July 10, 2020

မှိုတက်သောအစားအစာများမှ ဖြစ်ပွားရသည့်ရောဂါများ

 ဒေါက်တာသက်လွင် 

‘ကောက်ပဲသီးနှံများအနေဖြင့် ရိတ်သိမ်းပြီးခါစတွင် ရေခိုးရေငွေ့ကုန်စေရန် သေချာစွာနေလှန်းခြင်း၊ အခြောက်ခံခြင်းတို့ ပြုလုပ်ခြင်းဖြင့် မှိုမပေါက်အောင် ကာကွယ်နိုင်သည်’ 

        အစားအစာတို့တွင် သဘာဝ အလျောက်ပေါက်ပွားသော မှို (Fungus)နှင့် တစေး (Yeast)တို့ မျိုးစိတ်ပေါင်း ရာနှင့်ချီရှိသည်။

ရှင်သန်ခြင်း

        အစားအစာမှိုတို့သည် စေးပျစ်မှု နှစ်မှ ကိုးအထိနှင့် အပူချိန် ၁ဝ ဒဂရီစင်တီဂရိတ် ၃၅ ဒီဂရီ စင်တီဂရိတ်၌ ရှင်သန်နိုင်ပြီး တစေးသည် စိုစွတ်သောသဘာဝကို ကြိုက်သည်။

တွေ့ရှိခြင်း

        ကောက်ပဲသီးနှံများ၊ ပြောင်း၊ ဂျုံ၊ စပါး၊ အခွံမာ စသောအသီးများ၊ သစ်သီးများ စသည်တို့ မရိတ်သိမ်းမီနှင့် သိုလှောင်ထားချိန်တွင် ပေါက်ပွားလာပြီး အသီးအနှံများ ပျက်စီးပုပ်သိုးစေသည်။  မှိုများပေါက်ခြင်းဖြင့် ကောက်ပဲသီးနှံ၏ မူလအရောင်၊ အဆင်း၊ အနံ့တို့ပျောက်သွားကာ ရံဖန်ရံခါ သာမန်မျက်စိဖြင့်ကြည့်၍ မမြင်နိုင်သည့်မှိုများကို ဓာတ်ခွဲခန်း၌ စစ်ဆေးသင့်သည်။

အန္တရာယ်ရှိခြင်း

        အစားအစာတွင် မှို၊ တစေးများ အယ်ဖာတောက်ဆင်မှိုဆိပ် ပါဝင်ခြင်းသည် စားသုံးသူများကို ကင်ဆာကဲ့သို့ နာတာရှည်ရောဂါ ဖြစ်စေရုံသာမက လုပ်ငန်းရှင်များ စီးပွားရေးထိခိုက်စေသည်။ အစားအသောက်များမှ ပေါက်ပွားလာသော မှိုဆိပ်များက စားသုံးသူအတွက် အန္တရာယ်ဖြစ်လာသည်။ စားသုံးအန္တရာယ်ဖြစ်စေသော မှို ဆိပ်ကို မိုက်ကိုတောက်ဆင်ဟု ခေါ်ပြီး သာမန်ချက်ပြုတ်ရုံအပူချိန်ဖြင့် ယင်းအဆိပ်တို့ မပျက်စီးနိုင်ပါ။ အစားများထုတ်လုပ်စဉ် မှိုများပျက်စီးသည့်တိုင် မှိုဆိပ်များကား အစာထဲတွင် ဆက်လက်ကျန်ရှိနေပါသည်။ မှိုဆိပ်၊ မိုက်ကိုတောက်ဆင်တို့၏အန္တရာယ်တို့ကို ကမ္ဘာတစ်ဝန်းရင်ဆိုင်ရသည်။

ဖြစ်စဉ်များ

        မှိုနှင့် မှိုဆိပ် စမ်းသပ်ရှာဖွေခြင်း၊ သုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို လွန်ခဲ့သော ၂၅ နှစ် က စတင်ဖော်ထုတ်လုပ်ကိုင်နိုင်ခဲ့ပြီး မှိုကြောင့် လူများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ၁၉ ရာစု၌ ဥရောပနှင့် အာဖရိကတို့တွင် မှိုဆိပ်ပါဝင်သော ကောက်ပဲသီးနှံ (လူး၊ ပြောင်း၊ ဂျုံ)တို့ကို စားမိခြင်း၊ ၁၉၄၃ မှ ၁၉၄၇ ခုနှစ်တွင် ရုရှားနိုင်ငံ၌လည်းကောင်း၊ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၅ ခုနှစ်တွင် တိုကျို၌လည်းကောင်း၊ ၁၉၇၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၌လည်းကောင်း မှိုတက်နေသော ဆန်ကို စားမိ၍ မှိုတောက်ခြင်းဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်က ရုရှားတွင် ဖြူဆေးရီးယားမှိုတစ်မျိုးပါသော ကောက်ပဲသီးနှံများ စားမိ၍ မှိုဆိပ်သင့်ကြရသည်။

ဓာတ်ပုံ - alef.ir


အန္တရာယ်

        မှိုဆိပ်အမျိုးပေါင်း ၄ဝဝ ကျော်ရှိရာ အများစုမှာ လူနှင့် နို့တိုက်သတ္တဝါအားလုံးအတွက် အန္တရာယ်ရှိသည်။ မှိုဆိပ်အယ်ဖာတောက်ဆင်ပါသော ပြောင်း၊ ဂျုံတို့ကို စားမိပါက လူကိုဘေးဖြစ်စေ သည်။ အယ်ဖာတောက်ဆင်ဘီဝမ်းသည် မျိုးရိုးဗီဇဆဲများပြောင်းလဲခြင်း၊ သန္ဓေသားချို့တဲ့ခြင်းနှင့်  ကင်ဆာတို့ ဖြစ်စေသည်။ စားမိသော မှိုဆိပ်က ကျောက်ကပ်တွင် အများဆုံးစုဝေးပြီး အသည်း၊ အဆီ၊ အသားတို့မှာ စုဝေးသည်။ နို့နှင့် နို့ထွက်ပစ္စည်းများတွင်လည်း အော်ခရာဟောက်ဆင်အေကြောင့် လူတွင် ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါဖြစ်စေသည်။ မှိုဆိပ်ပါသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ စားသောက်မိခြင်းထက် မှိုဆိပ်ပါသော ကောက်ပဲသီးနှံတို့ကို တိုက်ရိုက်စားသုံးမိခြင်းက စားသုံးသူ၏ ကျန်းမာရေးကို ပိုမိုထိခိုက်စေသည်။

မှိုဆိပ် ပါ မပါ ရှာဖွေခြင်း

        သာမန်မျက်စိဖြင့် မမြင်နိုင်၊ အီလိုင်ဇာဆေးဖြင့် ကြည့်ရှုပါက မှိုဆိပ် ပါ မပါ သိနိုင်သည်။ မှိုဆိပ် ပျံ့နှံ့နေသော အစားအစာ၌ မူလအရောင်အဆင်းမရှိခြင်း၊ အစက်အပြောက်ပါနေခြင်း ချွဲကျိနေခြင်းတို့ တွေ့နိုင်သည်။

ကာကွယ်တားဆီးခြင်း

        အစားအစာထုတ် လုပ်ငန်းစဉ်တစ်လျှောက် အသား၊ နှံစားဆီ၊ နှမ်းဆီတို့မှ မှိုများပါဝင်မှု ရှိ၊ မရှိ တစ်ခါတည်းစစ်ဆေးကြည့်ရှုပြီးမှ  ထုတ်လုပ်သင့်သည်။ ရက်လွန်ထက် ပိုဆိုးသည်။ ကောက်ပဲသီးနှံများ အနေဖြင့် ရိတ်သိမ်းပြီးခါစတွင် ရေခိုးရေငွေ့ကုန်စေရန် သေချာစွာ နေလှန်းခြင်း၊ အခြောက်ခံခြင်းတို့ ပြုလုပ်ခြင်းဖြင့် မှိုမပေါက်အောင် ကာကွယ်နိုင်သည်။ အချို့နိုင်ငံများတွင် မှိုတက်သောအစားအစာများကို ဖျက်ဆီးပစ်ရုံသာမက ဓာတုပစ္စည်းဖြင့်လည်း မှိုဆိပ်များဖျက်ဆီးတတ်သည်။ အက်စစ်များ၊ အယ်ကာလီများနှင့် အချို့ဓာတ်ငွေ့ တို့သုံးစွဲ၍ မှိုဆိပ်ကိုဖျက်ဆီးနိုင်သည်ဟုဆိုသည်။ မှိုကိုတားဆီးရန် မှိုတားဆေးများ အသုံးပြုနိုင်သည်။ မှိုတက်နေသော ရက်လွန်အစားအစာများ ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ကင်ဆာ

        အချို့သောအစားအစာများတွင် ယင်းအစာမှထုတ်လုပ်သော အဆိပ်များအပြင် စားသုံးသူနှင့် မတည့်သောပစ္စည်းများ၊ ကင်ဆာဖြစ်စေသော အစားအစာများ (ဓာတုဆိုးဆေးများနှင့် အရက်မသန့်ရှင်းမှု)ပါဝင်နေသည်။ အထူးသဖြင့် မှိုတက်နေသောပီလောပီနံဥများ၊ မျောက်ဥမှိုတက်များ၊ မှိုတက်နေသောမြေပဲဆန်များ၊ ကွမ်းသီးခြမ်းမှိုတက်များ၊ ငရုတ်သီးမှိုတက်များ၊ ကုလားပဲနှင့် ဆန်မှိုတက်များသည် အဆိပ်အတောက်ဖြစ်စေ၍ စုပုံကာ ဟိုက်ဒရိုဆိုင်ယာနစ်အက်ဆစ်ဖြစ်စေကာ ကင်ဆာကိုဖြစ်စေသည်။

သံသရာ

        မှိုများသည် သိုလှောင်ထားသောသီးနှံများ၊ စိုက်ခင်းထဲရှိ သီးနှံများမှတစ်ဆင့် မှိုဆိပ်များစုဝေးကာ အစားအစာများ၊ တိရစ္ဆာန်များသို့လည်းကောင်း၊ ယင်းမှတစ်ဆင့် နို့နှင့် နို့ထွက်ပစ္စည်းအနေဖြင့်လည်းကောင်း၊ တိုက်ရိုက်စားသုံးမိခြင်းဖြင့်လည်းကောင်း  လူသို့ရောက်ရှိပြီး မှိုဆိပ်တက်သော ရောဂါလက္ခဏာများပြခြင်း ဖြစ်သည်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၃)

No comments:

Popular Posts