါတယ်။၏

သစ်သီးဝလံပင်များအနက် ပြုစုရန် လွယ်ကူပြီး အကြမ်းခံကာ ဒေသမှာလည်း ကောင်းစွာစိုက်ပျိုး ဖြစ်ထွန်းနိုင်မယ့် အပင်မျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်အပင်ကြီးမျိုးများအနက် သရက်ပင်များကို နိုင်ငံရဲ့ဒေသအနှံ့မှာ လွယ်ကူစွာ စိုက်ပျိုးထားနိုင်ပါတယ်။ ဆီးဖြူပင်၊ သလဲပင်၊ သံပုရာပင်များကဲ့သို့ ဆေးဖက်ဝင်တဲ့အပင်များကိုလည်း မြေလွတ်နေရာများမှာ အခြားအပင်များနဲ့အတူ ရောနှောစိုက်ပျိုးထားသင့်ပါတယ်။ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်ကဲ့သို့ ရာသီဥတုအေးမြတဲ့ ဒေသများမှာ ထောပတ်ပင်၊ မက်မန်းပင်၊ လိမ္မော်ပင်ကဲ့သို့သော သစ်သီးပင်များကို စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်ပင်များကို စိုက်ပျိုးတဲ့အခါ အပင်အမျိုးအစားအလိုက် ကြီးထွားဖွံ့ဖြိုးမှုအခြေအနေကို သိရှိထားရန်နဲ့ အပင်တစ်ပင်ရဲ့အရိပ်က အခြားအပင်ကို မိုးမထားစေနိုင်ရန်အတွက် လိုအပ်တဲ့ ကိုင်းဖြတ်၊ ကိုင်းရှင်းခြင်းများ၊ အပင်ပုံသွင်းပြုပြင်မှုများကို နှစ်စဉ်ဆောင်ရွက်ပေးရန် လိုပါတယ်။ နှစ်စဉ် ကိုင်းဖြတ်၊ ကိုင်းရှင်းပြုလုပ်ပေးခြင်းဖြင့် အပင်ပုံနဲ့ အဝန်းအဝိုင်းကို နှစ်စဉ် ထိန်းသိမ်းပေးထားနိုင်စေပြီး အိမ်ခြံဝင်းကိုလည်း လှပနေစေမှာဖြစ်ပါတယ်။ အိမ်နီးချင်းများနဲ့ ဘုံအသုံးပြုနေရတဲ့ ခြံစည်းရိုးများလည်း ရှိကြတဲ့အတွက် တစ်ဦးတည်း အိမ်ခြံဝင်းပတ်လည်စိုက်ပျိုးရန် နေရာအခက်အခဲရှိနိုင်ပါတယ်။ ထိုအခါ အိမ်နီးချင်းများနဲ့ နားလည်မှုယူကာ အပင်များကို အတူစိုက်ပျိုးစားသုံးနိုင်ကြပါတယ်။ လမ်းဘက်မှာရှိနေတဲ့ ခြံစည်းရိုးကိုမူ စိတ်တိုင်းကျ စိုက်ပျိုးထားနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - mdn.gov.mm


သစ်သီးဝလံပင်များတွင် သရက်ပင်ဟာ မြန်မာနိုင်ငံအနှံ့မှာ လွယ်ကူစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့အတွက် အိမ်ခြံဝင်းများမှာ အနည်းဆုံးတစ်ပင်မှ နှစ်ပင် စိုက်ပျိုးထားသင့်ပါတယ်။ မိုးသင့်တင့်စွာ ရွာသွန်းတဲ့ဒေသများ၊ ရေရနိုင်တဲ့ ဒေသများမှာ အုန်းပင်ကိုလည်း စိုက်ပျိုးသင့်ပါတယ်။ သရက်ပင်ဟာ အထူးပြုစု စောင့်ရှောက်ရန်မလိုဘဲ ဖြစ်ပေါ်လာတဲ့ ရာသီဥတုအခြေအနေအလိုက် နှစ်စဉ် ပွင့်သီးမှု၊ နှစ်ခြားသီးမှုမျိုးကိုသာ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ အပင်အရပ်နဲ့ အပင်ပုံကို ထိန်းနိုင်စေရန်အတွက် နှစ်စဉ် ကိုင်းရှင်း၊ ကိုင်းဖြတ် ပြုပြင်ပေးရန်တော့ လိုမှာဖြစ်ပါတယ်။ သရက်ပင်မှ ထွက်ရှိလာတဲ့ ဖူးပွင့်စပန်းခိုင်အရွယ်မှ စတင်ကာ အသီးကင်းအရွယ်မှ အသီးရင့်မှည့်သည်ထိ အသီးကြီးထွားမှု အဆင့်တိုင်းကို ဟင်းသီးဟင်းရွက်အဖြစ်နဲ့ သစ်သီးအဖြစ် စားသုံးနိုင်တာဖြစ်တဲ့အတွက် မိသားစုအာဟာရနဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုစေပါ တယ်။ အသီးကို စားသုံးရန်ထက် အရွက်နုများကို စားသုံးရန်အတွက် သီဟိုဠ်ပင်၊ ဥသျှစ်ပင်တို့ကိုလည်း စိုက်ပျိုးနိုင်သကဲ့သို့စောင်းလျားပင်၊ သင်္ဘောပင် စတဲ့ သစ်သီးပင်များကိုလည်း ခြံစည်းရိုးမှာဖြစ်စေ၊ အိမ်ခြံဝင်းအတွင်းရနိုင်တဲ့ မြေနေရာမှာဖြစ်စေ တွဲဖက်စိုက်ပျိုးထားနိုင်ပြီး အပင်အလတ်အရွယ်များ ဖြစ်ကြတဲ့ သံပုရို၊ သလဲ၊ ခံပင်တို့ကိုလည်း ဆေးဖက်ဝင်ပင်များအဖြစ် စိုက်ပျိုးထားသင့်ပါတယ်။

အိမ်ခြံဝင်းအတွင်းရနိုင်တဲ့ မြေနေရာများတွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်များကိုလည်း စိုက်ပျိုးစားသုံးကြရန် ဖြစ်ပါတယ်။ ရာသီဟင်းသီးဟင်းရွက်များတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်တဲ့ ဟင်းနုနယ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ အချို့ မုန်ညင်းမျိုး စတဲ့ အရွက်စားဟင်းသီးဟင်းရွက်များကို ဧရိယာသတ်မှတ်စိုက်ပျိုးထားပြီး အပင်ကို နုတ်ယူစားသုံးခြင်းမပြုဘဲ အရွက်များ၊ အညွန့်များကိုသာ ခူးဆွတ်စားသုံးခြင်းဖြင့် စိုက်ခင်းများတွင် ကာလကြာရှည်ထား စားသုံးနိုင်စေမှာ ဖြစ်ပါတယ်။ 

အသီးစားဟင်းသီးဟင်းရွက်များအနက် စိုက်ပျိုးရန် လွယ်ကူတဲ့ သခွား၊ ကင်းပုံ၊ ပဲတောင့်ရှည်စတဲ့ နွယ်တက်တဲ့ အပင်မျိုးများကိုမူ တိုင်များ၊ တန်းများဖြင့် စိုက်ပျိုးထားနိုင်သကဲ့သို့၊ ခြံစည်းရိုးများပေါ် နွယ်တက်ကြီးထွားစေခြင်းဖြင့်လည်း မြေဧရိယာကို အကျိုးရှိစွာ အသုံးချပေးနိုင်ပါတယ်။ ရုံးပတီပင်ဟာလည်း စိုက်ပျိုးရလွယ်ကူကာ လူကြိုက်များလာတဲ့ ဟင်းသီးပင်ဖြစ်ပါတယ်။ ငရုတ်စပ်မျိုးများအနက် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ကာလကြာရှည်ထား စိုက်ပျိုးခူးဆွတ် စားသုံးနိုင်မယ့် မိုးမျှော်၊ ကုလားအော်၊ မိသားစုစတဲ့ မျိုးများကို အပင်အရေအတွက် အနည်းငယ် စိုက်ပျိုးစားသုံးသင့်ပါတယ်။ (ငရုတ်ချိုအတောင့်ပွမျိုးများကို စိုက်ပျိုးနိုင်သော်လည်း အစပ်မျိုးလောက် အသုံးမများသေးပါ) ခရမ်း၊ ခရမ်း ချဉ်စတဲ့ အသီးစားဟင်းသီးဟင်းရွက်ပင်များကိုမူ စားသုံးလိုတဲ့မျိုးများကို စနစ်တကျ လေ့လာရွေးချယ်ပြီးမှသာ မိသားစုစားနိုင်မယ့်ပမာဏကို ရရှိနိုင်စေရန် အပင်အရေအတွက် သတ်မှတ်စိုက်ပျိုးသင့်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတဲ့အပင်များတွင် ပင်စိမ်း၊ စပါးလင်တို့ကို အပင်အနည်းငယ်စိုက်ပျိုးပြီး ရှမ်းနံနံနဲ့ ကြက်သွန်မြိတ်၊ ကွီးဆိုင် (တရုတ်ကြက်သွန်မွှေး)၊ ပူဒီနာစတဲ့ အပင်များကိုမူ အခြားသောအပင်များကြားတွင် သီးညှပ်အဖြစ် စိုက်ပျိုးထားသင့်ပေတယ်။ ပျဉ်းတော်သိမ်ကဲ့သို့သော အပင်လတ်မျိုးများကိုမူ အခြားသော အပင်ကြီးများနဲ့အတူ စိုက်ပျိုးထားရန် ဖြစ်ပါတယ်။ ရွှေဖရုံ၊ ကျောက်ဖရုံနဲ့ နွေပဲ ခေါ်  ပဲပုစွန်ကဲ့သို့သော နွယ်တက်ပင်များကို အပင်ကြီးများပေါ် သို့မဟုတ် ဓနိ၊ ထန်း၊ ဝါးကပ်စတဲ့ အပင်ထွက်ပစ္စည်းများနဲ့ မိုးထားတဲ့ အဆောက်အဦများရဲ့ အမိုးများပေါ် ပေးတက်စေကာ အသီးများကို ခူးဆွတ်စားသုံးနိုင်ပါတယ်။ ဂေါ်ရခါး၊ ဘူးစတဲ့ အပင်များကိုမူ မြေနေရာ ရရှိနိုင်မှုပေါ် မူတည်ပြီး စင်များထိုးကာ စိုက်ပျိုးပေးပြီး အရွက်၊ အညွန့်နဲ့ အသီးများကို ခူးဆွတ်စားသုံးနိုင်ကြမှာ ဖြစ်ပါတယ်။

နှစ်ရှည်သီးနှံများနဲ့ ရာသီသီးနှံများကို စိုက်ပျိုးရာတွင် အပင်များအတွက် လိုအပ်တဲ့ အစာအာဟာရများကို ကျွေးမွေးပေးရန် လိုအပ်ပါတယ်။ ပုံမှန်စိုက်ပျိုးစားသုံးပါက ဓာတ်မြေသြဇာများကို ဝယ်ယူအသုံးပြုနိုင်သော်လည်း စားသုံးမယ့်မိသားစုရဲ့ ကျန်းမာရေးအတွက် စိတ်ချစေနိုင်ရန် ရနိုင်သမျှသော နွားချေး၊ ကြက်ချေးစတဲ့ တိရစ္ဆာန်စွန့်ပစ္စည်းများ၊ သစ်ရွက်ဆွေးစတဲ့ သဘာဝမြေဆွေးများကိုသာ အတတ်နိုင်ဆုံး ပြုလုပ်အသုံးပြုကြရန် ဖြစ်ပါတယ်။ ရပ်ကွက်များ၊ ကျေးရွာများအတွင်းမှာ စိုက်ပျိုးထားတဲ့အပင်များ ဖြစ်တဲ့အတွက် ဓာတုနည်းနဲ့ ဖော်စပ်ထားတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို အသုံးမပြုသင့်ပါ။ အပင်အခြေခံ ပြုလုပ်အသုံးပြုနိုင်တဲ့ အော်ဂင်းနစ်ပိုးသတ်ဆေးများနဲ့ မှိုသတ်ဆေးများကိုသာ အသုံးပြုကြရန်ဖြစ်ပါတယ်။ 

ရာသီသီးနှံ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြရာတွင် မြေသြဇာကောင်းမွန်စေရန်အတွက် သီးနှံမျိုးအလိုက် မြေပြုပြင်စဉ်ကပင် နွားချေး၊ ကြက်ချေး၊ မြေဆွေးများကို ထည့်သွင်းပေးထားပြီး အပင်ကြီးထွားမှုအဆင့်အလိုက် ထပ်မံဖြည့်စွက်ကျွေးမွေးပေးရန် ဖြစ်ပါတယ်။ အော်ဂင်းနစ်အခြေခံပိုးနဲ့ မှိုသတ်ဆေးများကိုသာ အသုံးပြုခြင်းဖြင့် မိသားစုများ အန္တရာယ်ကင်းစွာ စားသုံးစေနိုင်မှာဖြစ်ပါတယ်။ သီးနှံများကို လိုအပ်တဲ့ပမာဏကိုသာ ခူးဆွတ်စားသုံးခြင်းဖြင့် အလေအလွင့်မရှိစေဘဲ လတ်ဆတ်စွာ စားသုံးနိုင်တဲ့အပြင် သီးနှံများမှာ ပါဝင်နေတဲ့ အာဟာရဓာတ်များ လျော့နည်းပျောက်ဆုံးမှုနည်းပါးစေကာ စားသုံးသူများရဲ့ ကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေပါတယ်။                  

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)

No comments:

Popular Posts