November 3, 2020

ဘဲတို့၏ သဘာဝနှင့် မွေးမြူထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများ

နေဝင်းလွင် (မွေး/ကု)

        ဘဲများအား လွန်ခဲ့သော နှစ်ထောင်ပေါင်းအနည်းငယ်က အိမ်မွေးတိရစ္ဆာန်အဖြစ် ဥရောပတိုက်တွင် ရောမလူမျိုးတို့မှလည်းကောင်း၊ အာရှတိုက်တွင် မလေးလူမျိုးများကလည်းကောင်း မွေးမြူခဲ့ကြပါသည်။ ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့၏ ၂ဝ၁၄ ခုနှစ်စာရင်းများအရ ကမ္ဘာပေါ်တွင် အသားစားအဖြစ် ဘဲများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင်၍ အများဆုံးမွေးမြူခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများမှ အများဆုံးမွေးမြူကြပါသည်။ အိန္ဒိယနိုင်ငံတွင်မူ ဒေသခံတိုင်းရင်းဘဲ မျိုးများအား ၉ဝ ရာခိုင်နှုန်းအထိ မွေးမြူကြကြောင်း သိရှိရပါသည်။

ဓာတ်ပုံ - metdna-ssl

        ဘဲမွေးမြူရေးအား အခြားသော အိမ်မွေးတိရစ္ဆာန်မွေးမြူရေးများနှင့် နှိုင်းယှဉ်ကြည့်ပါက မွေးမြူသူအတွက် အကျိုးဖြစ်ထွန်းစေသည့်အချက်များစွာရှိကြောင်း တွေ့ရှိရပါသည်။ ဘဲများအား တခြားသော အိမ်မွေးတိရစ္ဆာန်များအတွက် မွေးမြူရန်မသင့်တော်သော စွတ်စိုသည့် ရွှံ့တောဗွက်တောများတွင် မွေးမြူနိုင်ခြင်း၊ ဘဲစာများအနေဖြင့် အင်းဆက်ပိုးမွှားများ၊ ပိုးကောင်များ၊ ခရု၊ ပက်ကျိများ၊ စားကြွင်းစားကျန်များအား စားသောက်၍ နေထိုင်ခြင်း၊ ရောဂါဖြစ်ပွားမှုဒဏ်အား ကြက်များထက် ပို၍ခံနိုင်ရည်ရှိခြင်း၊ ဘဲမွေးမြူရေးတွင် ဘဲများအား လိုအပ်သည့်ဂရုစိုက်ရမှုမှာ ကြက်များထက် လျော့နည်းခြင်း၊ ဘဲများသည် ကြက်များထက် ဥသက်တမ်းကြာရှည်ခြင်း၊ ဘဲဥများသည် ကြက်ဥများထက် အလေးချိန်ပိုများခြင်း၊ ဘက်စုံမွေးမြူရေးများဖြစ်သည့် ဘဲနှင့်ငါး တွဲဖက်မွေးမြူခြင်း၊ ဘဲနှင့်စပါး တွဲဖက်မွေးမြူခြင်းများအား ပြုလုပ်နိုင်သည်ကို တွေ့ရပါသည်။ ထို့ပြင် ဘဲများ မွေးမြူထားခြင်းဖြင့် ဘဲများမှ ပေါင်းပင်ရှင်းသည့်လုပ်ငန်းနှင့် သီးနှံပင်ဖျက်ပိုးမွှားများအား ဖျက်ဆီး၍ ထိန်းချုပ်နိုင်ခြင်း၊ ဘဲချေးများမှ အပင်များအတွက် မြေသြဇာအဖြစ် အသုံးဝင်သည့်အကျိုးများလည်း ရရှိနိုင်ပါသည်။

        ထို့ပြင် ဘဲများသည် ဉာဏ်ထက်မြက်သောသတ္တဝါများဖြစ်၍ ရေကန်များ၊ ရေအိုင်များသို့ သွားရောက်မှုအား လေ့ကျင့်ပေးနိုင်သကဲ့သို့ မိမိတို့ဘာသာ ထိန်းကျောင်းသူမပါဘဲ ဘဲတဲများဆီသို့ ပြန်လာတတ်သည်ကိုတွေ့ရပါသည်။ မွေးမြူဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဘဲဥတစ်လုံး၏ အလေးချိန်မှာ ၁၅ ဂရမ်မှ ၂ဝ ဂရမ်ခန့်အထိ အလေးချိန်စီး၏။ ဘဲတို့၏ သက်တမ်းမှာ ပျမ်းမျှ အသက် ၁ဝ နှစ်အထိ အသက်ရှင်သန်နိုင်၏။ ဥဥနိုင်သည့်သက်တမ်းမှာ ၄င်းတို့၏ အသက် လေးနှစ်အရွယ်အထိ ဖြစ်ပါသည်။ ဘဲများ ဥစတင်ဥသည့်အသက်အရွယ်အနေဖြင့် အသက် ၁၆ ပတ်ဖြစ်၍ ၄င်းတို့၏ အသားအား စားသုံးနိုင်သည့်အရွယ်မှာ အသက် ၁ဝ ပတ်ခန့်တွင် ဖြစ်ပါသည်။ ဘဲမများအနေဖြင့် ပျမ်းမျှတစ်နှစ်လျှင် ဥလုံးရေပေါင်း ၁၈ဝ မှ ၂ဝဝ ခန့်အထိ ဥဥနိုင်ပါသည်။ 

        ဘဲများအား အကောင်ဖောက်ရန်အတွက် မျိုးဘဲဥများ ရရှိနိုင်ရန် ဘဲထီးတစ်ကောင်လျှင် ဘဲမငါးကောင်နှုန်းဖြင့် အတူထား၍ သားစပ်နိုင်ပြီး အတူထား၍ တစ်ပတ်ခန့်အကြာတွင် မျိုးဘဲဥများအား ဥဖောက်ရန်အတွက် စုဆောင်းနိုင်ပါသည်။ 

        ဘဲမွေးမြူရေးတွင် အဓိကလိုအပ်သည့်ပစ္စည်းမှာ ရေဖြစ်ပါသည်။ ဘဲများသည် ၄င်းတို့၏ မျက်လုံးများ၊ နှုတ်သီးများ၊ ဦးခေါင်းများအား သန့်ရှင်းရေးပြုလုပ်ရန် ရေလိုအပ်၍ ၄င်းတို့၏ ဦးခေါင်းမြုပ်နိုင်သည့်အနက်ရှိသည့် ရေကန်ငယ်လေးများပြုလုပ်ပေးရန် လိုအပ်ပါသည်။ အရေးကြီးသည့် တခြားအချက်တစ်ခုအနေဖြင့် ဘဲများအား ဖမ်းဆီးရာတွင် အတောင်များ၊ ခြေချောင်းများအား ဆုပ်ကိုင်၍ဖမ်းဆီးခြင်းအား ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ဘဲများအား အကောင်းဆုံးဖမ်းဆီးရမည့်နည်းလမ်းမှာ ၄င်းတို့၏ လည်ပင်းအရင်းမှ ခိုင်မြဲစွာနှင့် ညင်သာစွာ ဆုပ်ကိုင်၍ ဖမ်းဆီးရမည်ဖြစ်ပါသည်။

        ဘဲများတွင် ကျန်းမာသန်စွမ်းသည့်လက္ခဏာများအနေဖြင့် တောက်ပသည့်မျက်လုံးများ၊ ကောင်းမွန်သည့်ကိုယ်ခန္ဓာ အနေအထား၊ သန့်ရှင်းကျန်းမာသည့် အရေပြားနှင့် ပုံစံကျသည့်ခြေထောက်ရိုးနှင့် ခြေချောင်းများရှိခြင်းတို့ဖြစ်ပါသည်။ ထို့ပြင် ၄င်းတို့အား နှောင့်ယှက်မှုပြုလုပ်လိုက်ပါက အင်အားရှိသည့် လှုပ်ရှားမှုနှင့် သန်မြန်စွာ လမ်းလျှောက်ခြင်းတို့အား တွေ့ရသည်။ အစာစားရာတွင်လည်းကောင်း၊ ရေသောက်ရာတွင်လည်းကောင်း တက်ကြွစွာ စားသောက်သည်ကို တွေ့ရှိရပါသည်။

        မကျန်းမာသည့် ဘဲတစ်ကောင်၏ သဏ္ဌာန်လက္ခဏာအနေဖြင့် ပထမဦးစွာ တွေ့ရတတ်သည့်လက္ခဏာမှာ ဦးခေါင်းမှာ ကိုယ်အတွင်းသို့ ပုဝင်နေခြင်း၊ ခန္ဓာကိုယ်သည် ကွေး၍ တုန်နေတတ်ခြင်း၊ မျက်ခွံများ အိကျနေခြင်း၊ ဦးခေါင်းဖောရောင်နေခြင်း၊ ကိုယ်ပေါ်ရှိ အမွှေးအတောင်များခတ်ခြင်းတို့အား မပြုလုပ်သည်ကို တွေ့ရပါသည်။

        တစ်နိုင်ဘဲမွေးမြူရေးသည် ကျေးလက်နေ တောင်သူဦးကြီးများအတွက် အကျိုးသက်ရောက်မှုအရှိဆုံး မွေးမြူရေးတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ ဘဲတို့၏ ပင်ကိုယ်သဘာဝနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုများအားသိရှိနိုင်ပါရန် စုစည်းရးသားတင်ပြလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၂)

No comments:

Popular Posts