အောင်ဆန်း (စိုက်ပျိုးရေး)
“ယခုအခါ ကမ္ဘာအနှံ့တွင် လူသားတိုင်းဟာ လုံခြုံမှုမရှိတဲ့ စားနပ်ရိက္ခာများ၊ အရည်အသွေးမပြည့်မီတဲ့ စားနပ်ရိက္ခာများ၏ ခြောက်လှန့်မှုကို နေ့စဉ်နဲ့အမျှ အထိတ်တလန့် ကြုံတွေ့ခံစားနေကြရပါတယ်”
ကမ္ဘာ့လူဦးရေ တိုးတက်မှုနှုန်းဟာ အလွန်လျင်မြန်စွာ တိုးတက်နေပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့လူဦးရေဟာ ကိုးဘီလီယံကျော်ဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ လူဦးရေတိုးတက်လာတာနဲ့အမျှ လူတို့ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံများ ပြောင်းလဲလာတာ တွေ့ရတယ်။ ကမ္ဘာ့ကုန်သွယ်မှု ရောင်းဝယ်ဖောက်ကားမှုများမှာ စားနပ်ရိက္ခာ ရောင်းဝယ်ဖောက်ကားမှုဟာ ပမာဏထက်ဝက်ကျော်ခန့် ပါဝင်နေတာ တွေ့ရတယ်။ ဤမျှ ပမာဏကြီးမားလှတဲ့ စားနပ်ရိက္ခာရောင်းဝယ်မှုမှာ စားနပ်ရိက္ခာ စိတ်ချလုံခြုံရေးနဲ့ အရည်အသွေးကောင်းမွန်သော စားနပ်ရိက္ခာများ ဖြစ်တည်ရေးတို့ဟာ လူသားအားလုံးအတွက် ပြင်းပြစွာ တောင့်တနေသောအရာ ဖြစ်နေပါတယ်။
ကမ္ဘာ့လူသားအားလုံးဟာ လုံခြုံစိတ်ချရသော စားနပ်ရိက္ခာများကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်မှုမရှိကြခြင်း၊ ဘေးအန္တရာယ် ကျရောက်စေတဲ့ ဓာတုပစ္စည်းများ၊ သက်ရှိပစ္စည်းများ၊ ရုပ်၀တ္ထုပစ္စည်းများမှတစ်ဆင့် မသန့်ရှင်းသော အစားအစာဖြစ်စေခြင်း၊ ရုတ်တရက် ကပ်ရောဂါသဖွယ် ဖြစ်ပေါ် ခြင်းများ ကြုံတွေ့လာကြရပါတယ်။ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ လူဦးရေ ၃၀ ရာခိုင်နှုန်းအထိ စားနပ်ရိက္ခာမှတစ်ဆင့် သယ်ဆောင်ကူးစက်ကာ ဖျားနာသည့် ရောဂါများ နှစ်စဉ် အလူးအလဲ ခံစားလာကြရတယ်။ ၁၉၉၉ ခုနှစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှစ်စဉ် အသက်ငါးနှစ်အောက်ကလေး ဦးရေသန်းပေါင်း ၁၅၀၀ ကျော်ဟာ အစာမှတစ်ဆင့် ကူးစက်၍ ဝမ်းပျက်ဝမ်းလျောရောဂါ ခံစားကြရတယ်။ အဲဒီအထဲက လူသုံးသန်းကျော်ဟာ အသက်စတေးခံလိုက်ကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ အစီရင်ခံစာများ ဖော်ပြထားတာ တွေ့ရပါတယ်။
ကူးစက်ပြန့်ပွားတဲ့ရောဂါဟာ နောက် ၁၀ စုနှစ် တစ်နှစ်အတွင်း အဆပေါင်း ၃၀၀ မှ ၅၀၀ အထိ ပြန့်ပွားလာနိုင်ပြီး ကမ္ဘာတစ်ဝန်း ပြန့်ပွားနေတဲ့ ရောဂါများထက်ပင် ပိုဆိုးနိုင်တယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာများမှတစ်ဆင့် သယ်ဆောင်ဖြစ်ပွားစေသော ရောဂါများမှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများမှတစ်ဆင့် ပါလာကြောင်း တွေ့ရပါတယ်။ ရောဂါသယ်ဆောင်လာမှုပမာဏ နည်းပါးသော်လည်း ၎င်းဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများမှ ပါလာသော ရောဂါကူးစက်ပြန့်ပွားမှုမှာ အစဉ်တိုးတက် ပြန့်ပွားနေတာကို တွေ့ရပါတယ်။
၁၉၆၉ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ တင်သွင်းခဲ့သော အမဲသားမှပါလာတဲ့ နွားရူးရောဂါဟာ အင်္ဂလန်နိုင်ငံမှာ ကူးစက်ပြန့်ပွားခဲ့ရာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပါတယ်။ ရက်စ်ဗယ်ရီသီးမှတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးကြောင့် အမေရိကန်၊ ကနေဒါ၊ ဂွာတီမာလာနိုင်ငံတို့မှာ လူပေါင်း ၁၃၆၅ ဦး မကျန်းမာသည့် ဒုက္ခခံစားခဲ့ကြရပါတယ်။ ၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံတွင် အမဲသားမှတစ်ဆင့် (E.coli) (EC.O.157:H7) ပိုး ပြန့်ပွားကူးစက်မှုခံခဲ့ကြရပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဘယ်လ်ဂျီယံနိုင်ငံတွင် ဝက်သားမှတစ်ဆင့် Dioxin ပိုး ကူးစက်မှု စိုက်ပျိုးရေးလုပ်ငန်းမှတစ်ဆင့် ကူးစက်ပြန့်နှံ့ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံမှာ စည်သွတ်လိမ္မော်ရည်မှတစ်ဆင့် ပါလာတဲ့ Salmonella ဘက်တီးရီးယားရောဂါပိုးကြောင့် လူပေါင်း ၅၀ ကျော် ဖျားနာမှုကို ခံစားကြရပါတယ်။ ၂၀၀၁ ခုနှစ်မှ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ မှိုတစ်မျိုးမှာ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုကြောင့် စားသုံးသူများ မူးဝေ အော့အန်တဲ့ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ကြက်၊ ငှက် တုပ်ကွေးရောဂါမှာ စွန့်ပစ်အမှိုက်ပုံကတစ်ဆင့် ကူးစက်လာကြောင်း တွေ့ရပါတယ်။ အမေရိကန်နိုင်ငံတွင် Green Onion မှပါလာတဲ့ အသည်းရောင် အသားဝါရောဂါမျိုးကြောင့် လူပေါင်း ၄၀၀ ကျော် ခန့် မကျန်းမမာဖြစ်ကာ လေးဦး အသက်စတေးခံခဲ့ရပါတယ်။
ဓာတ်ပုံ - need-myanmar.org
၂၀၀၄ ခုနှစ် အမေရိကန်နိုင်ငံ ၁၈ ပြည်နယ်နဲ့ ကနေဒါနိုင်ငံတို့မှာ ခရမ်းချဉ်မှာပါလာတဲ့ Salmonella ဘက်တီးရီးယားရောဂါပိုးကြောင့် လူပေါင်း ၅၆၁ ဦး မကျန်းမမာဖြစ်ပြီး ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံတွင် ကင်ချီမှပါလာသော ရောဂါဖြစ်စေတဲ့ ကပ်ပါးပိုးဥများကို အစုလိုက် အပြုံလိုက် ဖျက်ဆီးပစ်ခဲ့ရခြင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ပီလောပီနံသကြားလုံးမှာ ဓာတ်ကြွင်းပါဝင်တဲ့အတွက် အလယ်တန်းကျောင်းသားလေးများ ၂၄ ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ ၂၀၁၁ ခုနှစ် ဥရောပစားနပ်ရိက္ခာထွက်ကုန်များမှ (E.coli' O104:H4)ရောဂါပိုးတွေ့ ရှိတဲ့အတွက် တင်းကြပ်စွာ စိစစ် ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဘုရားပွဲ၌ လူ ၃၀၀ ကျော် အစာအဆိပ်သင့်၍ မူးဝေအော့အန်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျောင်းသားကလေးငယ် ၁၀ ဦး ပိုးသတ်ဆေးထုပ်နှင့် အအေးထုပ် မှားသောက်မိရာမှ အသက်စတေးခံလိုက်ရခြင်း၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အလှူပွဲ၌ ကျွေးမွေးသော ထမင်း၊ ဟင်း အစာအဆိပ်သင့်ခံရတဲ့အတွက် လူ ၃၀၀ ကျော် ဆေးရုံသို့ ပို့လိုက်ရခြင်း၊ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် စာသင်ကျောင်းမှ ကျွေးမွေးသော ထမင်းဟင်းမှ အစာအဆိပ်သင့်ခံရပြီး ကျောင်းသားငယ် ၃၀ ဦး ဆေးရုံသို့ တင်ပို့လိုက်ရခြင်းဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပါတယ်။
ယခုအခါ ကမ္ဘာအနှံ့တွင် လူသားတိုင်းဟာ လုံခြုံမှုမရှိတဲ့ စားနပ်ရိက္ခာများ၊ အရည်အသွေးမပြည့်မီတဲ့ စားနပ်ရိက္ခာများ၏ ခြောက်လှန့်မှုကို နေ့စဉ်နဲ့အမျှ အထိတ်တလန့် ကြုံတွေ့ခံစားနေကြရပါတယ်။ လုံခြုံစိတ်ချရသော စားနပ်ရိက္ခာများ၊ အရည်အသွေးကောင်းမွန်သော စားနပ်ရိက္ခာများကို အာသာငန်းငန်း အပူတပြင်း တောင့်တလာကြပါတယ်။ လုံခြုံမှုမရှိသော အစားအစာများ၊ အရည်အသွေးမမီသော အစားအစာများကို မှီဝဲ စားသုံးကြရမည်ကို အသက်နှင့် ရင်း၍ ကျီးလန့်စာစား ဖြစ်လာကြပါတယ်။
ဤကဲ့သို့ အစားအစာများ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန်၊ ကုစားရန် သိပ္ပံပညာရှင်များက အပူတပြင်း စဉ်းစားလာခဲ့ကြရာ ပထမခြေလှမ်းအဖြစ် အော်ဂင်းနစ် စားနပ်ရိက္ခာများ ထုတ်လုပ်ခြင်းကို ခြေလှမ်းပြင်ခဲ့ကြပါတယ်။ ဓာတ်မြေဩဇာများဟာ မြေဆီလွှာကို ဓာတုအကျိုးသက်ရောက်မှုမျိုးကိုသာ စွမ်းဆောင်နိုင်ကြောင်း၊ ဇီ၀မြေဩဇာများဟာလည်း မြေဆီလွှာကို ဇီ၀ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများအတွက်သာ စွမ်းဆောင်နိုင်ကြောင်း၊ သဘာ၀မြေဩဇာများဟာ မြေဆီလွှာရဲ့ ဂုဏ်သတ္တိအားလုံးကို အကျိုးသက်ရောက်မှု ရှိကြောင်းကို နားလည်လာကြပါတယ်။ ဒီအတွေးအခေါ် အယူအဆကြောင့် နောက်ပိုင်းမှာ ဓာတ်မြေဩဇာများနဲ့ သဘာ၀မြေဩဇာ များကို ရောစပ်အသုံးပြုမှုဟာ ကျယ်ကျယ်ပြန့်ပြန့် နေရာရလာတာ တွေ့ရပါတယ်။
သဘာ၀မြေဩဇာများတွင် ကြံမြှုပ်ချေးကို မြေဆွေးရရှိရန် ထုထည်ပစ္စည်းအဖြစ် အသုံးပြုသော သဘာ၀မြေဩဇာ၊ စွန့်ပစ်အမှိုက်ကို မြေဆွေးပမာဏရရှိစေရန် ထုထည်ပစ္စည်းအဖြစ် အသုံးပြုရသော သဘာ၀မြေဩဇာ၊ သီးနှံဘေးထွက်ပစ္စည်းများကို မြေဆွေးရရှိရန် ထုထည်ပစ္စည်း အသုံးပြုသော သဘာ၀မြေဩဇာ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း၊ အမှိုက်သရိုက်များကို မြေဆွေးပမာဏ ရရှိစေရန် ထုထည်ပစ္စည်းအဖြစ် အသုံးပြုသော သဘာ၀မြေဩဇာ၊ မြက်ရိုင်း၊ မှော်၊ ဗေဒါမျာကို မြေဆွေးရရှိစေရန် ထုထည်ပစ္စည်း အဖြစ် အသုံးပြုရသော သဘာ၀မြေဩဇာဟူ၍ အမျိုးမျိုး ထုတ်လုပ်ကြတာ တွေ့ရပါတယ်။ အသုံးပြုသော ထုထည်ပစ္စည်းများကို တစ်နည်းနည်းနဲ့ ဆွေးမြည့်ကြေမွစေပြီး ပင်ကိုယ်ရုပ်သွင်သဏ္ဌာန် ပျောက်သွားပါက သဘာ၀မြေဆွေးစစ်စစ်ဖြစ်သွားပါတယ်။ အော်ဂင်းနစ်မြေဩဇာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အော်ဂင်းနစ်သဘာ၀မြေဩဇာများနဲ့ ဓာတ်မြေဩဇာများကို အချိုးအဆသတ်မှတ်၍ သုံးစွဲလာတာ တွေ့ရပါတယ်။ Semi organic Compound Fertilizer အမျိုးအစား ဖြစ်သွားပါတယ်။
ဒီလို Semi organic Compound Fertilizer များဟာ သီးနှံပင်က လိုအပ်တဲ့ အဓိကဓာတ်၊ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ဆာလ်ဖာဓာတ်များအပြင် မြေဆွေး (HUMAS) ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်တဲ့အတွက် သီးနှံပင်များကို အသုံးပြုတဲ့အခါ သီးနှံပင်က လိုအပ်တဲ့ အဓိကဓာတ်များပါဝင်တဲ့အပြင် မြေဆီလွှာလို မြေဆွေးဓာတ်ကိုလည်း တိုးပွားစေတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးများစေပါ တယ်။ မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီ၀ဂုဏ်သတ္တိများလည်း ဖွံ့ဖြိုးစေပါတယ်။ အစိုဓာတ်ထိန်းသိမ်းကောင်းစေတယ်။ မြေချဉ်ငန်ကိန်းကို သမစေတယ်။ လေဝင်လေထွက်ကောင်းစေတယ်။ သီးနှံပင်ကြီးထွားဖွံ့ဖြိုး ရှင်သန်ပြီး အထွက်ကောင်းစေပါတယ်။
သကြားစက်ကြီးများက ထွက်လာတဲ့ ကြံမြှုပ်ချေး၊ ကြံကြိတ်ဖတ်များကို မြေဆွေးများရရှိရန် ထုထည်ပစ္စည်းအဖြစ် အသုံးချ၍ ကြံမြှုပ်ချေးသဘာ၀မြေဩဇာဟာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းခေတ်က ပမာဏများစွာ ထုတ်လုပ်ရောင်းချခဲ့တဲ့အတွက် လယ်သမားမျက်စိနဲ့မစိမ်းဘဲ အကြိုက်တွေ့ခဲ့ပြီးတဲ့ သဘာ၀မြေဩဇာဖြစ်ပါတယ်။ ကြံမြှုပ်ချေးကို နွားချေး၊ နွားသေး၊ ရေပုပ်အညစ်အကြေးနဲ့ ပက်ဖျန်းပြီး EM ဖျော်ရည်ဖျန်းပြီး ဆွေးမြည့်စေပါတယ်။ အလွှာလိုက် စုပုံပြီး တစ်လွှာစီတွင် ဖွဲနု၊ နုန်းမြေ၊ ထုံး မှုန့်၊ ကျောက်မှုန့်၊ စက်ဖွဲပြာတို့ကို ပါးပါး ရောဖြူးပေးပြီး EM ဖျော်ရည်ဖျန်းပေးပါတယ်။ ဆွေးမြည့်ကြေမွမှုန့်ညက်သွားတဲ့ အချိန်မှာ အမှိုက်များကို ဆန်ကာချ၍ မြေဆွေးမှုန့် ၅၆ ပေါင် (၂၅ ကီလို)တစ်အိတ်မှာ ယူရီးယား ခြောက်ပေါင်၊ တီစူပါ ငါးပေါင်၊ ပိုတက်ရှ် လေးပေါင်၊ ဂျစ်ပဆန် ရှစ်ပေါင်၊ ဇင့်ဆာလ်ဖိတ် နှစ်ပေါင်တို့ထည့်ပြီး သမအောင်မွှေစက်နဲ့ မွှေပြီး ရောစပ်ပေးပါတယ်။ ရောစပ်ပြီး ကြံမြှုပ်ချေး သဘာ၀ကွန်ပေါင်းမြေဩဇာမှာ နိုက်ထရိုဂျင် ၁၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၄ ဒသမ ၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၃ ရာခိုင်နှုန်း၊ ဆာလ်ဖာ သုည ဒသမ ၅ ရာခိုင် နှုန်း၊ ဇင့်(သွပ်) သုည ဒသမ ၂ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၆၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ယခုခေတ်မှာ ကြံမြှုပ်မြေကွန်ပေါင်း သဘာ၀မြေဩဇာကို သပိတ်ကျင်းမြို့နယ်၊ မောင်းကုန်းဒေသမှာ Great Wall Co., Ltd. ပိုင်တဲ့ တစ်နေ့ ကြံတန် ၈၀၀၀ ကျတဲ့ သကြားစက်ကြီးမှာ တွဲလျက် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ရောင်းအားပေါ်မှာ မူတည်ပြီး မြေဩဇာအိတ် (၅၆ ပေါင်) အိတ်ပေါင်း သုံးသိန်းမှ ငါးသိန်းထိ ထုတ် လုပ်မှာ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် ဇန်နဝါရီလ ၁၉ ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ပြီး ဖြစ်ပါတယ်။ အော်ဂင်းနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် တစ်တပ်တစ်အား တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်မှုမှာ အလွန်အားရစရာ။ အခြားနည်းလမ်းနဲ့ စွန့်ပစ်အမှိုက်၊ သီးနှံအလေအလွင့်၊ အမှိုက်၊ မြက်၊ ဒေါင်း၊ ဒိုက်၊ ဗေဒါ စတဲ့ ပစ္စည်းတွေကို မြေဆွေးရရှိရန် ထုထည်ပစ္စည်းအဖြစ် အသုံးပြုပြီး အော်ဂင်းနစ်သဘာ၀ မြေဩဇာ ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေလည်း နေရာအနှံ့မှာ တွေ့မြင်နေရပါတယ်။ (ဥပမာ ညောင်တုန်းမြို့နယ် Supreme Co., Ltd.)
ဘာပဲဖြစ်ဖြစ် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံစိတ်ချရရေးအတွက် Semi organic Compound Fertilizer များဟာ တစ်ထောင့်တစ်နေရာက အားထားစရာ ဖြစ်လာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)
No comments:
Post a Comment