ဟင်းသီးဟင်းရွက်များဟာ လူသားများရဲ့ ကျန်းမာရေးနဲ့ အာဟာရဓာတ်ရရှိစေရေးတို့အတွက် အရေးပါတဲ့ အပင်အုပ်စုဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် အဖြစ် စားသုံးတဲ့ အပင်များစွာရှိကြရာ၊ နိုင်ငံနဲ့လူမျိုးအလိုက် စားသုံးမှုတူညီတဲ့အပင်များ ရှိကြသကဲ့သို့ မတူကွဲပြားခြားနားကြတဲ့ အပင်များကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံများတည်ရှိရာဒေသရဲ့ ရာသီဥတုပေါ်မူတည်ကာ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အပင်အမျိုးအစားများ မတူညီကြတဲ့အတွက် စားသုံးကြတဲ့ အပင်အမျိုးအစားများလည်း ကွာခြားနိုင်ပါတယ်။ ထို့အပြင် ဒေသရှိလူမျိုးများနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာများအရလည်း စားသုံးမှု မတူကွဲပြားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသ ရာသီဥတုရှိတဲ့ နိုင်ငံများမှာ ဟင်းသီးဟင်းရွက်မျိုး များစွာကို ဒေသအလိုက်၊ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုမှာ စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်မျိုးများစွာကိုလည်း စိုက်ပျိုးစားသုံးနေကြတာကို တွေ့နိုင်ပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
မြန်မာနိုင်ငံမှာ ဒေသအလိုက် တိုင်းရင်းသားလူမျိုးများအလိုက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးစားသုံးနေကြသကဲ့သို့ ဒေသအသီးသီးမှာ သဘာဝအလျောက် ပေါက်ရောက်နေကြတဲ့ အပင်များကိုလည်းဟင်းသီးဟင်းရွက်အဖြစ် စားသုံးနေကြတာကိုတွေ့ရပါတယ်။ အချို့ အပင်များမှာ သစ်သီးဝလံအဖြစ် အဓိကစားသုံးကြသော်လည်း ဟင်းသီးဟင်းရွက်အဖြစ်လည်း စားသုံးနေကြပါတယ်။ အချို့မှာ သစ်တောပင်များ၊ အလှစိုက်အပင်များ၊ အရိပ်ရပင်များ ဖြစ်ကြပါတယ်။ ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြရာတွင် အပင်အမျိုးအစားအလိုက် အပင်တစ်ပင်လုံးကိုဖြစ်စေ၊ အပင်ရဲ့ အင်္ဂါအစိတ်အပိုင်းများကိုဖြစ်စေ စားသုံးကြပါတယ်။ အပင်ရဲ့ အင်္ဂါအစိတ်အပိုင်းအလိုက် စားသုံးမှုများအနက် ပန်းပွင့်၊ ပန်းခိုင်၊ ပန်းဖူး သို့မဟုတ် ပန်းပွင့်ရဲ့ အစိတ်အပိုင်းများကို စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်များ ရှိကြပါတယ်။ အချို့မှာ ဒေသတိုင်းတွင် စားသုံးနေကြတဲ့ အပင်များဖြစ်ကြသော်လည်း အချို့အပင်များမှာမူ ဒေသအချို့မှာသာ စားသုံးနေကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပန်းပွင့်၊ ပန်းခိုင်၊ ပန်းဖူး သို့မဟုတ် ပန်းပွင့်ရဲ့ အင်္ဂါအစိတ်အပိုင်းများကို စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်ပင် အချို့ကို ဖော်ပြလိုက်ပါတယ်။
ပန်းမုန်လာ(ပန်းပွင့်)
ပန်းမုန်လာ သို့မဟုတ် ပန်းပွင့်ကိုတော့ နေရာဒေသတိုင်းမှာ စားသုံးနေကြတာဖြစ်တဲ့အတွက် လူတိုင်း သိနေကြတာ ဖြစ်ပါတယ်။ မုန်ညင်း၊ မုန်လာနဲ့ ဂေါ်ဖီထုပ်အုပ်စုဝင်အပင် ဖြစ်ပါတယ်။ ပန်းပွင့်အဖြစ် ပီပြင်စွာ မဖြစ်လာသေးတဲ့ စတင်ဖြစ်ပေါ်လာစပန်းဖူးငယ်များ စုပေါင်းဖြစ်နေတဲ့ အစုအဝေးကို စားသုံးကြတာဖြစ်ပါတယ်။ ပန်းဖူးငယ်များ အစုအဝေးဟာ အဖြူရောင်ရှိနေကာ ကျစ်လစ်သိပ်သည်းနေမှုနဲ့ အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းသတ်မှတ်ရောင်းချကြပါတယ်။ အအေးကြိုက်ပင်မျိုးဖြစ်ပါတယ်။ စိုက်ပျိုးနိုင်တဲ့ဒေသများပြားတဲ့အတွက် တစ်နှစ်လုံးနီးပါး စျေးကွက်မှာ ရနိုင်သော်လည်း ရာသီအလိုက် စျေးနှုန်းကွာခြားတာကို တွေ့ရပါတယ်။
ဓာတ်ပုံ - အင်တာနက် |
ပန်းမုန်လာစိမ်း(ဘရိုခိုလီ)
ပန်းမုန်လာနဲ့ မျိုးစုတူအပင်မျိုးဖြစ်ကာ ပြည်တွင်းမှာ ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်မှ စတင်စမ်းသပ်စိုက်ပျိုးခဲ့တဲ့ ပန်းမုန်လာကဲ့သို့အဖြူရောင် ပန်းဖူးအစုအဝေး မဟုတ်ဘဲ အစိမ်းရောင်ရှိတဲ့ ပန်းဖူးအစုအဝေးဖြစ်ပါတယ်။ပန်းမုန်လာလောက် လူသိမများသေးသော်လည်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်ကြောင်း သိလာရတဲ့အတွက် ယခုအခါ စားသုံးမှုများလာတာကို တွေ့ရပါတယ်။ အအေးကြိုက်အပင်မျိုးဖြစ်ပါတယ်။ ပန်းမုန်လာကဲ့သို့ ကြာရှည်အထားမခံဘဲ ပန်းဖူးများ အဝါရောင်ပြောင်းမှုမြန်တဲ့အတွက် ရေခဲနှင့် သိုလှောင်ထားရပါတယ်။ ပန်းမုန်လာထက် နူးညံ့ကာ အနံ့ပိုမိုကောင်းမွန်ပြီး အစိမ်းလိုက်စားသုံးမှု များလာတာကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံ - အင်တာနက် |
မုန်ညင်းဖူး (မုန်ညင်းစိမ်း၊ မုန်ညင်းဖြူမျိုးများ)
အရွက်ကို အဓိကစားသုံးရန်အတွက် မုန်ညင်းမျိုးများကို စိုက်ပျိုးကြတာများပါတယ်။ သို့သော် အရွက်အဆင့်တွင် နုတ်ယူရောင်းချမှု မပြုနိုင်ဘဲ အချိန်လွန်သွားတဲ့အခါ စိုက်ခင်းတွင် ဆက်လက်ထားပေးခြင်းဖြင့် ပန်းခိုင်၊ ပန်းဖူးများ ထွက်လာပါတယ်။ ပန်းခိုင်များမှ ပန်းများမပွင့်မီအဆင့်မှာ ခူးယူကာ ပန်းခိုင်နဲ့အတူ အရွက်များပါ ချက်ပြုတ်စားသုံးကြပါတယ်။ မုန်ညင်းဖြူမျိုးများကို စားသုံးမှုများသော်လည်း မုန်ညင်းစိမ်းမျိုးကိုလည်း စားသုံးကြတာ တွေ့ရပါတယ်။ အသီးကင်းဝင်စအရွယ်ထိ ခူးဆွတ်ရောင်းချကြပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
ကိုက်လန်(ကိုင်းလန်)
မုန်ညင်း၊ မုန်လာအုပ်စုဝင်အပင် ဖြစ်ကာ ပန်းခိုင်ဖူးထွက်ချိန်မှာ ခူးဆွတ်စားသုံးတဲ့ မြန်မာနိုင်ငံမှာ စားသုံးမှုများလာတဲ့ အပင်ဖြစ်ပါတယ်။ ပန်းဖူးများ ပွင့်အာမလာမီ အဖူးအဆင့်မှာ ဖြတ်ယူနိုင်မှသာ အပင်ရဲ့ မူလအရသာကို ရရှိခံစားစေနိုင်မှာဖြစ်ပါတယ်။ ပန်းခိုင်ဖူးနဲ့အတူ ဖုဖောင်းနေတဲ့ ပင်စည်နဲ့ အရွက်များကိုလည်း အတူရောနှော ချက်၊ ကြော် စားသုံးတဲ့အပင် ဖြစ်ပါတယ်။ စျေးကွက်မှာ အမြဲနီးပါး ရရှိနိုင်ကြသော်လည်း၊ အေးမြတဲ့ဆောင်းရာသီမှာ ဖြတ်ယူရောင်းချတဲ့ အပင်များက အရည်အသွေး ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အပင်များကတော့ မုန်ညင်း၊ မုန်လာ၊ ဂေါ်ဖီထုပ်အုပ်စုဝင် အပင်မျိုးများ ဖြစ်ကြပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
ကြက်သွန်နီနဲ့ ဂျူးဖူးများ
ကြက်သွန်နီကို ဥစားအဖြစ် လည်းကောင်း၊ မြိတ်စားအဖြစ်လည်းကောင်း အဓိကစိုက်ပျိုးကြပါတယ်။ ဥစားအဖြစ် စိုက်ပျိုးတဲ့အခါ ရာသီဥတုအေးလာပါက ဥစတင်မဖြစ်မီ ဖူးတံထွက်လာနိုင်ပါတယ်။ ထွက်လာတဲ့ဖူးတံကို ဆက်လက်ထားခဲ့ပါက ကြက်သွန်ဥမဆင်း (ဥမဖြစ်) လာနိုင်တော့ဘဲ ပန်းခိုင်မှ ပန်းပွင့်များ ပွင့်လာစေမှာဖြစ်ပါတယ်။ အစေ့မှ ပျိုးထောင်စိုက်ပျိုးကြတဲ့ အပင်များမှ ပန်းခိုင်ထွက်၊ ပန်းပွင့်လာပြီးနောက် မျိုးစေ့ခံယူရရှိနိုင်သော်လည်း မျိုးမှန်ကန်မှုအတွက် စိတ်မချရပါ။ ဥအတွက်သာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ သို့အတွက် ထွက်လာတဲ့ဖူးတံများမှ ပန်းပွင့်မလာမီ ဖူးတံများကို ဖြတ်ယူကြရပါတယ်။ ဖူးတံချိုးတယ်လို့ ခေါ် ကြပါတယ်။ ဖူးတံများကို ရောင်းချစားသုံးကြတာ ဖြစ်ပါတယ်။
ဂျူးကိုတော့ အမြစ်ကို အဓိကစားသုံးရန် စိုက်ပျိုးကြတာဖြစ်ပါတယ်။ အပင်မှဖူးတံထွက်လာတဲ့အခါမှာ ကြက်သွန်နီဖူးတံကဲ့သို့ပင် ချိုးယူရောင်းချစားသုံးကြပါတယ်။ ဂျူးဖူးတံမှ ပန်းပွင့်လာနိုင်သော်လည်း မျိုးစေ့မရနိုင်ပါ။ ရာသီစာအဖြစ် ကြက်သွန်နဲ့ ဂျူးဖူးများကို အသားများနဲ့ ကြော်စားခြင်း၊ သုပ်စားခြင်းနည်းများကို အများဆုံး တွေ့ရပါတယ်။ ဂျူးနဲ့ ကြက်သွန်နီပင်များဟာ မျိုးရင်းတူအပင်များ ဖြစ်ကြပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
ဖရုံပွင့်
ရွှေဖရုံကို အသီးအဖြစ် အဓိကစားသုံးရန် စိုက်ပျိုးကြတာဖြစ်ပါတယ်။ ရွှေဖရုံပင်မှ အဖိုပွင့်နဲ့ အမပွင့်ဆိုပြီး တစ်ပင်တည်းမှ ပန်းပွင့်နှစ်မျိုးထွက်ပါတယ်။ (အမပွင့်များသာပွင့်တဲ့ ရွှေဖရုံမျိုးများလည်း မျိုးမွေးမြူ ထုတ်လုပ်ကြပါတယ်)။ အမပွင့်ထက် အဖိုပွင့်အရေအတွက်ကများပါတယ်။ အမပွင့်များကသာ အသီးသီးတာဖြစ်ပါတယ်။ သို့သော် အဖိုပွင့်များကိုလည်း ခူးယူစားသုံးလာကြတာကို တွေ့ရပါတယ်။ ရွှေဖရုံအဖိုပွင့်များအပြင် ဖရုံသခွား သို့မဟုတ် နွယ်မဲ့ဖရုံ သို့မဟုတ် ဇူခီးနီပင်မှ အဖိုပွင့်များကိုလည်း စားသုံးကြပါတယ်။
ပေါက်ပန်းဖြူပွင့်
ပေါက်ပန်းဖြူပင်ရဲ့ အရွက်ကို အဓိကစားသုံးကြတာဖြစ်သော်လည်း ပန်းပွင့်များကိုလည်း အရွက်နည်းတူ အတို့အမြှုပ်အဖြစ် စားသုံးကြပါတယ်။ ကျန်းမာရေးတွင် အထောက်အကူပြုနိုင်ကြောင်း သိလာကြတဲ့အတွက် ပေါက်ပန်းဖြူပွင့်စားသုံးမှုလည်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ (ပေါက်ပန်းနီပင်ကိုလည်း စားသုံးနိုင်ပါတယ်။ သို့သော် စိုက်ပျိုးမှုနည်းနေတာကို တွေ့ရပါတယ်)။
ဓာတ်ပုံ - အင်တာနက် |
သခွတ်ပွင့်
စားသုံးသီးပင်အဖြစ် စိုက်ပျိုးမှုမရှိသော်လည်း ပန်းပွင့်များကို စားသုံးမှုများပြီး လူကြိုက်များတဲ့ အပွင့်ဖြစ်ပါတယ်။ ရာသီစာအဖြစ် အပွင့်ခြောက်များ ပြုလုပ်စားသုံးကြသကဲ့သို့ အပွင့်ခြောက်များကို သိုလှောင်ပြီး စားသုံးနိုင်ကြပါတယ်။ ကြော်ချက်စားသုံးမှုများပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
မလွှပွင့်
သခွတ်ပွင့်ကဲ့သို့ပင် စားသုံးသီးပင်အဖြစ် စိုက်ပျိုးမှုမရှိပါ။ သစ်တောပင်၊ အရိပ်ရပင်အဖြစ်သာ စိုက်ပျိုးထားတာဖြစ်သော်လည်း၊ အပင်မှ ကြွေကျလာတဲ့ ပန်းပွင့်များကို စုဆောင်းကာ အခြောက်ပြုလုပ် ကြော်ချက်စားကြတဲ့ ရာသီစာအပွင့် ဖြစ်ပါတယ်။
ကြောင်လျှာပွင့်
ကြောင်လျှာပင်ဟာလည်း စားသုံးသီးပင်အဖြစ် သီးသန့်စိုက်ပျိုးမှု မရှိပါ။ လမ်းဘေးမှာ အိမ်ခြံဝင်းများမှာသာ စိုက်ပျိုးလေ့ရှိပါတယ်။ အသီးကို အဓိကထား စားသုံးကြသော်လည်း ကြောင်လျှာရွက်နဲ့ ကြောင်လျှာပွင့်များကိုလည်း အတို့အမြှုပ်ပြုလုပ် စားသုံးလာကြတာကို တွေ့ရပါတယ်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)
No comments:
Post a Comment