စာရေးသူတို့ မြန်မာလူမျိုးများသည်
ဘာမဆိုနိုင်ငံခြားကိုမှ အထင်ကြီးတတ်ကြပါသည်။ အရာရာနိုင်ငံ ခြားကလာတာကိုမှ တန်ဖိုးကြီးပေးကာ၊
အလေးထားသုံးစွဲလိုကြသည်။ ဂုဏ်ယူဝင့်ကြွားပြုလိုကြသည်။ လူ့အသုံးအဆောင်များဆိုလျှင်လည်း
နိုင်ငံခြားကိုမှ အကောင်းမြင်၊ အထင်ကြီးတတ်ကြပါသည်။ စားဖွယ် သောက်ဖွယ်၊ မုန့်ပဲသရေစာများဆိုလျှင်လည်း
နိုင်ငံခြားမှဟုဆိုကာ စိတ်ဘ၀င်မြင့် အထင်တကြီးဖြင့် အလေးအမြတ်ပြု ပြောစမှတ်ပြုကြပါသည်။
တကယ်တန်းတွင် နိုင်ငံခြားမှလာသော
လူ့အသုံးအဆောင်များနှင့် စားဖွယ်သောက်ဖွယ်မုန့်ပဲသရေစာ များသည် ကြာရှည်ခံရန်အတွက် ဓာတုဗေဒဆေးဝါးများဖြင့်
ဖျော်စပ်ပြုလုပ်ထားခြင်းဖြစ်သည်။ သံပုံး၊ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်များဖြင့် ထည့်ထားကြသည်က
များပါသည်။
ထိုထိုသော မုန့်ပဲသရေစာများကို
နိုင်ငံခြားကလာတဲ့ နိုင်ငံခြားမုန့်ဟုဆိုကာ အထင်တကြီးဖြင့် တန်ဖိုး ထား၊ စားသောက်တတ်ကြပါသည်။
သံပုံးထဲကမုန့်၊ ပလပ်စတစ်ကြွပ်ကြွပ်အိတ်များဖြင့် ထည့်ထားသော မုန့်ဟု ဂုဏ်ယူဝင့်ကြွားစွာ
စားသောက်တတ်ကြပါသည်။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရသောခေတ် ကာလကြီးတွင် နိုင်ငံခြားကဆိုရုံမျှဖြင့်
ဘာကိုမှ အထင်မကြီးသင့်၊ အလေးမထား၊ တန်ဖိုးများ မပေးသင့် ပေ။
နည်းပညာများ တိုးတက်နေသော ခေတ်ကာလကြီးမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ
စစ်တိုက်မှအနိုင်ရသည် မဟုတ်တော့။ နည်းပညာများ၊ အစားအသောက်များဖြင့်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ
အနိုင်ယူနေကြပေပြီ။
ထို့ကြောင့် နိုင်ငံခြားက မြန်မာနိုင်ငံအတွင်းသို့
ဝင်ရောက်လာသော နိုင်ငံခြားမုန့်များဖြင့်လည်း မြန်မာ ပြည်သူလူထုအပေါ် ဝေဒနာရောဂါများ
ခံစားစေခြင်းဖြင့် သေကျေပျက်စီးဆုံးရှုံးမှုများဖြစ်စေ လာနိုင်သည် ကို သတိပြုသင့်လှပေသည်။
တာရှည်ခံရန်၊ ဓာတုဆေးဝါးတစ်ခုခုဖြင့် စီမံပြုလုပ်ထားခြင်းများဖြစ်၍ သတိ ပြုကာ ရှောင်ရှားသင့်ပေသည်။
စိတ်အချရဆုံးမှာ မြန်မာနိုင်ငံဖြစ်
မုန့်ပဲသရေစာများကိုသာ ခုံခုံမင်မင်၊ မြတ်မြတ်နိုးနိုး၊ တန်ဖိုးထား၍ စားသင့်ပါသည်။
မြန်မာ့ရိုးရာ မုန့်ပဲသရေစာများသည် မည် သည့်ဓာတုဆေးဝါးများမှမကူ သဘာဝ အတိုင်း စီမံထုတ်လုပ်ထားသော
မုန့်ပဲသရေစာများဖြစ်ပါသည်။ ဆေးဖက်ဝင်သော သစ်ရွက်များဖြင့် ထုပ်ပိုးပြုလုပ် ထားကြခြင်းဖြစ်ပါသည်။
ငှက်ပျောဖက်၊ အင်ဖက်၊ ဖက်သန်းဖက်၊ ထန်းရွက်စသည့်
သစ်ရွက်များဖြင့်သာ ထုပ်ပိုးပြုလုပ်ထားခြင်း ဖြစ်ပါသည်။
နေ့စဉ် အဓိကအစာဖြစ်သော ထမင်းကိုပင် ကျွန်းဖက်ဖြင့် ထုပ်ပိုး၍ စားကြပါသည်။ လတ်လတ်
ဆတ်ဆတ်၊ သန့်သန့်ရှင်းရှင်းဖြင့် ချက်ချင်းလက်ငင်းစားကြရပါသည်။ သင်းဝါးဖြင့် ပြုလုပ်ထားသော
ကောက်ညှင်းကျည်တောက်မှာလည်း မြန်မာ့ရိုးရာမုန့်ပဲသရေစာပင်ဖြစ်ပါသည်။
မြန်မာ့ရိုးရာမုန့်ပဲသရေစာများဖြစ်သည့်
မုန့်ဖက်ထုပ်၊ မုန့်လက်ကောက်၊ မုန့်ပေါက်ကြော်၊ မုန့်ဆီကြော်၊ ကတိုးခွာကြော်၊ ကောက်ညှင်းထုပ်၊
မုန့်ကျွဲသည်း၊ မုန့်လုံးရေပေါ်၊ မုန့်ဦးနှောက်၊ မုန့်စိမ်းပေါင်းစသည်ဖြင့် စုံလင်စွာရှိပါသည်။
ပလပ်စတစ်ကြွပ်ကြွပ်အိတ်ဖြင့်လည်း မထုပ်ပိုး။ သံပုံးများဖြင့်လည်းမထည့်။ မည်သည့် ဓာတုဗေဒပစ္စည်းများမှလည်း
မပါဝင်၍ ဘေးမများ။ အန္တရာယ်မဖြစ်။ အခုလုပ်အခုစား။ လုံးဝအန္တရာယ် မများတော့ပေ။ နိုင်ငံခြားကလာသော
မုန့်များသည်ကား မြန်မာပြည်သား၊ ကလေးလူငယ်များ အကြိုက် ဖြစ်ရန် ဆေးရောင်အမျိုးမျိုးဖြင့်
စီမံပေါင်းစပ် လုပ်ပြထားသည်။ အရောင်မြင်၍ အများကြိုက်နှစ်သက်ကာ ၀ယ်ယူစားသုံးကြရင်း
ဟိုးတစ်ချိန်တစ်ခါက မကြားဖူးခဲ့သော ကင်ဆာရောဂါများ ဖြစ်ပွားလာနေသည်ကို သတိပြုရမည်ဖြစ်ပါသည်။
နိုင်ငံခြားမုန့်ဟူ၍ တန်ဖိုးကြီးပေး
ဝယ်မစားသင့်။ အလေးမထားသင့်။ ဂုဏ်ယူဝင့်ကြွား မစားသင့်၊ မသောက်သင့်တော့ပေ။ ဗုဒ်္ဓဘုရားရှင်လက်ထက်
၉၆ ပါးသောရောဂါဝေဒနာသာ ကြားသိခဲ့ရဖူးပါသည်။ ယခုအခါမှာကား နိုင်ငံခြားကလာသမျှသော မုန့်ပဲသရေစာအမျိုးမျိုးကို
တန်ဖိုးကြီးပေး ၀ယ်ယူစားသောက် အားပေးနေမှုကြောင့် ရောဂါဝေဒနာမျိုး တစ်ရာကျော်အထိရှိလာနေပါသည်။
မည်သို့ပင်ဖြစ်စေ ကျန်းမာ ရေးအတွက် ရတက်အေးစေရန် မြန်မာ့ရိုးရာမုန့်ပဲ သရေစာစားသုံးခြင်းဖြင့်သာ စေတနာကောင်းဖြင့် ရေးသားရပါသတည်း။
အတွဲ(၁၃)၊ အမှတ်(၁၅)