September 28, 2016

စာဖတ်စေချင်သည်

စာရေးသူတို့ မြန်မာနိုင်ငံ၏ လူဦးရေ  (၇၀)ရာခိုင်နှုန်းသော ဘ၀စာမျက်နှာတွေကို  ကြည့်လျှင် ကျောပြင်တစ်ခုလုံး နေလောင် နေသည့် တောင်သူများကို တွေ့ကြရမည်။ အဘိုးက လယ်ပိုင်၊ အဖေက ယာလုပ် သားသမီးတွေ၏ဘ၀အစမှာ တောင်ယာ လုပ်ငန်းတွေနှင့်သာ ကန့်လန့်ကာ ဖွင့်ကြ ရသည်။ တောသူတောင်သားတွေအဖို့ ]အလုပ်မရှိ}ဟူသောနေ့မရှိ။ အရေးကြီး ခြင်းနှင့်အရေးမကြီးခြင်းသာကွာခြားပြီး နေ့စဉ်အလုပ်တွေနှင့် ရင်ဆိုင်နေကြရသည်။ လယ်ထွန်၊ ပေါင်းကောက်၊ ထယ်ထိုး၊ နွားစာရိတ်၊ ပေါင်းသင်၊ ရေလောင်း အစရှိ သည့် အလုပ်တစ်ခုမဟုတ်တစ်ခုကတော့ ရှိသည်။

နေ့စဉ် ဝမ်းရေးအတွက် ဖြေရှင်းနေရင်း က ]ကြီးပွားရေး}ဆိုတဲ့ခေါင်းစဉ်ကြီးကို ဘ၀ရဲ့ခပ်ဝေးဝေးတွင် ထားခဲ့ရသည်။ တစ်ဝမ်းတစ်ခါးအတွက် အလုပ်ဖက်တွင် အားစိုက်နေရင်းက သားသမီးတွေ၏ပညာ ရေးဖက်တွင် ပေါ့လျော့ခဲ့ရသည်။ ပညာရေး အသိစိတ်ဓာတ်ပြင်းထန်သော မိဘတွေ ကတော့ သားသမီးတွေကို မရှိမဲ့ရှိမဲ့ကြားက ပညာရေးလိုက်စားစေခဲ့သည်။ သားသမီး တွေ၏ အနာဂတ်မူလတန်းအစမှာ သာယာ ချောမွေ့ပေမယ့် အလယ်တန်းအဆင့်မှာ ဘရိတ်ဖမ်းစပြုလာခဲ့သည်။
၉တန်း၊ ၁၀တန်းရောက်တော့ အထက် တန်းဆိုတဲ့အသုံးနှုန်းကြီးက အလျင်မီစ စီးပွားရေးတစ်ခုကို တစ်အိအိပဲ့ကျစေခဲ့ သည်။ တောင်သူလုပ်ငန်းတစ်ခု၏ ရင်းနှီး မှု၊ ဆုံးရှုံးပျက်စီးမှု၊ လူမှုရေး၊ ကျန်းမာ ရေးနှင့် အဖက်ဖက်က လောကဝတ္တရား တွေကြားတွင် အိတ်မဖောင်းနိုင်ခဲ့။ အလူး အလဲထရတဲ့ စီးပွားရေးတစ်ခုဟာ လောကဓံရဲ့လှိုင်းထမ်းပိုးအောက်မှာ နလန် ထူရန် ခဲရင်းလှသည်။
အားနည်းသောငွေအင်အားက ပညာ ရေးကို အမီလိုက်ဖို့ အခက်တွေ့စေသည်။ မီးစာကုန်ဆီခမ်းပြီး ရောက်ရာအတန်း ကနေ ပညာရေးကိုလက်ပြနှုတ်ဆက်ကာ လယ်ကွင်းထဲသို့ ပြေးဝင်ကြရသည်။ မျိုးရိုး အသိုင်းဝိုင်းက ပညာရေးချို့တဲ့လွန်းတာ ကြောင့် မြှောက်စားသူမရှိ တိုက်တွန်းသူ မရှိနှင့် သားသမီးတွေ၏ ဘ၀မီးမောင်းတွင် ငယ်ငယ်ရွယ်ရွယ်နဲ့ ငြိမ်းခဲ့ရသည်။
ပညာရေးတိုးလို့တန်းလန်းနှင့် တောင်သူ  လမ်းမှာ မလိုက်ချင်လည်း လိုက်ခဲ့ရသည်။ လုပ်ငန်းရဲ့မကျွမ်းကျင်မှု၊ ဆင်းရဲမှု၊ မောပန်း မှုရဲ့ဒဏ်တွေက စိတ်ကိုပါးစေခဲ့သည်။ လုပ်ရသလောက် ခံစားမှုရလဒ်က နည်းပါး တော့ အလုပ်ကိုအပြစ်တင်လာကြသည်။ တစ်ရွာပြောင်းချင်တာလိုလို နိုင်ငံခြားသွား ချင်တာလိုလိုနဲ့ စိတ်တွေက ဆောက်တည် ရာမရဖြစ်လာကြသည်။ ကိုယ်ပိုင်လုပ်တဲ့ လုပ်ငန်းတွေမှာလည်း အတွေ့အကြုံနည်း တော့ လိမ်ညာမှုတွေ၊ ဆုံးရှုံးမှုတွေရဲ့ဒဏ် ကို ခံကြရသည်။
ဟိုလူပြောတာကောင်းနိုးနိုး ဒီလူပြော တာကောင်းနိုးနိုးနှင့် လုပ်ငန်းတွေက အတည်တကျမရှိဘဲ ခဲမှန်ဖူးတဲ့စာသူငယ် လို လုပ်ငန်းတိုင်းမှာ စိုးရိမ်တဲ့စိတ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာစေ ခဲ့သည်။ အတွေ့အကြုံတွေက ခေါင်းပါး၊ အသိဉာဏ်တွေက နည်းလွန်းတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချရန်လည်း ခဲယဉ်းလာခဲ့ သည်။ အဆင်မပြေတဲ့ စီးပွားရေးတွေက လုပ်သမျှ လုပ်ငန်းတိုင်းမှာ ရေပေါ်အရုပ် ရေးသလို ဖြစ်ခဲ့ရသည်။ ယတြာပဲအမှီပြုရ မလိုလို၊ ဘိုးတော်ပဲအားကိုးရမလိုလိုနဲ့ စိတ်ကူးတွေက လွဲပြီးရင်းလွဲလာခဲ့တော့ သည်။
လျော့ရဲလာတဲ့စီးပွားရေးကြောင့် စိတ် ဖိစီးမှုတွေများကာ အရက်ကို စတင်မိတ်ဖွဲ့ လာခဲ့ကြသည်။ တစ်ခါတစ်ရံ အဆင်ပြေ လို့သောက်သလို အဆင်ပြေမှုမရှိလည်း သောက်တတ်လာကြသည်။ မိုးအေးလို့ သောက်ချင်သလို နေပူရင်လည်းမရှောင်ဘဲ ပုဆိုးစလွယ်သိုင်းတဲ့ဘ၀ကို ရောက်မှန်း မသိရောက်လာခဲ့ကြသည်။ စီးပွားပျက် အရက်သမားဘွဲ့ပိုင်ရှင်တွေ သူတို့ပါးစပ်က အမှန်ဆုံးတရားတွေ ဘယ်လောက်ပဲပြော ပြော ပတ်ဝန်းကျင်က အလေးထားမှုပင် မရှိတော့။ စည်းကမ်းမသိ၊ စနစ်မရှိနဲ့ ကျင့်ဝတ်တွေပျက်ကာ ယဉ်ကျေးမှုတွေ အထိပင် ယိုယွင်းစပြုလာခဲ့သည်။ အမှား အမှန်၊ အကောင်းအဆိုးကို ဦးနှောက်က ခွဲခြားပေးနိုင်စွမ်းမရှိတော့။ လောကရဲ့ လူရာဝင်မှုတွေက အရက်ဆိုင်ရှေ့မှာပင် နိဂုံး ချုပ်သွားကြတော့သည်။
ဒါတွေဟာ ဘာကြောင့်လဲ။ သေချာ တွေးကြည့်လျှင် ငယ်ရွယ်စဉ်က အလိမ္မာ ကင်းမဲ့မှုကြောင့်ပင် ဖြစ်သည်။ သိတတ်မှု၊ နားလည်မှု၊ တွေးစမျှော်မြင်မှု၊ တာဝန်သိမှု နှင့်ဝတ္တရာရှိမှုတွေက အလိမ္မာအောက်တွင် ကြမ်းခင်ကြစမြဲ ဖြစ်သည်။ ဆိုရိုးစကား တစ်ခု ရှိသည်။ ]အလိမ္မာစာမှာရှိ}တဲ့။ ထို ဆိုရိုးအတိုင်း အလိမ္မာသည် အဝေးကြီး မဟုတ် စာထဲမှာပင်ရှိသည်။ အဆိုး အကောင်း၊ အကျိုးအကြောင်း၊ ဖြစ်မှု ပျက်မှုနှင့် အမှားနှင့်အမှန်ကို စာပေက ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည်။
စာပေကိုဖတ်ရှုလေ့လာမှ ဗဟုသုတ တိုးပွားလာမည် ဖြစ်သည်။ ထိုသို့ဗဟုသုတ ဉာဏ်ပညာတွေနှင့်ပြည့်စုံနေမှ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာ ကိုယ့်သာသနာကို ထိန်းသိမ်းစောင့်ရှောက် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်းစာဖတ်ကြရမည်။ စာဖတ်ဖို့ အတွက် စာကြည့်တိုက်ကောင်းကောင်းရှိ ရမည်။ စာကြည့်တိုက်ဆိုတာ ဗဟုသုတ တွေ သိုလှောင်သိမ်းဆည်းရာဘဏ်တိုက် တစ်ခု ဖြစ်သည်။
]]စာကြည့်တိုက်ဟူသည် ဗဟုသုတ ပညာရှာမှီးလိုသူတွေအတွက် အလွယ်ကူဆုံး တက္ကသိုလ် သို့မဟုတ် ပြည်သူလူထု အတွက် အသိဉာဏ်ထုတ်လုပ်ရာ ဉာဏ် အလုပ်ရုံကြီး ဖြစ်သည်}}ဟု ဆရာ ဒေါက်တာစံဝင်း (ချစ်စံဝင်း)က ပြောဖူး သည်။ ကျေးရွာတစ်ရွာတွင် စာကြည့်တိုက် ရှိခြင်းသည် ရွာ၏ကျက်သရေနှင့်ဂုဏ်ရှိန် ကို မြှင့်တင်စေသည်။ စာကြည့်တိုက်မရှိ သောရွာသည် ထမင်းသာစားတတ်ပြီး စကားမပြောတတ်သောပါးစပ်နှင့်တူသည်။
ဂျာနယ်တွေအဖုံဖုံ၊ စာရေးဆရာတွေ အမျိုးမျိုးက စာဖတ်ရှိန်မြှင့်တင်ဖို့ တိုက် တွန်းနေချိန်တွင် တစ်ချို့ကျေးရွာများက စာဖတ်ရှိန်မြှင့်တင်ဖို့နေနေသာသာ စာကြည့် တိုက်ကိုပင် လက်ညှိုးထိုးပြစရာမရှိ။ အုန်းပင်အလက်များက စာပူးတောင်း အသိုက်သာပြစရာရှိသည်။ ထို့ကြောင့် ကိုယ့်ရွာသူကိုယ့်ရွာသား၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာ၊ ကိုယ့်သာ သနာကို ကမ္ဘာနဲ့အညီ ရင်ဘောင်တန်း ချင်ရင်တော့ ဗဟုသုတဉာဏ်ပညာတွေနှင့်  ပြည့်စုံနေမှ ဖြစ်လိမ့်မည်။ ထို့ကြောင့် စာ များများဖတ်ဖို့ တိုက်တွန်းရင်းနှင့် စာကြည့် တိုက်မရှိသေးသောရွာများ စာကြည့်တိုက် ဖွင့်ကြရန်နှင့် ရှိပြီးသားစာကြည့်တိုက်များ ကိုလည်း စနစ်တကျကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ကြရန် အသိပေးရေးလိုက်ရ ပါတော့သည်။


ညီမင်း (လည်ငေါက်)
အတွဲ(၁၃)၊ အမှတ်(၁၈)

Popular Posts